ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ တရုတ် မြန်မာနယ်စပ်ရှိ မူဆယ်လေဆိပ်ဟောင်းကို အဆင့်မြှင့်ပြင်ဆင်မှုများ ပြုလုပ်ရန် ယခင် အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြေးများက အဆိုပြုလာသည်ကို လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ငြင်းပယ်ခဲ့ကြောင်း အဆိုပါ ဌာန၏ဒုတိယညွှန်ကြားရေးမှူးချုပ် က ဧရာဝတီသို့ သြဂုတ်လ ၃၁ ရက်နေ့တွင် ပြောသည်။
အောက်တိုဘာလ ၂၇ ရက်နေ့တွင် ဦးကျော်နေဝင်း နှင့် ဦးဇွဲနေဝင်းတို့ ပိုင်ဆိုင်သည့် The Omni Focus Co. Ltd က ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နှင့် ဝန်ကြီးများ အပါအဝင် ရှမ်းပြည်နယ် အစိုးရအဖွဲ့သို့ မူဆယ်မြို့ရှိ လေဆိပ်ကို ပြုပြင်ပြောင်းလဲရေးအတွက် ကနဦး အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။
The Omni Focus Co. Ltd သည် များသောအားဖြင့် ဟိုတယ်များ၊ ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်း စသည့် စီးပွားရေးလုပ်ငန်းများဆောင်ရွက်နေသော လုပ်ငန်းစုလည်းဖြစ်သည်။
“ကျနော်တို့ အဆိုပြုစာ ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီစီမံကိန်းက မဖြစ်နိုင်ဘူးဆိုတာ သူတို့ကို အသိပေးပြီးပါပြီ” ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းအောင် ကပြောသည်။
ရှမ်းပြည်နယ် အစိုးရ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်ကလည်း ယခုအချိန်အထိ သဘောတူညီချက် သို့မဟုတ် ဆုံးဖြတ်ချက်မပြုလုပ်ရသေးကြောင်း ပြောသည်။
“ဒီ လေဆိပ်စီမံကိန်းက အရင်အစိုးရလက်ထက်ကထဲက လုပ်ကိုင်ချင်သူတွေအများအပြား ရှိနေတာပါ။ ကျနော်တို့ ရှမ်းပြည်နယ် အစိုးရအနေနဲ့ ကိုယ်တိုင် ဆုံးဖြတ်လို့ မရပါဘူး။ ခွင့်ပြုချက်ချပေးဖို့ဆိုတာ က ပြည်ထောင်စု အစိုးရရဲ့ တာဝန် ဖြစ်ပါတယ်” ဟု သူက ဧရာဝတီသို့ပြောသည်။
လက်ရှိတွင် တရုတ်-မြန်မာနယ်စပ်တွင် တည်ရှိသော မူဆယ်မြို့သည် မြန်မာနိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ရေး စခန်းများထဲမှ တခု ဖြစ်လာခဲ့သည်။ မူဆယ်လေဆိပ်ကို အဆင့်မြှင့်တင်မှု ပြုလုပ်ရန် ဆွေးနွေးမှုများ ပြုလုပ်နေသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး လေဆိပ်ကို အသုံးမပြုနိုင်သည်မှာလည်း ကြာမြင့်နေပြီ ဖြစ်သည်။
တရုတ်-မြန်မာနယ်စပ်တွင် တည်ရှိနေခြင်းကြောင့် စီမံကိန်းအတွက် စစ်ရေးနှင့် လုံခြုံရေးကိစ္စများကိုလည်း ထည့်သွင်း စဉ်းစားရန် လိုအပ်သည်ဟု ဦးစိုးညွန့်လွင်ကပြောသည်။ “လေဆိပ် အဆင့်မြှင့်တင်ရေး စီမံကိန်းအတွက် တပ်မတော်ရဲ့ သဘောတူညီချက် လိုအပ်ပါလိမ့်မယ်။ ဒါကြောင့် နှောင့်နှေးနေခဲ့တာ ဖြစ်ပါတယ်” ဟုလည်း သူက ခန့်မှန်းသည်။
မှတ်ချက်တောင်းခံရန် အတွက် ဧရာဝတီက ဦးဇွဲနေဝင်းကို ဆက်သွယ်သော်လည်း မရခဲ့ပါ။
မူဆယ်တွင် လေဆိပ်သစ်တည်ဆောက်ရေးအတွက် Omni Focus Co.Ltd အပြင် ယခင် ရှမ်းပြည်နယ် အစိုးရ အဖွဲ့ဝင် ဝန်ကြီးဟောင်း ဦးစိုင်းအိုက်ပေါင်း ပိုင်ဆိုင်သည့် ရှမ်းရွှေပြည်ကုမ္ပဏီ၊ ဦးတေဇပိုင် Htoo Co. Ltd. နှင့် New Star Light Co. Ltd. တို့လည်း လျှောက်ထားခဲ့သည်ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ကိုယ်စားလှယ်များ ၏ အဆိုအရ သိရသည်။
စီမံကိန်း လုပ်ကိုင်ခွင့်ရရန် Omni Focus Co. Ltd က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရသစ် လက်ထက်တွင် လျှောက်ထားခဲ့ ခြင်းဖြစ်ပြီး ကျန် ကုမ္ပဏီ ၃ ခုက ယခင် အစိုးရလက်ထက်တွင် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။
အောက်တိုဘာ ၂၇ ရက်နေ့က ရှမ်းပြည်နယ် အစိုးရနှင့် တွေ့ဆုံရှင်းလင်းသည့်အချိန်တွင် Omni Focus Co. Ltd က ရှမ်း ပြည်နယ် ကျေးလက်ဒေသများ အတွက် နေရောင်ခြည်စွမ်းအင် စီမံကိန်းများကို လည်း တင်ပြခဲ့သည် ဟု သိရသော်လည်း အသေးစိတ်ကို ယခုအချိန်အထိ မသိရသေးပါ။
အကယ်၍ Omni Focus Co. Ltd က နေရောင်ခြည်စွမ်းအင် စီမံကိန်း အတွက် အဆိုပြုလွှာတင်သွင်းရန် အသင့် ဖြစ်နေပြီဆိုလျှင် ရှမ်းပြည်နယ်အစိုးရကလည်း လက်ခံကြိုဆိုသွားမည်ဟု ဦးစိုးညွန့်လွင်က ပြောသည်။
“နေရောင်ခြည် စွမ်းအင် စီမံကိန်းအတွက်ကတော့ green energy ဖြစ်တဲ့ အတွက် ကျနော်တို့ အစိုးရအနေ နဲ့ ငြင်းပယ် စရာ မရှိပါဘူး။ သူတို့ (Omni Focus Co. Ltd) မှ မဟုတ်ပါဘူး။ ဒီလို ရင်းနှီးမြှုပ်နှံမှုမျိုး ကိုလုပ်မယ် ဆိုရင် ဘယ်ကုမ္ပဏီ ကို မဆို ကျနော်တို့က ခွင့်ပြုပေးဖို့ အဆင်သင့်ပါ” ဟု ဦးစိုးညွန့်လွင်ကပြောသည်။