အောက်တိုဘာလ ၃၁ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သော ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးတွင် သမ္မတ ဦးထင်ကျော်က မြန်မာနိုင်ငံ ဘဏ္ဍာရေးကဏ္ဍအတွက် စိန်ခေါ်မှုများကို ပြောကြားခဲ့ပြီး ပြုပြင်ပြောင်းလဲရေး အတွက် ပြင်ဆင်မှုများကိုလည်း ကြေညာခဲ့သည်။
ပြီးခဲ့သည့် ဧပြီလတွင် အမျိုသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်သော အစိုးရသစ်က တာဝန်ယူသည့် အချိန်တွင် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွက် ခန့်မှန်းဘတ်ဂျက်နှင့် ပြည်ထောင်စုဘတ်ဂျက် ဥပဒေတို့ကို ပြင်ဆင်ခဲ့သည်။ ပြည်ထောင်စု ဝန်ကြီးဌာနများတွင်လည်း ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲများရှိခဲ့ခြင်းကြောင့် သုံးစွဲမှု အပြောင်းအလဲများ ရှိခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
“နိုင်ငံတော်အနေဖြင့် ငွေရေးကြေးရေး နယ်ပယ်တွင် ပြုပြင်ပြောင်းလဲမှုများ တိုးမြှင့်ဆောင်ရွက်ရန် ပြင်ဆင်နေပြီဖြစ်ပါကြောင်း” သမ္မတက ပြောကြားခဲ့သည်ဟု အစိုးရပိုင် Global New Light of Myanmar သတင်းစာတွင် နိုဝင်ဘာလ ၁ ရက် နေ့က ဖော်ပြခဲ့သည်။
ထိုကော်မရှင်အစည်းအဝေးတွင် သမ္မတ ဦးထင်ကျော်က ပြည်ထောင်စုအစိုးရအဖွဲနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ အနေဖြင့် ဘဏ္ဍာရေးကော်မရှင်က ထောက်ခံ တင်ပြခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် အတွက် နောက်ထပ် ခွဲဝေပေးသည့် ဘဏ္ဍာငွေများကို နိုင်ငံတော်နှင့် ပြည်သူအတွက် အကျိုးရှိ ထိရောက်အောင် စီမံခန့်ခွဲသုံးစွဲကြရန် ပြောကြားခဲ့သည်။
ဘတ်ဂျက်နှင့် ပတ်သက်၍ ပြန်လည်ပြင်ဆင်ခဲ့ရခြင်းများကြောင့် အစိုးရ၏ငွေလုံးငွေရင်း အသုံးစရိတ်များ အပြောင်းအလဲ ရှိနိုင်ခြင်းအပေါ် စောင့်ဆိုင်းသုံးစွဲရသည့်အတွက် ပြည်တွင်းဈေးကွက်အပေါ် သက်ရောက်မှုအချို့ရှိခဲ့သည်ဟုလည်း သူကပြော သည်။
အစိုးရ အနေဖြင့် အသေးစား နှင့်အလတ်စား စက်မှုလုပ်ငန်းများ၊ စီးပွားရေး လုပ်ငန်းများအတွက် ငွေကြေးထောက်ပံ့မှု တိုးမြှင့်ရရှိရန်ဆောင်ရွက်နေကြောင်းလည်း သမ္မတဦးထင်ကျော်က ပြောသည်။ စီးပွားရေး နှေးကွေးကြပ်တည်းနေသည့် အချိန်တွင် ဘဏ္ဍာငွေများကို သုံးစွဲရာတွင် စိစိစစ်စစ်၊ အကျိုးရှိရှိ သုံးစွဲကြရန်လည်း သူက တောင်းဆိုခဲ့သည်။
မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) ၏ ဒုတိယ ဥက္ကဌ ဒေါက်တာ မောင်မောင် လေး က ဧပြီလမှ စတင်၍စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခဲ့သည့်အတွက် အစိုးရ အနေဖြင့် ဘဏ္ဍာရေး ကဏ္ဍပြုပြင် ပြောင်းလဲရေးကို တတ်နိုင်သမျှ အမြန်ဆုံး အကောင်အထည်ဖော်သင့်ကြောင်း ဧရာဝတီသို့ ပြောသည်။
“အခုဆိုရင် အစိုးရက စီးပွားရေးတိုးတက်မှု နှေးကွေးနေတာကို အသိအမှတ်ပြုလိုက်ပြီဖြစ်တဲ့ အတွက် သူတို့ အနေနဲ့ နောက်လာမယ့်နှစ်တွေမှာတွေ့နိုင်မယ့် အခက်အခဲတွေအတွက် ပြင်ဆင်ထားနိုင်ပါပြီ” ဟု သူကပြောသည်။
“တိုင်းပြည်ရဲ့ စီးပွားရေးတိုးတက်မှုနဲ့ ပတ်သက်လို့ နိုင်ငံတကာ အဖွဲ့အစည်းတချို့က အကောင်းမြင်ထားကြပေမယ့် အစိုး ရ အနေနဲ့ ဒီနှစ်အတွင်း စီးပွားရေးမှာ ဖြစ်ခဲ့တာတွေကနေ တဆင့် နောက်နှစ်မှာ ပိုကောင်းလာအောင် ပြင်ဆင်ထားဖို့လိုပါပြီ” ဟု ဒေါက်တာ မောင်မောင်လေးက ပြောသည်။
တိုင်းပြည်အတွက် အဓိက ပြဿနာမှာ တရားမဝင် ကုန်သွယ်ရေး တိုးတက်လာမှု ဖြစ်ပြီး အစိုးရကသာ တရားမဝင် ကုန် သွယ် ရေးတိုးတက်မှုကိုတားဆီးနိုင်ခြင်း မရှိခဲ့လျှင် ကုန်သွယ်ရေး လိုငွေပြမှုတိုးလာမည် ဖြစ်သလို ငွေကြေးဖောင်းပွမှု လည်း တိုးတက်လာပြီး စီးပွားရေးတိုးတက်မှုလည်းရပ်တန့်သွားစေမည်ဟု ဒေါက်တာမောင်မောင်လေးက ပြောသည်။
စီးပွားရေး ပညာရှင် ဒေါက်တာ အောင်ကိုကိုကလည်း UMFCCI ဥက္ကဌ ဒေါက်တာ မောင်မောင်လေးနှင့် အမြင်ချင်းတူညီ သည်။ အစိုးရက ဘဏ္ဍာရေးကဏ္ဍပြုပြင်ပြောင်းလဲရေးကို ချက်ချင်း အကောင်အထည်မဖော်နိုင်ခဲ့လျှင် ကုန်သွယ်ရေး လို ငွေပြမှု၊ ကျပ်ငွေတန်ဘိုးကျဆင်းခြင်း၊ GDP နှင့်ငွေကြေးဖောင်းပွမှု များအပေါ် ဆိုးကျိုးသက်ရောက်မှုများ ဖြစ်လာလိမ့်မည်ဟု သူက ဧရာဝတီသို့ ပြောသည်။
အစိုးရ အပြောင်းအလဲမှ စိန်ခေါ်မှုများက စီးပွားရေး အခြေအနေများကို ကြိုတင်ခန့်မှန်းရခက်ခဲစေခဲ့သည်။ သို့သော်လည်း နောက်နှစ်တွင် ဘတ်ဂျက်အသစ်၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်များ၊ စီးပွားရေး မူဝါဒသစ်များ အကောင်အထည်ဖော်ခြင်းများ ကို မြင်တွေ့ရလိမ့်မည်ဟု ဒေါက်တာ အောင်ကိုကိုကထပ်ပြောသည်။
၂၀၁၆ – ၁၇ ဘဏ္ဍာရေး နှစ်အတွင်းတွင် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှု က ၇.၈ ရာခိုင်နှုန်း ရှိပြီး ငွေကြေးဖောင်းပွမှုက ၈.၅ ရာခိုင်နှုန်း ရှိလိမ့်မည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။