စီးပွားရေး

ဝင်းသူဇာ ဆိုင်များကို အသွင်သစ်ဖြင့် ပြန်လည် ဖွင့်လှစ်ရန် စက်မှု ဝန်ကြီးဌာန ပြင်ဆင်

Want create site? Find Free WordPress Themes and plugins.

စက်မှု ဝန်ကြီးဌာနမှ ထုတ်ကုန်များ ဖြစ်သည့် ဆေးဝါးများ၊ ကြွေထည်မြေထည်များ၊ လယ်ယာသုံး ပစ္စည်းများ၊ အဝတ်အထည် စသည့် ပြည်တွင်းဖြစ် ထုတ်ကုန်များကို ပြည်တွင်းဈေးကွက်သို့ တနိုင်ငံလုံးရှိ ဝင်းသူဇာ ဆိုင်ပေါင်း ၁၀ဝ ခန့်တွင် ရောင်းချနေရာမှ နောက်ပိုင်းတွင် စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း၊ အောက်ခြေတွင် အဂတိ လိုက်စားမှုများ ရှိခြင်းတို့ကြောင့် မအောင်မြင်ခဲ့ရသည့် ယင်းအရောင်းဆိုင်များကို အသွင်သစ်ဖြင့် ပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေကြောင်း စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဧရာဝတီသို့ ပြောသည်။

“ပုဂ္ဂလိက မီနီမတ်တွေမှာ ကွန်ပြူတာ စနစ်နဲ့ ရောင်းနေချိန်မှာ ကျနော်တို့ မလုပ်နိုင်တော့ ပစ္စည်းက အလေအလွင့်တွေ ဖြစ်တယ်။ ဝန်ထမ်းတွေမှာလည်း လိုအပ်ချက်တွေ ရှိတယ်။ အခုနောက်ပိုင်း ပြန်ဖွင့်မယ့် ဆိုင်တွေမှာတော့ သေသေချာချာ ပြင်ဆင်မှု လုပ်ထားတယ်” ဟု အမှတ် ၃ အကြီးစား စက်မှုလုပ်ငန်းမှ ဦးဆောင် ညွှန်ကြာရေးမှူး ဒေါက်တာ မြင့်နိုင်က ဧရာဝတီသို့ ပြောသည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့ရှိ ယခင် ဝင်းသူဇာ အရောင်းဆိုင်များတွင် စက်မှု ဝန်ကြီးဌာနမှ ပစ္စည်းများကို ပြန်လည် ရောင်းချရန် ပြင်ဆင်နေကြောင်း၊ ယင်းဆိုင်များသည် လက်လီ၊ လက်က္ကား ရောင်းချနိုင်သည့် ဈေးဝယ် စင်တာကြီးတခု ဖြစ်လာမည်ဖြစ်ပြီး ထိုနေရာမှ တဆင့် တနိုင်ငံလုံးသို့ ဖြန့်ဖြူးပေးမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ အချိန်တွင် ဝင်းသူဇာ အမည်ဖြင့် ဆိုင်အားလုံးကို ပိတ်ထားပြီး ပြန်လည် ဖွင့်လှစ်ရာတွင်လည်း ဝင်းသူဇာဆိုသည့် အမည်ကို လုံးဝ သုံးစွဲတော့မည် မဟုတ်ဟု စက်မှုဝန်ကြီးဌာန၊ စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက ပြောသည်။

“အဲဒီအချိန်တုန်း ဝင်းသူဇာက ရောင်းတဲ့ Product တွေကို စားသုံးသူတွေက နှစ်သစ်တယ်။ ဝယ်ကြတယ်။ ဒါပေမယ့် တုံ့ပြန်မှုကျတော့ အဲဒီမှာ တာဝန်ပေးထားတဲ့ ဝန်ထမ်းတွေက ပြောချင်သလို ပြောတယ်။ သူတို့အချင်းချင်း စကားပြောနေတယ်။ ပြီးရင်လည်း မရှိဘူးလို့ ပြောတယ်။ အဓိက မအောင်မြင်တဲ့ အကြောင်းရင်းကတော့ Service ညံခဲ့လို့ပါ” ဟု ဒေါ်အေးအေးဝင်းက ပြောသည်။

သူက ဆက်၍ “ပြန်ဖွင့်မယ့်ဆိုင်တွေကို ဝင်းသူဇာ နာမည်နဲ့တော့ မဟုတ်တော့ဘူး။ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်တို့မှာ ဖွင့်မယ်။ ဖွင့်ပြီးတာတွေ ရှိတယ်။ မြောက်ဥက္ကလာမှာ ရှိတယ်။ အောင်လံမှာလည်း ရှိနေပြီ။ အကုန်လုံးမှာ ပြန်ဖွင့်နိုင်ဖို့ကတော့ အချိန်ယူရဦး မှာပါ” ဟု ပြောသည်။

နေပြည်တော် စက်မှု ဝန်ကြီးဌာနအနီးတွင် ဖွင့်လှစ်ထားသည့် ယခင် ဝင်းသူဇာ အရောင်းဆိုင်ကိုမူ စက်မှုဝန်ကြီးဌာန အရောင်းဆိုင် အမည်ဖြင့် ပြန်လည် ဖွင့်လှစ်ထားသည်ကို တွေ့ရှိခဲ့ရသည်။

ထို့ပြင် ဝင်းသူဇာ အရောင်းဆိုင် အများစုကို ပုဂ္ဂလိကသို့ လက်လွှဲ ငှားရမ်းထားပြီး အမြင့်ဆုံး ငှားရမ်းခများ ရရှိခဲ့ကြောင်း၊ အဆင်မပြေသဖြင့် ပြန်လည် အပ်နှံမှုများလည်း ရှိကြောင်း စက်မှု ဝန်ကြီးဌာနမှ သိရသည်။

ယခင်က နိုင်ငံရေး အခြေအနေအရ ကိုယ့်နိုင်ငံတွင် ထုတ်လုပ်သည့် ပစ္စည်းများကို ပြည်ပသို့ တင်ပို့နိုင်ခြင်း မရှိသလို ပြည်တွင်းတွင်လည်း အောင်မြင်မှုရအောင် ရောင်းချနိုင်ခဲ့ခြင်း မရှိကြောင်း၊ ထို့ကြောင့် ယခုအခါတွင် နိုင်ငံပိုင် ကဏ္ဍကို လျော့ချ၍ ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း စက်မှု ဝန်ကြီးဌာနမှ ဒေါက်တာ မြင့်နိုင်က ပြောသည်။

“အခုလုပ်မှာက PPP မော်ဒယ်။ ဆိုလိုတာက နိုင်ငံပိုင် စက်ရုံကြီးတခုကို တန်ဖိုးတခု သတ်မှတ်ပြီးတော့ အတိုးနှုန်း သက်သက်သာသာနဲ့ World Bank, IMF တို့ကနေ ပိုက်ဆံချေးပြီးတော့ လုပ်မယ်။ နိုင်ငံတော်ငွေကို လုံးဝ မထည့်တော့ဘူး။ ပုဂ္ဂလိက က အဆင်သင့် မဖြစ်သေးခင်မှာ အစိုးရက ရာခိုင်နှုန်းတခု ယူထားမယ်။ တကယ် လုပ်ချင်တဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ရှာမယ်။ အဲဒီလိုမျိုး လူကလည်း ရှားတယ်။ တကယ် နားမလည်ဘဲ အကျိုးအမြတ် ရှာချင်တဲ့ ခရိုနီတွေ လက်ထဲကို ရောက်သွားမှာလည်း ကြောက်တယ်” ဟု သူက ပြောသည်။

စက်မှု ဝန်ကြီးဌာနနှင့် ပူးပေါင်းလုပ်ကိုင်သည့် ပုဂ္ဂလိက လုပ်ငန်းရှင်များ အနေဖြင့် သက်သာသော ဘဏ်အတိုးနှုန်းရရှိမည် ဖြစ်သဖြင့် အိတ်စိုက်လုပ်ရန်ပင် မလိုဘဲ လုပ်ငန်းကို အောင်မြင်အောင် လုပ်မည်ဆိုသည့် ရည်ရွယ်ချက် ရှိရန်သာ လိုအပ်ကြောင်း စက်မှု ဝန်ကြီးဌာနမှ ဒေါက်တာ မြင့်နိုင်က ပြောသည်။

မြန်မာနိုင်ငံတွင် လယ်ယာသုံး စက်ပစ္စည်းများစွာ လိုအပ်နေပြီး လယ်သမားများအတွက် တကယ်အကျိုးရှိနိုင်သော Value added စက်ပစ္စည်းများ ထုတ်နိုင်ရန် လိုအပ်ကြောင်း၊ သိန်း ၁၀ဝ၀ ခန့် ကုန်ကျနိုင်သော နိုင်ငံခြားမှ တင်သွင်းမည့် စက်ပစ္စည်းတခုကို ပြည်တွင်းတွင် သိန်း ၂၀ဝ ဖြင့် ထုတ်လုပ်နိုင်ကြောင်းလည်း ဒေါ်အေးအေးဝင်းက ပြောသည်။

“အရှုံးပေါ်ခဲ့တာတွေကလည်း အကြောင်းအမျိုးမျိုးတွေ ရှိခဲ့ပါတယ်။ အခုနောက်ပိုင်းမှာတော့ Marketing တွေကိုလည်း Training တွေ ပေးထားပြီ။ စိတ်ရှည်ရှည်နဲ့ လုပ်ရမှာပဲ။ မပြင်လို့တော့ မရဘူး။ အခုချက်ချင်း လုပ်လို့ မရနိုင်ပေမယ့် အချိန်တခု ယူခဲ့ရင်တော့ ပြန်ဖြစ်လာမှာပါ” ဟု ဒေါ်အေးအေးဝင်းက ဆက်ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading