စပါးဈေးနှုန်းတွေ သိသိသာသာ ကျဆင်းနေတဲ့အတွက် မြန်မာနိုင်ငံရဲ့ စပါးကျီလို့ တင်စားခေါ်ဝေါ်ကြတဲ့ ဧရာဝတီ တိုင်းဒေသကြီးမှာရှိတဲ့ သိန်းနဲ့ချီတဲ့ မိုးစပါးစိုက် လယ်သမားတွေ စိတ်ဓာတ်ကျနေကြပါတယ်။
အကြမ်းစပါးတွေဖြစ်တဲ့ မနောသုခ၊ ဆင်းသုခ၊ မျိုးပွား စတဲ့စပါးတွေဟာ မနှစ်ကဆိုရင် တင်း ၁၀ဝ ကို ၆ သိန်းကနေ ၇ သိန်းနီးပါး အထိ ပေါက်ဈေးရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ တင်း ၁၀ဝ ကို ၃ သိန်း ၅ သောင်းကနေ ၄ သိန်း ဈေးနှုန်း ဝန်းကျင်သာ ပေါက်ဈေးရှိပါတယ်။ ဒါကြောင့် စပါးဈေးနှုန်းက မနှစ်ကထက် အနည်းဆုံး ၂ သိန်းကနေ ၂ သိန်းခွဲအထိ ဈေးကျနေတာ ဖြစ်ပါတယ်။
“ဒီနှစ်ကတော့ ကိုယ့်ငွေနဲ့ ကိုယ်လုပ်တဲ့ လယ်သမားဆိုရင် ကံကောင်းရင် အရင်းရမယ်။ သူများငွေနဲ့ ချေးငှားလုပ်တဲ့ လယ်သမားဆိုရင်တော့ လက်ရှိ စပါးပေါက်ဈေးနဲ့ဆိုရင် ရှုံးဖို့ သေချာသွားပြီ” လို့ ဧရာဝတီတိုင်း ဒေသကြီး ကန်ကြီးထောင့်မြို့နယ်၊ သရက်ကွင်း ရေကျော်ကြီး ကျေးရွာက လယ်သမား ဦးကျော်မိုးခိုင်က ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ဆန်တွေ အဓိက တင်ပို့ရောင်းချတဲ့ တရုတ်နိုင်ငံက ယခုနှစ် ဧပြီလကစပြီး မြန်မာ့ဆန်ကို ဝယ်ယူမှု လျော့ကျလာတဲ့ အတွက် အကြမ်းစပါးဈေးနှုန်းဟာ ပြီးခဲ့တဲ့ ၅ လအတွင်း တင်း ၁၀ဝ ကို ၅ သိန်းဝန်းကျင် ဈေးနှုန်းမှာပဲ ပေါက်ဈေးရှိနေခဲ့ပါတယ်။
သီတင်းကျွတ် ကာလရောက်လို့ စပါးအသစ်ပေါ်ချိန်မှာတော့ တရုတ်နိုင်ငံကို တင်ပို့မှု လျော့ကျလာတာ၊ တရုတ်ကို တရားမဝင် ဝင်ရောက်နေတဲ့ ဆန်တွေကို ဖမ်းဆီးနေတာ၊ ပြည်တွင်းမှာ ဆန်နဲ့ စပါးအဟောင်းတွေ လက်ကျန်များနေတာ၊ စပါးတွေ မိုးမိပြီး အစိုဓာတ်များတာတွေကြောင့် အကြမ်းစပါးဈေးနှုန်းဟာ ၃ သိန်း ၅ သောင်းဝန်းကျင်အထိ ကျဆင်းသွားခဲ့တာ ဖြစ်တယ်လို့ ဆန်ကုန်သည်တွေက ပြောပါတယ်။
“တရုတ်ဝယ်လက်က ပိတ်ထားတာ ၅ လလောက် ဖြစ်နေပြီ။ ပြည်တွင်း ဈေးကွက်ကလည်း ဖြုန်းအားမရှိဘူး။ အကြမ်းစပါး လက်ကျန်ကလည်း တအားများနေတယ်။ အဲတော့ အခုလို စပါးအသစ်လည်းပေါ်ရော ဝယ်လိုအားနည်းပြီး ဈေးကျတော့တာ” လို့ ပုသိမ်မြို့က ဆန်ကုန်သည် ဦးအောင်ကြည်က ပြောပါတယ်။
လယ် ၁ ဧက စိုက်ပျိုးဖို့ အသုံးပြုရတဲ့ မျိုးစပါး၊ ဒီဇယ်ဆီ၊ ဓာတ်မြေသြဇာ၊ ကောက်စိုက် ပျိုးနုတ် အလုပ်သမားခ စတဲ့ သွင်းအားစုတွေရဲ့ ကုန်ကျစားရိတ်ဟာ အနည်းဆုံး ၂ သိန်းခန့် ရှိပါတယ်။ ဧရာဝတီတိုင်းက လယ်တွေဟာ မိုးစပါးဆိုရင် လယ် ၁ ဧကကို စပါးတင်း ၆၀ ကနေ ၇၀ နှုန်းသာ ပျမ်းမျှ ထွက်လေ့ရှိတဲ့အတွက် စပါးရောင်းလို့ ပြန်ရမယ့် ငွေနဲ့ စပါးစိုက်လို့ ကုန်ကျတဲ့ငွေဟာ အတူတူနီးပါး ဖြစ်နေတယ်လို့ လယ်သမားတွေက ပြောပါတယ်။
“လယ် ၁ ဧကကို စိုက်စရိတ်က ၂ သိန်းလောက် ကုန်တယ်။ အခုစပါးဈေးနဲ့ဆိုရင် အရင်းပဲ ပြန်ရမယ်။ ကိုယ့်ငွေနဲ့ ကိုယ်လုပ်တဲ့ လယ်သမားအတွက်က ဘာမှ မဖြစ်ပေမယ့် လယ်သမားအများစုက သူများဆီက အတိုးနဲ့ ချေးငှားလုပ်ထားကြတော့ ဒီဈေးနှုန်းနဲ့ဆိုရင် ရှုံးဖို့က သေချာသလောက် ဖြစ်နေပြီ” လို့ ကန်ကြီးထောင့် မြို့နယ်က လယ်သမား ဦးဌေးဝင်းက ပြောပါတယ်။
ဧရာဝတီတိုင်းမှာ မိုးစပါးစိုက်ဧက ၃ ဒသမ ၂ သန်းကျော် ရှိပြီး သိန်းနဲ့ချီတဲ့ လယ်သမားတွေဟာ စပါးဈေးကျလို့ စိတ်ညစ်နေကြတဲ့အပြင် စပါးရိတ်သိမ်းချိန်မှာ အချိန်အခါမဟုတ် မိုးဆက်တိုက် ရွာသွန်းနေလို့ ဧရာဝတီတိုင်း တခုလုံးမှာ စပါးတွေ မိုးမိပျက်စီးတာတွေ၊ စပါးခင်းတွေ ရေမြုပ်ပျက်စီးတာတွေ ဖြစ်ပေါ်နေပါတယ်။
“စပါးတွေက မှည့်နေပြီ။ မရိတ်လို့လည်း မရတော့ဘူး။ အဲဒီတော့ ခဏလောက် နေသာတုန်းလေး ဆင်းရိတ်တယ်။ ကောက်လှိုင်းတွေကို အမိုးအောက် မပို့နိုင်သေးခင် မိုးရွာချတော့ စပါးတွေအကုန် မိုးမိကုန်ရော။ တချို့စပါးခင်းတွေလည်း မိုးများတော့ ပြိုလဲကျ၊ ရေမြုပ်ပြီး လယ်ကွင်းထဲမှာတင် အပင်တွေ ပြန်ပေါက် ကုန်တယ်။ ဒီနှစ်လယ်လုပ်ရတာ အတော် စိတ်ပျက်ဖို့ကောင်းတယ်” လို့ အင်္ဂပူမြို့နယ်က လယ်သမား ဦးဝင်းနိုင်က ပြောပြပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ ထိခိုက်ပျက်စီးမှုက လယ်စိုက်ပြီးလို့ ရိတ်သိမ်းချိန်မှာ ပျက်စီးမှု ဖြစ်ပါတယ်။ အဲဒီမတိုင်ခင် ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ရေကြီးနစ်မြုပ်မှု ကာလအတွင်းက ဧရာဝတီတိုင်းက လယ်သမား ၆ သောင်းကျော် စိုက်ပျိုးထားတဲ့ လယ်ဧက ၃ သိန်း ၂ သောင်းကျော် ရေမြုပ်ခဲ့ပြီး အဲဒီအထဲကမှ ဧက ၂ သိန်း ၂ သောင်းကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
ပျက်စီးမှုက ဒီမှာတင် မရပ်တန့်သေးပါဘူး။ ရေမြုပ်လို့ မသေဘဲ ကျန်နေတဲ့ ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြခရိုင် အတွင်းက မြို့နယ်တွေမှာ စပါးဖျက်ပိုးတွေ ကျရောက်လို့ လယ်ဧက ထောင်နဲ့ချီ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
“ကျနော်တို့ မိသားစုပိုင် လယ်ဧက ၆၀ ရှိရာမှာ ဧက ၃၀ ကျော် ရေမြုပ်ပြီး ပျက်တယ်။ ဧက ၂၀ လောက်က ရေပြန်ပေါ်ပြီးမှ ပိုးကျလို့ စပါးတစိမှမရဘဲ ကုန်သွားတယ်။ ရေမမြုပ်ဘဲ ကျန်တဲ့လယ် ၈ ဧကရှိတာ စပါးလေးများ ရမလား မျှော်လင့်ထားတာ ရိတ်ချိန်ကျတော့ မိုးမိပြီး ပျက်စီးပြန်ရော။ ကျနော်တို့ လယ်သမားတွေ ကပ်ဆိုက်သလို ဖြစ်နေတယ်” လို့ ရေကြည်မြို့နယ်၊ မရင်းကူးကျေးရွာက လယ်သမား ဦးအောင်မျိုးဝင်းက ပြောပြပါတယ်။
ရေမြုပ်တဲ့ စပါးခင်းတွေဟာ အထွက်နှုန်း ကျဆင်းသွားသလို မိုးမိထားတဲ့ စပါးတွေဟာလည်း စိုထိုင်းမှုများတဲ့ အတွက် ကြိတ်ခွဲလိုက်ရင် ကျိုးကြေသွားပြီး ဆန်ကောင်း မရတာကြောင့် ဆန်စက်တွေက ဝယ်ယူဖို့ လက်တွန့် ကြပါတယ်။ ဝယ်ပြန်ရင်လည်း ပေါက်ဈေးထက် ဈေးနှိမ်ပြီးမှ ဝယ်လေ့ရှိကြတယ်လို့ သိရပါတယ်။
ဧရာဝတီ တိုင်းဒေသကြီး အစိုးရအနေနဲ့ ရေမြုပ်ပျက်စီးလယ်တွေ ပြန်စိုက်ဖို့ မြို့နယ်တချို့မှာ မျိုးစပါး ထုတ်ပေးတာ၊ စပါးဖျက်ပိုး ကာကွယ်နှိမ်နင်းဖို့ အသိပညာပေးတာ တချို့ ရှိခဲ့ပေမယ့် စပါးခင်းတွေ ပျက်စီးဆုံးရှုံးခဲ့တဲ့ လယ်သမား အများစုကို ထိရောက်စွာ ကူညီဆောင်ရွက်ပေးတာ မတွေ့ရဘူးလို့ ပုသိမ်မြို့အခြေစိုက် လယ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။
လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို မှီခိုနေရတဲ့လူပေါင်း ၄ သန်းကျော်ရှိနေတဲ့ ဧရာဝတီတိုင်းက လယ်သမား မိသားစုတွေ အတွက်တော့ ဒီနှစ် စပါးစိုက်ရာသီမှာ လယ်တွေက ရေမြုပ်၊ စပါးဖျက်ပိုးကကျ၊ စပါးရိတ်ချိန် မိုးမိလို့ ထိခိုက်ပျက်စီးမှု များတဲ့အပြင် ရိတ်သိမ်းပြီးလို့ လက်ထဲရောက်လာတဲ့ စပါးကလည်း အလွန်အမင်း ဈေးကျ ဆင်းမှုနဲ့ ကြုံတွေ့နေရတဲ့ အတွက် ၂၀၁၆ ခုနှစ်ဟာ လယ်သမားတွေအတွက် ကံဆိုးတဲ့နှစ်လို့တောင် ပြောဆိုနေကြပါတယ်။
သမ္မတဦးထင်ကျော် ဦးဆောင်တဲ့ အစိုးရအနေနဲ့ စပါးဈေးကျဆင်းမှုကို ထိန်းသိမ်းပေးနိုင်ဖို့အတွက် စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီးတို့ ပူးပေါင်းပြီး အခြေခံ ဈေးနှုန်းတခုနဲ့ စပါးဝယ်ယူပေးဖို့ ပြင်ဆင်နေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒု ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။
“နိုင်ငံတော်အနေနဲ့ တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်မြှင့်တင်ရေး ဥပဒေအရ ဖွဲ့စည်းထားတဲ့ ကော်မတီ အဆင့်ဆင့်ကနေ အခြေခံဈေးနှုန်းနဲ့ စပါးဝယ်ပေးဖို့ ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။ နိုင်ငံတော်က ဈေးနှုန်းတခုနဲ့ ဝယ်ပေးလိုက်ရင် ဝယ်လိုအားပြန်တက်လာပြီး ဈေးနှုန်းအမြင့်တခုတော့ ပြန်ဖြစ်လာမယ် ထင်ပါတယ်” လို့ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။
အစိုးရအနေနဲ့ စပါးဝယ်ပေးတာက ယာယီကုထုံးနဲ့ ကုစားတာသာဖြစ်ပြီး လယ်သမားတို့အတွက် ရေရှည် အာမခံချက်ရှိတဲ့ အစီအမံတွေ ချမှတ်ပေးဖို့ လိုအပ်နေတယ်လို့ ဧရာဝတီ လူမှုဖွံဖြိုးတိုးတက်ရေးအဖွဲ့ (ASDO) ဒါရိုက်တာ ဦးပြည့်ဖြိုးအောင်က ထောက်ပြပြောဆိုပါတယ်။
“စပါးဈေးကျနေလို့ စပါးဝယ်တာက အစိုးရအနေနဲ့ ယာယီကုထုံးနဲ့ ကုစားတာသာ ဖြစ်တယ်။ သူတို့ ဘယ်လောက်အထိ ဝယ်ပေးနိုင်မလဲ။ ရေမြုပ်လို့ ပိုးကျလို့ ပျက်စီးဆုံးရှုံးခဲ့သူတွေ အတွက်ရော စပါးဝယ်ပေးရုံနဲ့ အဆင်ပြေပါ့မလား။ မပြေနိုင်ပါဘူး။ အစိုးရအနေနဲ့ လယ်သမားတွေအတွက် ရေရှည် အာမခံချက်ရှိတဲ့ မူဝါဒမျိုးတွေ ချမှတ်ဖော်ဆောင်ပေးဖို့ လိုနေပါတယ်” လို့ သူက ပြောပါတယ်။
သဘာဝဘေးဒဏ် ခံရချိန်မှာ တောင်သူလယ်သမားတွေကို အစိုးရအနေနဲ့ ကူညီကာကွယ်ပေးရမယ့် အချက်တွေကို တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်မြှင့်တင်ရေး ဥပဒေမှာ တိကျစွာ ထည့်သွင်းရေးဆွဲ ပြဋ္ဌာန်းပေးဖို့၊ လယ်တွေ ထိခိုက်ပျက်စီးချိန်မှာ အစိုးရအနေနဲ့ မူဝါဒအတိုင်း အလျင်အမြန် တုန့်ပြန်ဆောင်ရွက်ဖို့၊ ဒါ့အပြင် စပါးဈေးကွက် အာမခံချက် ရှိဖို့အတွက် အစိုးရက တာဝန်ယူဆောင်ရွက်ပေးဖို့ လိုအပ်နေတယ်လို့ ဦးပြည့်ဖြိုးအောင်က ထောက်ပြပါတယ်။
စပါးခင်းတွေပျက်၊ စပါးဈေးတွေ ကျနေတဲ့အတွက် လယ်သမားတွေ လတ်တလော စိတ်အပူဆုံး ကိစ္စကတော့ မြန်မာ့လယ်ယာ စိုက်ပျိုးရေးဘဏ်ဆီကနေ ၁ ဧကကို ၁ သိန်း ၅ သောင်းနှုန်းနဲ့ ချေးယူထားတဲ့ စိုက်ပျိုးစရိတ် ချေးငွေတွေ ပြန်ဆပ်ဖို့ကိစ္စ ဖြစ်နေပါတယ်။
“စပါးခင်းတွေက ရေမြုပ်လို့ပျက်စီး၊ ပိုးကျလို့ ပျက်စီး၊ မိုးမိလို့ ပျက်စီးတာတွေ ဖြစ်ကုန်တော့ လယ်သမားတွေမှာ စိုက်ဘဏ် ချေးငွေဆပ်ဖို့ အတော်ကို စိတ်ပူနေကြပြီ။ ချေးငွေနဲ့ စပါးစိုက်ပြီး ဒီစပါးပေါ်မှ ပြန်ဆပ်ရမှာကို စပါးက လုံးဝမှမရဘဲ အကုန်ပျက်စီးကုန်တော့ လယ်သမားတွေမှာ ချေးငွေဆပ်ဖို့ရော၊ မိသားစု စားဝတ်နေရေးရော အတော်လေး ဒုက္ခတွေ့နေကြတယ်” လို့ ရေကြည်မြို့နယ်က လယ်သမား ဦးအောင်မျိုးဝင်းက ပြောပါတယ်။
ဧရာဝတီ တိုင်းဒေသကြီး မြန်မာ့လယ်ယာ စိုက်ပျိုးရေးဘဏ်ကနေ ၂၀၁၆ မိုးစပါး စိုက်ပျိုးရာသီအတွက်
တိုင်းအတွင်းက လယ်ဧကပေါင်း ၃၂ သိန်း ၅ သောင်းကျော်အတွက် ၁ ဧကကို ၁ သိန်း ၅ သောင်းကျပ်နှုန်းနဲ့ ကျပ်ငွေ ၃၉၀ ဘီလီယံကျော် (ကျပ်သန်းပေါင်း ၃ သိန်း ၉ သောင်းကျော်) လယ်သမားတွေကို ထုတ်ချေး ထားကြောင်း သိရပါတယ်။
ရေမြုပ်လို့၊ ပိုးကျလို့ လယ်ယာမြေတွေ ပျက်စီးကြောင်း သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ မြို့နယ် စိုက်ပျိုးရေး ဌာန၊ မြေစာရင်းနဲ့ လယ်ယာမြေ စီမံခန့်ခွဲရေးဌာနတို့က ထောက်ခံပေးရင် စိုက်ဘဏ်ချေးငွေ ပြန်ဆပ်ဖို့ အချိန်ကို နောက်ဆုတ်ပေးမယ်လို့ ဧရာဝတီ တိုင်းဒေသကြီး မြန်မာ့လယ်ယာ စိုက်ပျိုးရေးဘဏ် မန်နေဂျာ ဦးသန်းဌေးအောင်က ပြောပါတယ်။
“မကာကွယ် မတားဆီးနိုင်တဲ့ သဘာဝ ဘေးအန္တရာယ်ကြောင့် စပါးခင်းတွေ ထိခိုက်ပျက်စီးတယ်ဆိုရင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ဦးဆောင်ပြီး သက်ဆိုင်ရာမြို့နယ် စိုက်ပျိုးရေးဌာနနဲ့ မြေစာရင်းဌာနကို တင်ပြပါ။ မြေစာရင်းနဲ့ စိုက်ပျိုးရေးဌာနက မှန်ကန်ကြောင်း ထောက်ခံချက် ပေးတယ်ဆိုရင် စိုက်ဘဏ်ချေးငွေ ပြန်ဆပ်ဖို့အချိန် နောက်ဆုတ်ပေးတာမျိုးတွေ လုပ်ဆောင်ပေးသွားဖို့ ရှိပါတယ်” လို့ သူက ပြောပါတယ်။
ဧရာဝတီတိုင်းက လယ်သမားတွေကတော့ လက်ရှိ စိုက်ပျိုးပြီးစီးခဲ့တဲ့ မိုးစပါးရာသီမှာ အဆင်မပြေမှုတွေ အခက်အခဲတွေ အများကြီး ကြုံတွေ့ခဲ့ရတဲ့အတွက် ဆောင်းစပါး ဆက်လက် စိုက်ပျိုးချိန်မှာ ရာသီဥတု ဖျက်မလား၊ ဈေးတွေ ထပ်ကျဦးမလား စသဖြင့် စိုးရိမ်မှုတွေ ရှိနေပါတယ်။