စီးပွားရေး

ရင်မအေးရတဲ့ မြစ်ဆုံအရေး

Want create site? Find Free WordPress Themes and plugins.

လာမယ့် နိုဝင်ဘာလ ၁၁ ရက်နေ့မှာ  ဧရာဝတီ၊ မြစ်ဆုံ၊ မြစ်ညာ၊  မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းများ လေ့လာ စိစစ်ရေး ကော်မရှင်ရဲ့အစီရင်ခံစာ ထွက်ပေါ်လာပါတော့မယ်။ အစီရင်ခံစာ မထွက်လာမီ သိသာမြင်သာတဲ့ လှုပ်ရှားမှုတ ရပ်ကတော့  မြန်မာအစိမ်းရောင်ကွန်ရက်က ကြီးမှူးပြီး လုပ်ဆောင်နေတဲ့ မြစ်ဆုံဆည် ဆန့်ကျင်ရေး လူထုလုပ်ရှားမှုတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ နေ့ကစ ပြီး ၃၁နေ့ အထိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြုလုပ်ခဲ့တဲ့ ဒီလူထုလှုပ်ရှားမှုကို သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတွေ၊ ဥပဒေပညာရှင်တွေ၊ စာပေအနုပညာသမားတွေ၊ သတင်းမီဒီယာတွေ အများအပြားတက်ရောက်ခဲ့ကြပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့တရုတ်ခရီးစဉ်မတိုင်မီ လှုပ်လှုပ်ရှားရှား ဖြစ်လာပြီး ပြန် လည် ငြိမ်သက်သွားခဲ့တဲ့ ဧရာဝတီမြစ်ဆုံအရေးဟာ ယခုတဖန် တက်တက်ကြွကြွ လှုပ်ရှားလာတယ်လို့ပြောရပါလိမ့် မယ်။

မြစ်ဆုံအရေးဟာ အစိုးရသစ်အနေနဲ့ ကိုင်တွယ်ဖြေရှင်းရခက်ခဲတဲ့ ကိစ္စတခုဖြစ်နေသလို လူထုကလည်း အစိုးရဘယ်လို များ ဖြေရှင်းမလဲဆိုတာကို စောင့်ကြည့်နေတာဖြစ်တဲ့ အတွက် လူထုလှုပ်ရှားမှုကြောင့် မြစ်ဆုံအရေးကို ဝေဖန်သုံးသပ်တာတွေ လည်း အမျိုးမျိုးထွက်ပေါ်လာပြန်ပါတယ်။

မြစ်ဆုံစီမံကိန်းဟာ ပဏာမ ရင်းနှီးမြုပ်နှံမှုက အမေရိကန်ဒေါ်လာ ၃ ဒဿမ ၆ ဘီလျံ (သန်းပေါင်း ၃၆၀၀) ရှိမယ်လို့ ခန့် မှန်းထားတဲ့စီမံကိန်းဖြစ်သလို တရုတ်အစိုးရပိုင် CPI ( China Power Investment) ရဲ့ ရှယ်ယာ ၈၀ရာနှုန်း၊ MOEP1 ( Ministry of Electric Power-1) ရဲ့ ရှယ်ယာ၁၅ ရာနှုန်း နဲ့  Asia World Company ရဲ့ပိုင်ဆိုင်မှု  ၅ ရာနှုန်းစီ အချိုးကျ ခွဲ ဝေထားတဲ့ စီမံကိန်းတခုလည်းဖြစ်ပါတယ်။

မြစ်ဆုံဆည်ကို တည်ဆောက်တဲ့အတွက် ဘယ်လိုအကျိုးအမြတ်တွေရှိမလဲ။ စီးပွားရေးအရ အကျိုးအမြတ်ရခဲ့ရင်တောင် အခြားစိန်ခေါ်မှုတွေ မရှိနိုင်ဘူးလား။ နိုင်ငံရေးအရ ဖိအားတွေ၊ ခြိမ်းခြောက်ခံရမှုတွေ မရှိနိုင်ဘူးလားဆိုတာက အဓိက စဉ်း စားစရာတွေပါ။

စီးပွားရေးအကျိုးအမြတ်

အစိုးရသစ် တက်လာပြီး မကြာခင် ကြေးမုံသတင်းစာက “ မြစ်ဆုံဆည် စီမံကိန်း၏ ရွေးချယ်ရမည့် စတုတ္ထနည်းလမ်း” ဆို တဲ့ ခေါင်းစဉ်နဲ့အယ်ဒီတာ့အာဘော်ကို ဖော်ပြခဲ့ပါတယ်။ အဲဒီအာဘော်မှာ “စီမံကိန်းကို လက်ခံရင် မြန်မာနိုင်ငံက အမေရိ ကန် ဒေါ်လာ သန်း ၅၀၀ ရမယ်။ လက်မခံရင် သန်း ၈၀၀ လျော်ရမယ်။ ဆိုင်းငံ့ရင် တနှစ်ကို သန်း ၅၀လျော်ကြေးပေးရ မယ်”လို့ တောင်းဆိုထားတဲ့အကြောင်း အာဘော်မှာ ဖော်ပြထားပါတယ်။

လက်ခံရင် သန်း ၅၀၀ ရနိုင်တယ်ဆိုတဲ့ အချက်က မက်လုံးတခုလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် စီးပွားပညာရှင်တွေကတော့ ဒီလို ရမယ့် သန်း ၅၀၀ ဆိုတာ ဆည်ဆောက်ပြီး အမြတ်ရမှ မြန်မာက ရမယ့်ငွေဖြစ်တဲ့ အကြောင်း ထောက်ပြကြ ပါတယ်။

“ယေဘုယျအားဖြင့် ဆည်ကြီးတွေ ဆောက်တာဟာ မြတ်လေ့ မရှိဘူး။ ဘာကြောင့်လဲဆိုတော့ ၂ချက်ပဲ ရှိတယ်။ တချက်က Overrun လို့ခေါ်တဲ့ ဆည်တွေဆောက်ရင် မူလ သတ်မှတ်ထားတဲ့ အချိန်ထက် ပိုကြာတတ်တာ၊ နောက်တခု Slippage လို့ခေါ်တဲ့  အချိန်ဆန့်ထွက်သွားတာ။  ဥပမာ ၆နှစ်နဲ့ ပြီးမယ်ဆိုပြီး တွက်ထားပေမယ့် ၆နှစ်နဲ့မပြီးဘူး။ အမြဲတမ်း ဒါထက် ပိုကြာတယ်။ ဒါကြောင့် အမြတ်ရာခိုင်နှုန်းက နည်းပါတယ်”လို့  Eco-Dev ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးဝင်းမျိုးသူက ပြော ပါတယ်။

စီးပွားရေးပညာရှင်အချို့ကလည်း ဘယ်လို စီမံကိန်းကြီးတွေမဆို သူ့ရဲ အမြတ်ပြန်ရနိုင်တဲ့ကာလ (Return on Investment) က အနည်းဆုံး ၈နှစ်နဲ့ အများဆုံး  ၁၅ နှစ် လောက်လို့ မှန်းဆတွက်လေ့ရှိတဲ့အကြောင်း၊ အခု မြစ်ဆုံကိစ္စမှာ (ROI) ကို နှစ် ၄၀နဲ့ တွက်ထားတဲ့အတွက် အမြတ် မရမချင်း မြန်မာပြည်က အခွန်ရမယ်ဆိုတာ မဖြစ်နိုင်တဲ့အကြောင်း သုံးသပ်ကြ ပါတယ်။

ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့ ကမ္ဘာလုံးဆိုင်ရာလေ့လာချက် ( Global Study) မှာလည်း  ဒီလိုဆည်ကြီးတွေရဲ့တနှစ် အမြတ် ရာခိုင်နှုန်းဟာ ၄ ရာခိုင်နှုန်းနဲ့ ၅ ရာခိုင်နှုန်း ကြားမှာပဲ ရှိတဲ့အကြောင်း ဖော်ပြထားပါတယ်။

“ဒါက သူတို့ သိပါတယ်။ တရုတ်နိုင်ငံမှာ တည်ဆောက်ထားတဲ့ မြစ်ကျဉ်းသုံးသွယ် စီမံကိန်း (Three Gorges Dam ) မှာ တုန်းကလည်း  ၉ဘီလျံ လောက် ကုန်မယ်မှန်းခဲ့တာ၊ တကယ်ကုန်တာ ၂၇ ဘီလျံကုန်တယ်။ ၃ဆ တက်သွားတယ်။ လုပ်ရင်း လုပ်ရင်းနဲ့ကျမှ Technical Problem တွေ၊ အခြား အမျိုးမျိုးတွေ ပြဿနာတွေ ပေါ်လာတတ်တယ်။ ဒါကြောင့် ခန့်မှန်းတာ ထက် ပိုကြာလေ့ရှိတယ်”လို့ ဦးဝင်းမျိုးသူက ပြောပြပါတယ်။

ကမ္ဘာ့ဆည်ပေါင်း ၂၄၀ ကျော်ကို လေ့လာထားတဲ့ Oxford Said business School ရဲ့လေ့လာချက်ထဲမှာတော့  ဆည်ကြီး တွေရဲ့ အမြတ်ပြန်ရမှုက ထင်သလောက် မဟုတ်တဲ့အကြောင်းနဲ့ ဥပမာ ထိုင်းနိုင်ငံရဲ့ အကြီးဆုံးဆည် ဖြစ်တဲ့ ပက်ဘန်း ဆည် (Pak Beng Dam) ရဲ့ ပြန်ရတဲ့ စီးပွားရေးအမြတ်ဟာ (Economic Rate of return) ဟာ တကယ်မှန်းတုန်းကတော့ ၁၂ ရာခိုင်နှုန်း ဖြစ်ပေမယ့် လက်တွေ့မှာ ၄ ရာခိုင်နှုန်း ဝန်းကျင်သာရှိတဲ့ အကြောင်း ဖော်ပြထားပါတယ်။

အလားတူ  မဲခေါင်မြစ်ကို ပိတ်ဆောက်နေတဲ့ လာအိုနိုင်ငံက နပ်ပတမ်တူ ( Nam Theun 2 Dam) ဆည်ဟာလည်း world clasic လို့ ပြောလို့ရပါတယ်။ အဲဒီဆည်ကလည်း တွက်တဲ့အတိုင်း အမြတ်ရလား ဆိုတော့ ပြောဖို့စောနေသေးတယ်လို့ ထောက်ပြထားပါတယ်။

မြစ်ဆုံကိစ္စနဲ့ ပတ်သက်ရင် စာချုပ်ထဲမှာ ဘယ်လိုအချက်တွေ ပါတယ်ဆိုတာ မသိရဘူးဆိုပြီး အစိုးရကရော၊ NGO တွေက ရော၊ ဥပဒေပညာရှင်တွေကပါ ပြောလေ့ရှိပါတယ်။

စာချုပ်တွေမှာ (Force Majeure) ဆိုတဲ့ အချက်ပါလေ့ရှိသလို လက်ရှိစာချုပ်မှာသာ ဒီအချက်ပါရင် ဖြေရှင်းတဲ့နေရာမှာ ကိုယ့်ဘက်က အားသာချက်ရှိ တယ်လို့  ဦးဝင်းမျိုးသူက ဆိုပါတယ်။ ဒါပေမယ့်လည်း တရုတ်နိုင်ငံနဲ့ ပတ်သက်ရင် ဥပဒေ စိုးမိုးမှု ရှိအောင်လုပ်ဖို့ဆိုတာ မလွယ်ကူသလို အနိုင်အရှုံးဆိုတာကို အင်အားနဲ့ဆုံးဖြတ်တတ်တယ်လို့ သူက သုံး သပ်ပါတယ်။

ပထဝီနိုင်ငံရေးနဲ့ အမျိုးသားနိုင်ငံရေး

မြစ်ဆုံပြဿနာကို ပထဝီနိုင်ငံရေး ရှုထောင့်က ကြည့်တာ ပိုပြီးလက်တွေ့ကျတယ်လို့ နိုင်ငံရေးသုတေသီ ဦးမင်းဇင်က ဆိုပါ တယ်။ ပထဝီနိုင်ငံရေးသဘောအရ  မြန်မာနိုင်ငံဟာ တည်ငြိမ်တဲ့ နိုင်ငံမဟုတ်သလို လူဦးရေသဘောအရ ကြည့်မယ်ဆို ရင်လည်း တိုင်းရင်းသားလူမျိုးတွေ ကွဲပြားနေပြီး ပဋိပက္ခတွေ ဖြစ်နေတဲ့ နိုင်ငံလို့သူက သုံးသပ်တာပါ။

“တရုတ်က အင်အားကြီးနိုင်ငံ (grate power) ဖြစ်လာတဲ့အခါမှာ သူ့အိမ်နီးချင်းနိုင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံလို နိုင်ငံမျိုး ကျတော့ အဲဒီ အင်အားကြီးနိုင်ငံရဲ့ အာဏာစစ်နဲ့ သြဇာကို ပြန်ပြီး အန်တုနိုင်လောက်အောင် ကျနော်တို့မှာ နိုင်ငံရေးအရ၊ စစ်ရေးအရ အားမကောင်းဘူး။ ဒါက မြန်မာနိုင်ငံအတွက် ကြီးမားတဲ့ပြဿနာတခု” လို့ ဦးမင်းဇင်က ပြောပါတယ်။

အလားတူပဲ မြစ်ဆုံနဲ့ ပတ်သက်ရင် မြန်မာအမျိုးသားရေးစိတ်ဓာတ်၊ ကချင်အမျိုးသားရေးစိတ်ဓာတ်၊ တရုတ်အမျိုးသားရေး စိတ်ဓာတ်တွေ မြင်ရတဲ့အကြောင်းလည်း သူက သုံးသပ်ပါတယ်။

“မြစ်ဆုံကို ပြန်လက်ခံလိုက်မယ်ဆိုရင် တိုင်းရင်းသားတွေဘက်က ဘာဖြစ်သွားမှာလဲဆိုတော့၊ မထူးပါဘူးကွာ၊ စစ်တပ် ဗမာပဲဖြစ်ဖြစ်၊ ဒီမိုကရေစီ ဗမာပဲဖြစ်ဖြစ် သူတို့ အာဏာရရင်၊ သူတို့ အပေါ်စီးရရင် ငါတို့ကို နှိပ်စက်တာပဲဆိုတဲ့ အမြင်အား ကောင်းလာနိုင်ပါတယ်” လို့ ဦးမင်းဇင်က ပြောပါတယ်။

မြစ်ဆုံစီမံကိန်းဟာ ကစားပွဲတခုလား

မြစ်ဆုံနဲ့ပတ်သက်ရင် နောက်ထပ်မတူတဲ့ အမြင်တမျိုးလည်းရှိနေပါတယ်။ အဲဒါက တရုတ်အစိုးရဘက်က မြစ်ဆုံစီမံကိန်း ကို ဆက်လုပ်ချင်တဲ့အနေအထားရှိသေးရဲ့လားဆိုတာ မသေချာတဲ့ အကြောင်း၊ မြစ်ဆုံကိစ္စကို နိုင်ဖဲတချပ်လို ကိုင်ထားပြီး နိုင်ငံ ရေးအရ ကစားနေတာမျိုးလို့ မြင်တဲ့ အကြောင်း၊ မြစ်ဆုံစီမံကိန်းအစား အခြားတစ်ခုခုနဲ့ အစားထိုး တောင်းနိုင်တဲ့ အ ကြောင်း စာရေးဆရာ ဒေါက်တာခင်မောင်ညိုက သုံးသပ်ပါတယ်။

တကယ်တမ်းမှာ  တရုတ်နိုင်ငံဟာ မြစ်ဆုံစီမံကိန်းကထွက်တဲ့  ရေအားလျှပ်စစ်ကို လိုချင်တာဟုတ်ရဲ့လားဆိုတာက သံသ ယဖြစ်စရာရှိတဲ့အကြောင်းနဲ့ တရုတ်နိင်ငံက အဓိက လိုချင်နေတာ မြန်မာနိုင်ငံအနောက်ဘက်က ပင်လယ်ထွက်ပေါက်ကို ထိန်းချုပ်ထားနိုင်ဖို့ အခွင့်အရေးလို့မြင်တဲ့ အမြင်လည်း ရှိပါတယ်။

ဥပမာ ရခိုင်ကမ်းလွန်ကနေ သဘာဝဓာတ်ငွေ့ကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲ တင်ပို့ဖို့ သွယ်တန်းထားတဲ့ကီလိုမီတာ ၁၂၀၀ ရှိတဲ့ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ဒီသဘာ၀ ဓာတ်ငွေ့ပိုက်လိုင်းနဲ့အပြိုင် သွယ်တန်းဖောက်လုပ်ထားတဲ့ အာဖရိ ကနဲ့ အရှေ့အလယ်ပိုင်းက ရေနံကို သယ်ယူမယ့် ပိုက်လိုင်း၊ စတာတွေကသာ  တရုတ်နိုင်ငံရဲ့အဓိက သွေးကြောဖြစ်တယ် လို့ မြင်ကြပါတယ်

ဒါကြောင့်  မြစ်ဆုံဟာ အရောင်ပြသာဖြစ်ပြီး တကယ်တန်းအောင်မြင်သွားရင်လည်း သူ့နိုင်ငံအတွက် အရှုံးမရှိတဲ့ လုပ်ဆောင် ခြင်းဖြစ်နိုင်ကြောင်း ထောက်ပြကြပါတယ်။

မြစ်ဆုံကို ဆိုင်းငံ့ထားတဲ့ကာလမှာလည်း ဒီဒေသကို ခြံခတ်ပြီး အထဲမှာရှိတဲ့ ဓာတ်သတ္တုမျိုးစုံ ပါဝင်တဲ့မြေ (Rare Earth)  တွေကို နေ့စဉ် ကားကြီးကားငယ်နဲ့ သယ်ယူနေတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။

သတ္တုစုံမြေ (Rare Earth) ဟာ အီလက်ထရွန်နစ်လုပ်ငန်းအတွက် မပါမဖြစ် အရေးကြီးတဲ့အရာ ဖြစ်ပြီး ကမ္ဘာ့ဈေးကွက်ရဲ့ ထက်ဝက်ကျော်ကို တရုတ်က ပိုင်ထားပါတယ်။ မြစ်ဆုံဆည်ကို အာရုံများနေချိန်မှာ သတ္တုစုံမြေ တန်ပေါင်းများစွာကို ခိုး ထုတ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ မှေးမှိန်နေပါတယ်။

မြစ်ဆုံအရေးလှုပ်ရှားနေသူများအနေနဲ့ ဒီလိုတန်ဖိုးကြီးတဲ့ သဘာဝသယံဇာတတွေကို စည်းမဲ့ကမ်းမဲ့ ထုတ်ယူနေတာတွေ၊ ဥပဒေမဲ့ ခိုးထုတ်နေတာတွေအပေါ်လည်း အာရုံစိုက်ဖို့ လိုပါတယ်။ မြစ်ဆုံအရေးဟာ နိုင်ငံရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်း ကျင်ရေးတွေနဲ့ ရှုပ်ထွေးတဲ့ ပြဿနာဖြစ်ပါတယ်။

မြစ်ဆုံအရေးမှာ မြင်ရတဲ့ ပြဿနာတွေရော၊ မမြင်ရတဲ့ လှည့်စားမှုတွေပါ ရှိနေတာလည်း သိသာပါတယ်။ ဒါတွေကို ထည့် သွင်းတွက်ချက်ပြီး အမြော်အမြင်နဲ့ဆုံးဖြတ်ဖို့ လိုတယ်လို့ ပညာရှင်တွေက အကြံပေးကြပါတယ်။

“ကျနော်အမြင်ကတော့ အစိုးရအနေနဲ့ ဘာပဲလုပ်လုပ် အဲဒီလိုလုပ်တာဟာ ရေရှည် Vision နဲ့ သွားဖို့လိုတယ်။ အဲဒီနေရာ မှာ အမျိုးသားလုံခြုံရေးနဲ့ လူမှုတရားမှုတမှုဆိုတဲ့ ကိစ္စကို ထည့်သွင်းစဉ်းစားဖို့တော့ လိုအပ်ပါလိမ့်မယ်” လို့ ဦးမင်းဇင်က သုံး သပ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading