ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေ၌ ဈေးရောင်းချကြသည့် ဈေးသည်များက စည်းကမ်းတကျဖြင့် ဆိုင်ခန်းတည်ခင်း ဈေးရောင်းချခွင့်ပြုပါရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရကို တောင်းဆိုလိုက်သည်။
ချောင်းသာကမ်းခြေ၌ ဈေးရောင်းချနေသူ ဒေသခံတဦးဖြစ်သည့် ဒေါ်စကားဝါက “ကျမတို့ကို ဆိုင်ခန်းတည်ခင်း မရောင်းဖို့ပြောလို့ ခေါင်းရွက်ဗြက်ထိုး ရောင်းတယ်။ ဝယ်သူလာတဲ့အခါ မြေကြီးပေါ် ခဏလေးချပြီး ဝယ်သူကို ရောင်းတဲ့ဟာကို မြေကြီးပေါ် ချတာနဲ့ ဖမ်းတယ်။ အဲဒီတော့ ဈေးရောင်းရတာ အဆင်မပြေတော့ စားဝတ်နေရေး အခက်အခဲတွေ အများကြီး ကြုံနေရပါတယ်။ ဒါကြောင့် တိုင်းဒေသကြီး အစိုးရအနေနဲ့ ကျမတို့ဈေးသည်တွေကို စာနာသနားသောအားဖြင့် ကမ်းခြေမှာ စည်းကမ်းသတ်မှတ်ပြီး ဈေးရောင်းခွင့်ပေးဖို့ တောင်းဆိုပါတယ်”
ဟု ပြောသည်။
ချောင်းသာကမ်းခြေ သန့်ရှင်းသာယာလှပရေး စီမံချက်ဖြင့် နိုဝင်ဘာလ ၁ ရက်မှ စတင်ပြီး ကမ်းခြေတွင် ဆိုင်ခန်းများ တည်ခင်းဈေးရောင်းချခွင့် မပြုသဖြင့် ဈေးသည် ၈၀ ကျော် စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေရသဖြင့် စည်းကမ်းတကျဖြင့် ပြန်လည်ဈေးရောင်းခွင့်ပေးရန် ဒေသခံများက နိုဝင်ဘာ ၈ ရက်တွင် ပုသိမ်မြို့ရှိ လူ့အခွင့်အရေးစောင့်ကြည့် ကာကွယ်ရေးကွန်ရက် – HRAN ရုံး၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ တိုင်းအစိုးရထံ တောင်းဆိုကြခြင်း ဖြစ်သည်။
ကမ်းခြေ၌ ဈေးဆိုင်များ တည်ခင်းရောင်းချခြင်း မပြုလုပ်ရန်၊ ကမ်းခြေတွင် မြင်းစီးခြင်း၊ စက်တပ်ယာဉ်များ၊ တိရိစ္ဆာန်ဖြင့် ဆွဲသောလှည်းများ မောင်းနှင်ခြင်း မပြုလုပ်ရန်စသည့် စည်းကမ်းချက် ၁၁ ချက် ပါဝင်ပြီး အမိန့်အား နိုဝင်ဘာလ ၁ ရက်မှ စတင်၍ လိုက်နာခြင်း မရှိပါက တည်ဆဲဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း ပုသိမ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထွန်းက လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည်။
အဆိုပါ ဒေသန္တရအမိန့်အရ နိုဝင်ဘာလ ၁ ရက်တွင် ကမ်းခြေစည်းကမ်းထိမ်းသိမ်းရေး အဖွဲ့များက ချောင်းသာကမ်းခြေ၌ ဈေးရောင်းချနေသည့် ဈေးသည်များကို အင်အားသုံး ဖယ်ရှားမှုများ ပြုလုပ်ခဲ့ရာ ကမ်းခြေတွင် ဆိုင်တည်ခင်း ဈေးရောင်းနေသည့် ဈေးသည်ပေါင်း ၈၀ ကျော်နှင့် အပျော်စီးမြင်းငှားကြသူ ၄၀ ကျော် စားဝတ်နေရေး အခက်အခဲများစွာ ကြုံနေရကြောင်း ဈေးသည်များနှင့် မြင်းသမားများက ပြောဆိုသည်။
“ဈေးသည်တွေကို နှင်ထုတ်သလိုပဲ ကျနော်တို့ မြင်းသမားတွေကိုလည်း နှင်ထုတ်တယ်ဗျာ။ အခုဆို ကျောက်မောင်နှစ်မဘက်မှာ မြင်းတွေ သွားဆွဲနေရတယ်။ အရင်က မြင်းစီးသူ ၁၀၀ ရှိရင် အခုဆို ၃ ယောက်
၄ ယောက်လောက်ပဲ ခရီးသည် ရတော့တယ်။ ကျနော်တို့ စားဝတ်နေရေး လုံးဝအဆင်မပြေဘူး။ ကျနော်တို့ကို ကမ်းခြေမှာ နေရာတခု သတ်မှတ်ပေးပြီး စည်းကမ်းတကျနဲ့ မြင်းငှားရမ်းခွင့်လေး ချထားပေးစေချင်ပါတယ်” ဟု ချောင်းသာကမ်းခြေမှ အပျော်တမ်း မြင်းငှားအဖွဲ့ခေါင်းဆောင် ဦးဖိုးဖြူက ပြောသည်။
ထိုအခြေအနေများနှင့် ပတ်သက်ပြီး ဧရာဝတီတိုင်း အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က “ဒေသန္တရအမိန့်က ချောင်းသာတင် မဟုတ်ဘူး၊ ငွေဆောင် ကမ်းခြေမှာလည်း ထုတ်ပြန်ထားတယ်။ ဈေးရောင်းတာက ဆိုင်ခန်းတည်ခင်း ရောင်းတာကို ခွင့်မပြုတာပါ။
ခေါင်းရွက်ဗြက်ထိုးရောင်းဖို့ ခွင့်ပြု ထားပါတယ်။ ကမ်းခြေသန့်ရှင်းသာယာလှပဖို့အတွက် မလွဲှမရှောင်သာ အခြေအနေမို့ အခုလို စီမံရတာပါ။ ဈေးသည်တွေကို ကမ်းခြေမှာ ဆိုင်ခန်းနေရာ ပြန်ချပေးဖို့က အဆင်မပြေဘူး။ ချောင်းသာက နေရာ အရမ်းကျဉ်းမြောင်းပါတယ်။ ဒါကြောင့် ဈေးသည်တွေကို နေရာချထားပေးဖို့ တခြားသင့်တော်တဲ့ နေရာတခု ရှာနေတယ်” ဟု ပြောသည်။
ဒေသန္တရအမိန့်အရ ကမ်းခြေတွင် ဆိုင်ခန်းတည်ခင်း ရောင်းချသည့် ဈေးသည်များသာမက ဟိုတယ်များက ကမ်းခြေမြေပေါ် ကျူးကျော်ဆောက်လုပ်ထားသည့် ခြံစည်းရိုးများကို ယခုလ ၁၅ ရက် နောက်ဆုံးထား ဖျက်သိမ်းရန်နှင့် မလိုက်နာပါက အရေးယူဆောင်ရွက်ရန် ညွန်ကြားထားကြောင်း ဝန်ကြီးဦးကျော်မြင့်က ဆက်ပြောသည်။
ချောင်းသာကမ်းခြေသို့ ၂၀၁၅ ခုနှစ်အတွင်း ခရီးသွားဧည့်သည် ၄ သိန်းကျော် လာရောက် အပန်းဖြေ လည်ပတ်ခဲ့ကြောင်း ချောင်းသာကမ်းခြေ အုပ်ချုပ်ရေးရုံး မှတ်တမ်းစာရင်းများအရ သိရသည်။