မြန်မာနိုင်ငံတွင် အသက်နှင့် ကျန်းမာရေး အာမခံ ထားရှိမှု နည်းပါးနေပြီး မီးအာမခံနှင့် ပိုင်ဆိုင်မှု ပစ္စည်းများအတွက် အာမခံထားရှိသူက ပိုမိုများပြားကြောင်း မြန်မာ့အာမခံ လုပ်ငန်းမှ သိရသည်။
နိုင်ငံ့လူဦးရေ သန်း ၅၀ ကျော် ရှိသော်လည်း အာမခံ ထားရှိသူဦးရေမှာ ၇ ရာခိုင်နှုန်းသာ ရှိသေးကြောင်း သိရသည်။
“နိုင်ငံတကာမှာ ဆိုရင်တော့ အသက်အာမခံနဲ့ ကျန်းမာရေး အာမခံက ဦးစားပေးမှု ထိပ်ဆုံးမှာ ရှိနေတယ်၊ မြန်မာနိုင်ငံမှာတော့ အသက်အာမခံနဲ့ ကျန်မာရေး အာမခံကို စိတ်ဝင်စားမှု နည်းနေသေးတာ တွေ့ရတယ်၊ မီးအာမခံနဲ့ တခြားပိုင်ဆိုင်မှု တွေကိုပဲ အာမခံ ထားနေကြတယ်၊ တကယ်တမ်း ပြန်စဉ်းစားကြည့်မယ်ဆိုရင် အသက်ရှင်နေမှ လူက တန်ဖိုးရှိပြီး ပစ္စည်းဥစ္စာ ရှာဖွေစုဆောင်းနိုင်မှာ ဖြစ်ပါတယ်၊ ဒါပေမယ့် ဒီမှာတော့ အသက် အာမခံက သိပ်အရေးမကြီး သလိုပဲ” ဟု မြန်မာအာမခံ လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ပြောသည်။
မီးအာမခံ၊ မော်တော်ယဉ် အာမခံ၊ ရေကြောင်း အာမခံထားရှိမှု၊ ပစ္စည်းပိုင်ဆိုင်မှု အာမခံထားရှိမှှုများကိုသာ အများဆုံး ပြုလုပ်ကြကြောင်း၊ နှစ်စဉ် ယဉ်မတော်ဆမှု သောင်းဂဏန်းအထိ ရှိနေသော်လည်း အာမခံကြေး လာရောက်ထုတ်ယူ နည်းပါးလျက်ရှိရာ Premium ထုတ်ယူသူ အရေအတွက်မှာ နှစ်စဉ် ၆၀ဝ ဝန်းကျင်ခန့်သာရှိကြောင်း သိရသည်။
မြန်မာ့အာမခံလုပ်ငန်း (ရန်ကုန်ရုံးချုပ်) မှ ဒုတိယ အထွေထွေမန်နေဂျာ ဦးညီညီအောင်က “သူတပါးထိခိုက်မှု အာမခံကို ယာဉ်လိုင်စင် ပြုလုပ်သူတိုင်း ပေးသွင်းရတာ ဖြစ်ပါတယ်၊ ဆိုင်ကယ်က တနှစ် ၂၀ဝ၀ ကျပ်၊ ကားက ၅၀ဝ၀ ကျပ်ကနေ ၁၅၀ဝ၀ ကျပ်အထိ Premium ကြေးပေးသွင်းပြီးမှ လိုင်စင်ပြုလုပ်ရတာ လူတိုင်းသိပါတယ်။ ဒါပေမယ့် အကျိုး သက်ရောက်မှုကိုတော့ လူတိုင်းမသိကြပါဘူး” ဟု ရှင်းပြသည်။
ဆက်လက်၍ “စက်တပ်ယာဉ် မတော်မဆမှုကြောင့် သေဆုံးခဲ့ရင် ကျပ် ၁၀ သိန်း အလျော်ရမှာ ဖြစ်ပါတယ်၊ ထိခိုက်ဒဏ်ရာ ရမှုအတွက် ၈ သိန်း အောက် အလျော်ရမှာ ဖြစ်ပါတယ်။ သတ်မှတ် စည်းကမ်းချက်တွေ နဲ့အညီ မိမိယာဉ်အတွက် Premium ကြေး ပေးသွင်းထားတဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် တနှစ်အတွင်း လာရောက် လျှောက်ထား ထုတ်ယူနိုင်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောပြသည်။
အဆိုပါ သတ်မှတ် စည်းကမ်းချက်များမှာ သူတပါး ထိခိုက်မှု အာမခံနှင့် အလုံးစုံ မော်တော်ယာဉ် အာမခံအတွက် စက်တပ် ယာဉ် ထိခိုက်မှုကြောင့် နစ်နာကြေး တောင်ခံလာသည့် ကိစ္စရပ်များအနက် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ ထော်လာဂျီ စသည့် ယာဉ်များကို ကိုယ်တိုင်မောင်းနှင်စဉ် ထိခိုက်ဒဏ်ရာရခြင်းနှင့် သေဆုံးခြင်းတို့အတွက် ယာဉ်မောင်းလိုင်စင် မရှိသူ၊ ယာဉ်မောင်းလိုင်စင် သက်တမ်း မရှိသူ၊ မောင်းနှင်ခွင့် မရှိသော သတ်မှတ် ယာဉ်မောင်း လိုင်စင်ဖြင့် မောင်းနှင်သူမဟုတ်ပါက ပေးချေရန် အကျုံးမဝင်ကြောင်း သိရသည်။
“ယာဉ်မတော်တဆမှု ဖြစ်လာရင် ကြေအေးလိုက်ကြတာ များတယ်၊ အမှန်တကယ် ကျေအေးလိုက်တယ် ဆိုရင်တောင် အာမခံရဲ့ သဘောက ဖြစ်စဉ်က မှန်တယ်၊ ထောက်ခံစာတွေ လည်းပါမယ်၊ အချက်အလက်တွေလည်း ပါမယ်ဆိုရင် တောင်းလို့ရတယ် ဆိုတာကို မသိကြဘူး၊ တော်တော်များများ သိကြတာက ကြေအေးလိုက်ရင် အာမခံ တောင်းလို့ မရတော့ဘူးလို့ သိထားကြတာ၊ ပုဂ္ဂလိက အာမခံလုပ်ငန်းတွေက ပြည်သူတွေကြားထဲမှာ အာမခံဆိုတာ ဘာလဲဆိုတာ သိအောင်လို့ ကြိုစားခဲ့ကြတဲ့အတွက် တော်တော်များများ သိလာကြပြီ၊ ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင် လုပ်ပေးဖို့တော့ လိုပါတယ်” ဟု အာမခံဆောင်းပါများ ရေးသားနေသူ ကိုမျိုး (အာမခံ) က ပြောသည်။
၂၀၁၆ ခုနှစ် ဧပြီလမှ အောက်တိုဘာလ အထိ မြန်မာ့အာမခံ လုပ်ငန်းတွင်ရှိသည့် အမျိုးအစားများအနက် မီးနှင့် သဘာဝ ဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှု ၃၃ ခု ရှိခဲ့ပြီး မီးလောင်မှုနှင့် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်ဆီးဆုံးရှုံးမှုများ အတွက် အာမခံလျော်ကြေး အများဆုံး ပေးအပ်ခဲ့ရကြောင်း သိရသည်။
ယခုနှစ်အတွင်း မြန်မာ့အာမခံလုပ်ငန်းက အာမခံ ထားရှိမှု အားလုံးအနက် အမျိုးအစား ၃၃ ခုအတွက် လျော်ကြေးငွေ ကျပ်သန်းပေါင်း ၁၄၂၉ ဒသမ ၆၆၇ သန်း ပေးလျော်ထားပြီး ဖြစ်သည်။
အဆိုပါ လျော်ကြေးပေးမှုများမှာ မီးလောင်မှု ၁၃ ခု အတွက် လျော်ကြေးငွေ ၈၈၃ ဒသမ ၇၈၅ သန်း၊ လေပြင်း တိုက်ခတ်မှု ကြောင့် ပျက်စီးဆုံးရှုံးရသည့် ကြော်ငြာဘုတ် ၃၃ ခုနှင့် အဆောက်အအုံ ၃ ခု အတွက် လျော်ကြေးငွေ ၂၅ ဒသမ ၁၆၉ သန်း၊ ရေကြီးရေလျှံမှုကြောင့် ပျက်ဆီးဆုံးရှုံးမှု ၃ ခုအတွက် လျော်ကြေးငွေ ၄၉၅ ဒသမ ဝ၇၂သန်း၊ မြေငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှု တခုအတွက် လျော်ကြေးငွေ ၂ ဒသမ ၇၇၈သန်း နှင့် ဖောက်ထွင်း ခိုးယူခံရမှု ၂ ခုအတွက် လျော်ကြေးငွေ ၂၂ ဒသမ ၈၆၃ သန်း တို့ ဖြစ်ကြောင်း သိရသည်။
ယခုအခါ မြန်မာ့အာမခံ လုပ်ငန်းအနေဖြင့် အာမခံ အမျိုးအစားပေါင်း ၄၈ ခု အနက် အဓိက အာမခံ ထားရှိမှုမှာ လုပ်ငန်း ၂၅ ခု ရှိကြောင်း၊ နိုင်ငံအတွင်း မြန်မာ့အာမခံရုံးချုပ် အပါအဝင် အာမခံရုံး ၃၉ ခု ဖွင့်လှစ်ထားကာ ကလေးမြို့တွင် အာမခံရုံးသစ်အား ထပ်မံ တိုးချဲဖွင့်လှစ်ပေးရန်ရှိကြောင်း သိရသည်။