ယခုအပတ် အတွင်းကျင်းပခဲ့သည့် အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့် အနိုင်ရရှိခဲ့ပြီးနောက် မြန်မာနိုင်ငံနှင့် အမေရိကန် နိုင်ငံကြားမှ စီးပွားရေးဆက်ဆံရေး အပြောင်းအလဲများနှင့် ပတ်သက်၍ မှန်းဆပြောဆိုရန် မြန်မာနိုင်ငံ စီးပွားရေးအသိုင်းအဝိုင်းက တွန့်ဆုတ်နေခဲ့ကြသည်။
အမေရိကန်နိုင်ငံမှ နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲရလဒ်များ ထွက်ပေါ်လာခဲ့ချိန်တွင် ရီပတ်ဘလစ်ကင်ပါတီမှ သမ္မတ လောင်း စီးပွားရေး လုပ်ငန်းရှင် ဒေါ်နယ်ထရမ့်က ဒီမိုကရက်တစ် ပါတီမှ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီကို အနိုင်ရရှိခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် ကြိုတင်ခန့်မှန်းမှုများနှင့် သဘောထားထင်မြင်ချက်များ ရောထွေးလျှက် ရှိသည်ကို တွေ့ရသည်။
“ဒီရွေးကောက်ပွဲရလဒ်က ကမ္ဘာတလွှားမှာ အမျိုးသားရေးဝါဒရဲ့ သြဇာလွှမ်းမိုးမှု အားကောင်းလာတာကို ပြသနေပါ တယ်”ဟု ထွန်းဖောင်ဒေးရှင်းဘဏ် ဥက္ကဌ ဦးသိန်းထွန်းက ဧရာဝတီသို့ ပြောသည်။ သို့သော်လည်း “အနာဂတ်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ စောလွန်းနေပါသေးတယ်” ဟု သူက ထပ်ပြောသည်။
လက်ရှိသမ္မတ အိုဘားမားက မြန်မာနိုင်ငံ အပေါ်ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများကို အောက်တိုဘာလ အတွင်း တွင် ပယ်ဖျက်ပေးခဲ့သည်။ ဦးတေဇ၊ ဦးခင်ရွှေ၊ ဦးဌေးမြင့်၊ ဦးဇော်ဇော် နှင့် စတီဗင်လော ခေါ် ဦးထွန်းမြင့်နိုင် အပါအဝင် စီးပွားရေး လုပ်ငန်းရှင်များကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန ၏ အထူးကန့်သတ်ထားသည့် နိုင်ငံသားများ SDN စာရင်းမှ ပယ်ဖျက်ပေးခဲ့သည်။
အရေးယူပိတ်ဆို့မှုများ ပယ်ဖျက်ပေးခြင်းကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလ အတွင်းက အမေရိကန်နိုင်ငံသို့ သွားရောက်လည်ပတ်စဉ်အတွင်း ကြေညာခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်မှစ၍ အမေရိကန် စီးပွားရေး ကိုယ်စားလှယ် အဖွဲ့များ မြန်မာနိုင်ငံသို့ လာရောက်၍ အနာဂတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများအတွက် အခွင့်အလမ်းများကို ဆွေးနွေးခဲ့သည်။ သမ္မတ အိုဘားမား၏ လက်ထက်တွင် စီးပွားရေးနှင့် ပတ်သက်၍ အပြုသဘောဆောင်သည့် တိုးတက်မှုများရှိခဲ့သော်လည်း ဒေါ်နယ်ထရမ့်၏ လာမည့် သမ္မတသက်တမ်း အတွက် စိုးရိမ်မှုများ ရှိနေသည်။
“တကယ်လို့ ဟီလာရီ နိုင်ခဲ့မယ်ဆိုရင် ပြဿနာမရှိနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူနဲ့ အိုဘားမားက မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ချဉ်းကပ်ပုံတွေ တူလိမ့်မယ်။ အမေရိကန်-မြန်မာ စီးပွားရေးဆက်ဆံရေးက ပိုမိုပြီး ခိုင်မာလာမယ် လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ဒါပေမယ့် ဒေါ်နယ်ထရမ့်ရဲ့ အစီအစဉ်တွေနဲ့ စိတ်ဝင်စားမှုတွေက ဘာတွေလဲဆိုတာ ကျ နော်တို့ မသိပါဘူး” ဟု လှိုင်သာယာ စက်မှုဇုန် ဥက္ကဌ ဦးမြတ်သင်းအောင်က ပြောသည်။
“သူရဲ့ မြန်မာနိုင်ငံ အပေါ်စိတ်ဝင်စားမှုက သိပ်ပြီးအားကောင်းလိမ့်မယ်လို့တော့ ကျနော်မထင်ဘူး။ ဒါပေမယ့် အရေးယူ ပိတ်ဆို့မှုတွေ ထပ်လုပ်တော့မှာတော့ မဟုတ်ပါဘူး။ သူက စီးပွားရေးသမား တယောက်ပါ။ စီးပွားရေးကို အားပေးပါလိမ့် မယ်” ဟု ဒေါ်နယ်ထရမ့်နှင့် ပတ်သက်၍ ဦးမြတ်သင်းအောင်က ပြောသည်။ “ဒါကြောင့် စောင့်ကြည့်ရပါဦးမယ်” ဟု လည်း ထပ်ပြောသည်။
ဦးမြတ်သင်းအောင် ကဲ့သို့ပင် မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ ဒုတိယ ဥက္ကဌ ဒေါက်တာမောင်မောင်လေးကလည်း ဒေါ်နယ်ထရမ့်၏ စိတ်ဝင်စားမှုနှင့် အာရှ နှင့်ပတ်သက်သော မူဝါဒ ကို ဆုံးဖြတ်ရန် အချိန်ယူရမည်ဟု ခန့်မှန်းခဲ့သည်။ အထူးသဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဖြစ်သည်။
“အမေရိကန် စီးပွားရေးကိုယ်စားလှယ် အဖွဲ့တွေနဲ့ အိုဘားမား အစိုးရရဲ့ မူဝါဒတွေ အောက်မှာ ကျနော်တို့ ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်။ အခု ဒေါ်နယ်ထရမ့် အစိုးရလက်ထက်မှာတော့ ဒီဆက်ဆံရေးတွေကို ပြန်လည်တည်ဆောက်ဖို့ လိုပါ တယ်” ဟု သူက ပြောသည်။
အိုဘားမားက ဒေါ်နယ်ထရမ့်သို့ တာဝန်လွှဲပြောင်းပေးမည့် ဇန်နဝါရီလ မတိုင်မီ အမေရိကန် စီးပွားရေး ကိုယ်စားလှယ် အဖွဲ့များ မြန်မာနိုင်ငံသို့ လာရောက်၍ UMFCCI တာဝန်ရှိသူများ၊ ပုဂ္ဂလိက ကဏ္ဍမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံရန် စီစဉ်မှုများပြု လုပ်နေဆဲ ဖြစ်သည်။ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အမေရိကန် စီးပွားရေး ကိုယ်စားလှယ်အဖွဲ့ ၁၅ ဖွဲ့ က UMFCCI မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အနာဂတ် ပူးပေါင်းဆောင်ရွက်မှုများအတွက် ဆွေးနွေးရန် ရှိနေသည်။
သို့သော် မြန်မာ့နိုင်ငံရေးနှင့် ဈေးကွက်အပေါ် ဒေါ်နယ်ထရမ့် စိတ်ဝင်စားမှု ရှိ မရှိက တကယ့်မေးခွန်းဖြစ်သည်။ “အကြောင်းကတော့ မြန်မာနိုင်ငံမှာ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုက တခြားနိုင်ငံတွေလောက် မများဘူး။ ဒါကြောင့် စောင့်ကြည့်ရပါမယ်” ဟု ဒေါက်တာ မောင်မောင်လေးက ပြောသည်။
ဇေကမ္ဘာကုမ္ပဏီ အုပ်စု၏ ဥက္ကဌ ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးခင်ရွှေက ဒေါ်နယ်ထရမ့် အနိုင်ရ သည်ကို ကြိုဆိုကြောင်း နှင့် ဒေါ်နယ်ထရမ့်၏ နောက်ခံက စီးပွားရေး သမားတယောက်ဖြစ်နေခြင်းက သူ၏ သမ္မတ သက်တမ်း အတွင်းတွင် အမေရိကန်နှင့် မြန်မာ စီးပွားရေးဆက်ဆံမှု တိုးပွားလာနိုင်သည်ကို ပြသနေခြင်း ဖြစ်ကြောင်း ဧရာ ဝတီသို့ ပြောသည်။
“တကယ်လို့ သူ့မှာ မြန်မာနိုင်ငံနဲ့ ဆက်သွယ်မှု တခုရှိမယ်ဆိုရင် စီးပွားရေးဖွံဖြိုးတိုးတက်မှု အတွက် ဆုံးဖြတ်ချက် မြန်မြန် ဆန်ဆန်ချပေးနိုင်မှာပါ။ ဒါကြောင့် စီးပွားရေးသမားတွေ အများကြီး လာကြပါလိမ့်မယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကျနော် အကောင်းမြင်ပါတယ်” ဟု ပြောသည်။