စီးပွားရေး

တရုတ်ရဲ့ မဟာဗျူဟာ၊ ရခိုင်တွေအတွက် လက်ဗလာ

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ အနောက်ဘက်ဆိပ်ကမ်း ငိုက်မြည်းကျနေသော ဝေးလံခေါင်ဖျားသည့် လူဦးရေ ၃၀, ၀၀၀ ရှိ ကျောက်ဖြူမြို့ကလေးကား  မြန်မာ-ဘင်္ဂလားပင်လယ်အော်တွင် ခြေကုပ်ယူမည့် တရုတ်နိုင်ငံ၏ အစီအစဉ်တွင် စက်မှုဇုန်တခု၊ ရေနံချက်စက်ရုံတရုံနှင့် အောင်မြင်သည့် စီးပွားေရေး ဗဟိုချက်ဖြစ်လာစေမည့် ရေနက်ဆိပ်ကမ်းတခု ပါဝင်သည်။

ကျောက်ဖြူစီမံကိန်းမှာ တရုတ်နိုင်ငံ၏ ဒေသတွင်း ရည်မှန်းချက်အတွက် အရေးပါသော်လည်း ဒေသခံပြည်သူများ၏ မျှော်လင့်ချက်များနှင့်မူ လွန်စွာ ဆန့်ကျင်ဖက်ဖြစ်နေသည်။ ထို့အပြင် ဒီမိုကရေစီနည်းကျ ရွေးချယ်ခံရသော ဒေါ်အောင်ဆန်းစုကြည် အစိုးရ၏ ဒေသခံပြည်သူများ အခွင့်အရေး ကာကွယ်ရန် စွမ်းရည်ကိုလည်း ချဲ့ထွင်စေခဲ့သည်။

မြန်မာနိုင်ငံ၏ စစ်အုပ်ချုပ်ရေး ဆယ်စုနှစ်များစွာအတွင်း သတ္တုတူးဖော်ရေး၊ ဆည်၊ ပိုက်လိုင်းကြီးများနှင့် အခြားစီမံကိန်းကြီးများတွင် ရင်းနှီးမြှုပ်နှံမှုများမှတဆင့် တရုတ်နိုင်ငံ၏ စီးပွားရေးသြဇာလွှမ်းမိုးမှုသည် မြန်မာတို့အား မြောက်ပိုင်းမှ အင်အားကြီးမားသော အိမ်နီးချင်းအပေါ် မုန်းတီးမှုကို မီးလောင်ရာလေပင့်ခဲ့သည်။

ကျောက်ဖြူစီမံကိန်းမှာ ဗုဒ္ဓဘာသာနှင့် မွတ်ဆလင်များအကြား ပဋိပက္ခကြောင့် ကွဲပြဲနေပြီး ဖြစ်သောဒေသအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာ နောက်ထပ်ပြဿနာတခု ဖြစ်လာသည်။

“အထူးစီးပွားရေးဇုန်က သူတို့ဘဝတွေကို အကျိုးပြုမယ်လို့ အစိုးရပြောင်းသွားကတည်းက လူတွေ မျှော်လင့်နေကြတာ။ အခြေအနေ ပိုဆိုးလာရင်တော့ သူတို့ ဆန့်ကျင် ကန့်ကွက်ကြလိမ့်မယ်” ဟု ဒေသခံဆိုင်ပိုင်ရှင် ဦးခင်ညွန့်က ပြောသည်။

ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးခြင်းကြောင့် လုပ်ငန်းဆောင်တာ များပြားလာလျှင် သူလည်း အကျိုးရှိနိုင်သည်။ သူ့တွင် အပန်းဖြေ တည်းခိုစခန်း ဇုန် ဖြစ်လာနိုင်သည့်နေရာမှ ရင်သပ်ရှုမောဖွယ် လှပသော ကမ်းခြေမြေကွက်တကွက် ရှိသည်။ သို့သော် သူနှင့်ကျောက်ဖြူမှ အခြားသူများမှာ သူတို့၏မြေများကို တရားမျှတစွာ လျော်ကြေးမပေးမည်ကို စိုးရိမ်နေကြသည်။ ပူပန်ရန် လုံလောက်သောအကြောင်းလည်း ရှိသည်။

မြေယာဥပဒေသစ်မပြဌာန်းမီ အထူးစီးပွားရေးဇုန်အတွက် မြေယာခွဲဝေပေးခြင်းမပြုရန် တားမြစ်သည့်အမိန့် ထုတ်ပြန်ထားသော်လည်း မြေတိုင်းသူများသည် ဆက်လက်လုပ်ဆောင်နေကြပြီး အထူးစီးပွားရေးဇုန်အတွက် လိုအပ်သောမြေ၏ သုံးပုံတပုံကျော်ဖြစ်သည့် ၁၈၇၂ ဧကကို ချပေးပြီးဖြစ်ကြောင်း အေပီသတင်းဌာနက တွေ့မြင်ခဲ့ရသည့် စာရွက်စာတမ်းများက ပြသနေသည်။ စာရွက်စာတမ်းများအတိုင်း မြေပိုင်ရှင်များသည် မြေပိုင်ခွင့်၊ လျှော်ကြေးရခွင့် ဆုံးရှုံးရန် အလားအလာ များသည်။

“မြေတိုင်းသမားတွေက ဒီမှာရောက်နေပြီသား”ဟု ဦးခင်ညွန့်က ဆက်ပြောသည်။

သူနှင့် ဒေသခံ လူမှုအခြေပြုအဖွဲ့ ကျောက်ဖြူလယ်သမားအသင်းမှ မိတ်ဆွေများက ထိုကိစ္စမျိုး ယခင် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းသို့   ကီလိုမီတာ ၈၀၀ ပိုက်လိုင်း ဖြတ်သန်း သွယ်တန်း ဖောက်လုပ်စဉ်ကလည်း ၎င်းတို့၏ လယ်ယာ ခြံဥယာဉ်များတွင် ဖြစ်ခဲ့ဖူးသည် ဟုပြောကြသည်။

ထိုအဖွဲ့မှ အဖွဲ့ဝင်များသည် ကျေးလက်လမ်းဘေးတွင် စုဝေး တွေ့ဆုံကြပြီး ဆေးလိပ်သောက်ကာ နီးကပ်လာသော အပြောင်းအလဲများအတွက် ပူပန်နေကြသည်။ အများစုက ဈေး မျှမျှတတရပြီး စက်မှုဇုန်သစ်က သူတို့ကို အလုပ်ပေးလျှင် သူတို့၏မြေကို ရောင်းမည်ဟု ဆိုသည်။

လုပ်စရာတွေ တပုံကြီး

ကမ္ဘာ့ဘဏ်အဆိုအရ ရခိုင်ပြည်နယ်၏ ဆင်းရဲမွဲတေမှုမှာ ၈၀ ရာခိုင်နှုန်း နီးပါးရှိပြီး လူအများစုမှာ လယ်၊ ငါးဖမ်းနှင့်ဆောက်လုပ်ရေးတို့ကဲ့သို့ ကြုံရာကျပန်း လုပ်ကြရသည်။ လူဦးရေ၏ ၄ ပုံ တပုံသာ လျှပ်စစ်ဓာတ်အား ရရှိကြသည်။

စီးပွားရေးမြို့တော် ရန်ကုန်မှ ကီလိုမီတာ ၄၀၀ ခန့်ဝေးသော ဤဒေသတွင် လူဦးရေ ၃ ပုံတပုံမှာ မွတ်ဆလင်ဖြစ်ပြီး လွန်ခဲ့သော ၄ နှစ်က လူမျိုးရေး ပဋိပက္ခအတွင်း ကျောက်ဖြူမှ မွတ်ဆလင်များစွာကို နေရပ်စွန့်ခွာ ဒုက္ခသည်စခန်းများသို့ ရောက်ရှိစေခဲ့သည်။ ထိုစခန်းတွင် ၎င်းတို့မှာ အားအင်ချည့်နဲ့နေပြီး ပြည်ပအကူအညီဖြင့် ရှင်သန်နေကြရသည်။

မြန်မာအစိုးရအတွက် ပြုလုပ်ပေးခဲ့သော ဤအထူးစီးပွားရေးဇုန် ကနဦးလေ့လာမှုအရမူ အလုပ်အကိုင် နေရာ ၅၀၀၀၀ ဖော်ထုတ်ပေးမည်ဟု ဆိုသည်။ လမ်းသစ်များနှင့် ရထားလမ်းသစ်တခုတို့က ကျောက်ဖြူကို အခြားဒေသများနှင့် ဆက်သွယ်ပေးပြီး ရင်းနှီးမြှုပ်နှံမှုသစ်များက ကျောင်းများနှင့် အခြား အများပြည်သူဝန်ဆောင်မှုများကို တိုးတက်လာစေမည်ဟုလည်း ဆိုသည်။

“ပွင့်လင်းမြင်သာမှုရှိရင် ဒေသခံများတွေက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းကို လက်ခံလိုကြပါတယ်။ ဓာတ်ငွေ့ပိုက်လိုင်းကြောင့် ဘာတိုးတက်မှုမှ မတွေ့ခဲ့ရပါဘူး။ ဒေသခံတွေပဲ ဆုံးရှုံးမှုတွေ ကြုံရတယ်” ဟု ဦးခင်ညွန့်က ပြောသည်။

“လူတွေက အထည်ချုပ်စက်ရုံတွေ၊ အပိုအစိတ်အပိုင်း စက်ရုံတွေ၊ လယ်ယာထုတ် ပို့ကုန်တွေ၊ သစ်သီးဖျော်ရည် စက်ရုံတွေလို ထိခိုက်မှုနည်းတဲ့ ဒီလိုစက်ရုံတွေ လိုချင်ကြတယ်” ဟု သူ ဆက်ပြောသည်။

မြန်မာလွှတ်တော်က ကျောက်ဖြူတွင် ရေနက်ဆိပ်ကမ်းတခု၊ စက်မှုဇုန်တခု၊ သယ်ယူပို့ဆောင်ရေး ဗဟိုချက်နှင့် အခြားအဆောက်အအုံများ ဆောက်လုပ်ရန် အစိုးရသစ်မတက်မီ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက အတည်ပြုခဲ့သည်။

တရုတ်အစိုးရပိုင် လုပ်ငန်းစု CITIC Group က ဤ ဒေါ်လာ ၁၄ ဘီလီယံတန် စီမံကိန်း၏ ၈၅ ရာခိုင်နှုန်းကို ပိုင်ပြီး ကျန်သည်ကို မြန်မာအစိုးရက ပိုင်သည်။ စက်မှုဇုန်ကို တည်ဆောက်ပြီးပါက ၎င်းသည် တောင်ကိုရီးယား၊ ဂျပန်နှင့် အခြားနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများအားလည်း စွဲဆောင်နိုင်သည်။

မြေယာ အငြင်းပွားမှုမှာ ဒေါ်အောင်ဆန်းစုကြည်အစိုးရ ရင်ဆိုင်နေရသော အချောက်ချားဆုံး စိန်ခေါ်မှုများအနက် တခု ဖြစ်နေသည်။

မြန်မာနိုင်ငံတွင် မြေအားလုံးကို အစိုးရကပိုင်ပြီး အိမ်ပိုင်ရှင်များ၊ လယ်သမားများ၊ ကုမ္ပဏီများအားလုံးတို့သည် အသုံးပြုခွင့်သာ ရနိုင်သည်။ ထိုမြေများကို အသုံးမပြုဟု အစိုးရမြေတိုင်းဌာနက သတ်မှတ်ပါက ထိုအခွင့်အရေးအားလုံးကို လျှော်ကြေးမပေးဘဲ သိမ်းယူနိုင်သည်။

လယ်သမားများမှာ မကြာခဏဆိုသလို ပစ်ထားသကဲ့သို့ ဖြစ်နေသော်လည်း ဥယာဉ်မြေဖြစ်စေ၊ ရွှေ့ပြောင်းတောင်ယာဖြစ်စေ အရေးကြီးသောမြေများ ဆုံးရှုံးကြရသည်။

“မြေသိမ်းတဲ့နည်းကတော့ မြေတိုင်းအဖွဲ့တဖွဲ့ရောက်လာမယ်။ သူတို့က မြေတိုင်းပြီး မြေလွတ်မြေရိုင်းလို့ ပြောမယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားက ဒီတပတ် အဲဒီမှာ မစိုက်လို့ ဒါမှမဟုတ် သူတို့လာတဲ့နေ့မှာ ခင်ဗျားရဲ့ ကျွဲ နွားတွေ အဲဒီမှာ မရှိလို့ မြေလွတ်မြေရိုင်းလို့ သူတို့ပြောတယ်” ဟု နိုင်ငံတကာ ဂျူရီလူကြီးများကော်မရှင် International Commission of Jurists မှ သုတေသီ Sean Bain က ပြောသည်။

ကျောက်ဖြူမှ အချို့ လယ်သမားများမှာ ဥယာဉ်မြေများနှင့် လယ်မြေများကို စက်မှုဇုန်သို့ ရေပေးမည့် ဆည်အတွက် ဆုံးရှုံးရပြီးဖြစ်သည်ဟု သူကပြောသည်။

မကြာခဏဆိုသလို မြေကို သိမ်းယူပြီး စီမံကိန်းများ ဆိုင်းငံ့ထားကာ နောက်ပိုင်းတွင်  ခရိုနီများနှင့် ကုမ္ပဏီများသို့ ပေးပစ်တတ်သည်။

“အရင်အစိုးရက ကျနော်တို့ကို လိမ်ဖို့ အစီအစဉ်ချတယ်” ဟု ဦးထွန်းကျော်စံက ဖုန်းမှန်သားပြင်ကို ဖွင့်ပြီး တရုတ်ဆီတင်ဆိပ်ကမ်းရှိရာ မဒေးကျွန်းတွင် တည်ဆောက်နေသော လုပ်ငန်းခွင်မှ သူ၏မြေအတွက် ငွေရပိုင်ခွင့်ရှိကြောင်း ဓာတ်ပုံအထောက်အထားနှင့် ပြောသည်။

“ခရိုနီတွေက ဘာဖြစ်နေလဲဆိုတာ သိတယ်၊ ဒါပေမယ့် ကျနော်တို့က မသိရဘူး။ ကျနော်တို့ ဒါကို သဘောမတူဘူး” ဟု သူက ဆိုသည်။

မြန်မာနိုင်ငံနှင့် အရင်းနှီးဆုံးနှင့် သြဇာအကြီးဆုံးဖြစ်နေသော တရုတ်၏ အဆင့်အတန်းမှာ လွန်ခဲ့သောနှစ် အနည်းငယ်အတွင်း စစ်ဘက်က အရပ်ဘက်သို့ တဖြည်းဖြည်း အာဏာကို လွှဲပေးနေသဖြင့် လှုပ်ခါလာနေခဲ့သည်။ သို့သော် စစ်တပ် သြဇာကြီးနေဆဲဖြစ်ကြောင်းလည်း သိရှိနေသည်။

မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံးမြို့ဖြစ်သော မန္တလေးတွင် ဒေသခံ မြန်မာများက တရုတ် ဧည့်သည် များလာခြင်းကို စိတ်အနှောက်အယှက်ဖြစ်နေကြသည်ဟု ရှေ့နေတဦးဖြစ်သူ ဦးထွန်းလွင်က ပြောသည်။

“သူတို့တွေက ဒီကလူတွေ မဟုတ်တာ ထင်ရှားတယ်။ မန္တလေးက မြန်မာတွေက သူတို့ လူမှုတန်ဖိုးတွေ ထိခိုက်မှာ၊ တရုတ်ယဉ်ကျေးမှု သြဇာလွှမ်းလာမှာကို စိုးရိမ်နေကြတယ်။ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုက အလုပ်အကိုင်ဖန်တီးပေးတော့ တရုတ်တွေရှိလို့ ကောင်းကျိုးရော၊ ဆိုးကျိုရော ရှိတာတော့ဟုတ်ပါတယ်” ဟု သူက ဆက်ပြောသည်။

မြန်မာသည် သစ်၊ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သယံဇာတ ပေါများခြင်းအပြင် တရုတ်အတွက် အိန္ဒိယသမုဒ္ဓရာသို့ လမ်းကြောင်းဖြစ်နေသည်။

“သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှု သဘောသဘာဝအရ တရုတ်က မြန်မာကို လိုတယ်”ဟု Georgetown University တက္ကသိုလ် ဂုဏ်ထူးဆောင်ပါမောက္ခ David Steinberg က ပြောသည်။ “မြန်မာကလည်း တရုတ်ကို လိုပါတယ်” ဟုလည်း ဆိုသည်။

ကျောက်ဖြူ ရေနံံ သဘာဝဓာတ်ငွေ့ အဆောက်အအုံနှင့် ရေနက်ဆိပ်ကမ်းတို့သည် ၎င်း၏ ကုန်းတွင်းပိတ်ပြီး နှိုင်းယှဉ်ချက်အားဖြင့် ခေတ်နောက်ကျနေသော အနောက်တောင်ပိုင်း ယူနန်ပြည်နယ်အတွက် အရေးပါသည်ဟု တရုတ်ကမြင်ကြောင်း David Steinberg က  ပြောသည်။

“ကျောက်ဖြူက တရုတ်အတွက် အရေးကြီးတယ်။ အလုပ်အကိုင် ဖန်တီးပေးနိုင်တယ်။ ဒါပေမယ့် တခါတခါ တရုတ်က သူတို့အလုပ်သမားနဲ့ သူတို့လာတယ်။ ဒီကိစ္စဟာ မကြာခဏပြဿနာ ဖြစ်နေတယ်” ဟု သူ ဆက်ပြောသည်။

ရေနံနှင့် သင်္ဘောလမ်းကြောင်းအပေါ် တရုတ်က အာရုံစိုက်နေခြင်းသည် ဒေသအလုပ်အကိုင် ဖန်တီးပေးမည့် ကုန်ထုတ်လုပ်ရေးလုပ်ငန်းများအား လိုလားသော ဒေသခံများ၏ ဆန္ဒနှင့် ပဋိပက္ခဖြစ်နေသည်။ ဓာတ်ငွေ့ပိုက်လိုင်းအပြင် ၎င်းနှင့်အပြိုင် ရေနံပိုက်လိုင်းအတွက် အလုပ်သမားအများစုကို တရုတ်မှ ခေါ်လာပြီး ၎င်းတို့ကိုအဆောင်များတွင် သီးခြားထားရှိခဲ့သည်။

ကျောက်ဖြူဒေသခံများမှာ တည်ဆောက်ဖြစ်ရန် မသေချာသည့် စက်ရုံဇုန်အပေါ် အလုပ်အကိုင် အိပ်မက်မက်ကြသည်မှာ တရုတ်နိုင်ငံက ဘင်္ဂလားပင်လယ်အော်သို့ ရထားလမ်းဖောက်လိုသော ဖွံ့ဖြိုးရေးဆန္ဒကို စတင် တွန်းအားမြှင့်ကတည်းကဟု မြန်မာ့ရေးရာ ကျွမ်းကျင်သူ Sean Turnell က ပြောသည်။

“အဲဒီက စီးပွားရေးကော ပထဝီအချက်အခြာကျမှုပါ တရုတ်နဲ့ပဲ ပတ်သက်တယ်။ ဒေသခံတွေရဲ့ မျှော်လင့်ချက်တွေကတော့ အခု လုပ်လာနေတာတွေနဲ့ ဘာမှမဆိုင်သလို ဖြစ်နေတယ်” ဟု ပြောဆိုသည်။

( AP သတင်းဌာနမှ စီးပွားရေးဆိုင်ရာ သတင်းထောက် Elaine Kurtenbach ၏   China’s Plans for Myanmar town Hold Few Local Opportunities ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading