တူရကီ အခြေစိုက် Karpower ကုမ္ပဏီမှ လျှပ်စစ်ဓာတ်အား ၄၈၀ မီဂါဝပ် ထုတ်လုပ်ပေးနိုင်သော ရေပေါ်ဓာတ်အားပေး သင်္ဘော တစီးကို တူရကီနိုင်ငံ အီစတန်ဘူလ်မြို့တော်မှ မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်သို့ ယခုနှစ် ဧပြီလအတွင်းတွင် ရောက်ရှိလာပြီး မြန်မာတနိုင်ငံလုံး လျှပ်စစ် သုံးစွဲမှု၏ ၂၀ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးနိုင်ရန် မျှော်လင့်ထားကြောင်း Karadeniz Powership energy group ၏ အမှုဆောင် အရာရှိချုပ် Orhan Karadeniz က နိုဝင်ဘာလ ၁၃ ရက် နေ့ တွင် Istanbul မြို့၌ ပြုလုပ်ခဲ့သော အခန်းအနားတခုတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
မီတာ ၃၀၀ ရှည်လျားသည့် သင်္ဘောက သီလဝါ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းအနီးတွင် ဆိုက်ကပ်၍ ရန်ကုန်မြို့တော် အတွက် တနေ့လျှင် ၃၀၀ မီဂါဝပ်နှုန်းဖြင့် ၅ နှစ်တာ ဓာတ်အားပေးသွားမည် ဖြစ်သည်။ အဆိုပါသဘောၤသည် အီစတန်ဘူလ်မြို့တော်မှ ဖေဖော်ဝါရီလကုန်ပိုင်းတွင် ရန်ကုန်မြို့သို့ ထွက်ခွာလာမည်ဖြစ်ပြီး ဧပြီလအစောပိုင်းတွင် လျှပ်စစ် ထုတ်လွှတ်ပေးနိုင်မည်ဟု မျှော်မှန်းထားသည်။
ထိုသဘောၤသည် Karpower ကတည်ဆောက်ခဲ့သော သဘောၤများအနက် အကြီးဆုံးသင်္ဘောတစီးဖြစ်ပြီး ရန်ကုန်ကို မီဂါဝပ် ၃၀၀ ပေးပို့ပြီးသည့်တိုင်အောင် ကျန်ရှိနေသေးသည့် ၁၈၀ မီဂါဝပ်ကို လိုအပ်ချက်ရှိပါက ထပ်မံသုံး နိုင်သေး ကြောင်း ကုမ္ပဏီက ပြောဆိုခဲ့သည်။
မြန်မာအစိုးရနှင့် ကနဦးသဘောတူညီချက်အရ ထိုကုမ္ပဏီကရောင်းချပေးမည့် ဓာတ်အားခက ၁ မီဂါဝပ်လျှင် အမေရိကန်ဒေါ်လာ ၁၁၂.၂၄ ကျသင့် မည် ဖြစ်ပြီး အနည်းဆုံး လျှပ်စစ်ဓာတ်အားဈေးနှုန်းများထဲတွင် ပါဝင်သည်ဟု ဆိုနိုင်ပါသည်။ ထိုသို့ ဈေးနှုန်း အနည်းဆုံးနှင့် ရောင်းချပေးမည်ဖြစ်ခြင်းကြောင့်လည်း တင်ဒါအောင်မြင်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။
“ကျမတို့က တာဘိုင်စက်တွေ အသုံးပြုမှာ မဟုတ်ပါဘူး။ ဒီအင်ဂျင်တွေက လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့နေရာမှာ လောင်စာဆီ ၂ မျိုး သုံးစွဲတဲ့ စနစ်အရ သဘာဝဓာတ်ငွေ့နဲ့ ဆာလ်ဖာပါဝင်မှုနည်းတဲ့ မီးထိုးဆီ (heavy fuel oil) တွေ ကို အသုံးပြုမှာ ဖြစ်ပါတယ်” ဟု Karpower မှ ဒါရိုက်တာတစ်ဦးဖြစ်သူ Zeynep Harezi က အစ္စတန်ဘူမြို့တွင် ဧရာဝတီ သို့ ပြောသည်။
“အခုလျှပ်စစ် ဓာတ်အား ထောက်ပံ့ရေးအတွက် သန်လျင်နဲ့ သာကေတမှာ ပို့လွှတ်ရေးလိုင်းတွေဆွဲဖို့ ပြင်ဆင်နေပါတယ်” ဟု သူက ထပ်ပြောသည်။
အစိုးရနှင့် ကုမ္ပဏီကြား သဘောတူစာချုပ် တရားဝင်ချုပ်ဆိုနိုင်မှုကို လာမည့် ဒီဇင်ဘာမတိုင်မီ ဆောင်ရွက်နိုင်မည် ဟု လည်း မျှော်လင့်ထားသည်။
ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုက အလျှင်အမြန်တိုးတက်လာနေပြီး (တနှစ်လျှင် ၁၅ ရာခိုင်နှုန်း) လတ်တလော တွင် သုံးစွဲမှုက တနေ့လျှင် ၁၂၀၀ မီဂါဝပ် အထိ ရောက်ရှိနေသည်။ မြန်မာနိုင်ငံ နေ့စဉ် လျှပ်စစ် ဓာတ်အားသုံးစွဲမှု၏ တဝက် ဖြစ် သည်။
အောက်တိုဘာလတွင် Karpower က စက်ရုံများ၊ ဆေးရုံများနှင့် ကျောင်းများ အပါအဝင် ရန်ကုန်မြို့၏ တိုးတက်လာ နေသည့် စွမ်းအင်လိုအပ်ချက်အတွက် လျှပ်စစ်ထောက်ပံ့မည့် ကုမ္ပဏီ ၂ ခုအနက်မှ တခု အနေဖြင့် တင်ဒါ အောင်မြင်ခဲ့သည်။နောက် ကုမ္ပဏီ တခုမှ အမေရိကန် နိုင်ငံမှ APR Energy ဖြစ်သည်။ ထိုစွမ်းအင်လိုအပ်ချက်အတွက် တင်ဒါ ခေါ်ယူသော အခါ လျှောက်ထားသည့် ကုမ္ပဏီ ၆ခုရှိခဲ့ပြီး ၂ခု ကိုသာ အစိုးရက ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
“ဒီအစိုးရလက်ထက်မှာ တင်ဒါခေါ်ယူမှုက ပွင့်လင်းမြင်သာမှုရှိပါတယ်။ ကျမတို့ ကုမ္ပဏီအရွေးခံရတဲ့အထဲမှာလည်း သင်္ဘောက အဆင်သင့်ရှိနေပြီး အချိန်မရွေးလာထုတ်ပေးနိုင်လို့လည်း ပါပါတယ်။” ဟု သူက ဆက်ပြောသည်။
စက်ရုံများ၊ ဟိုတယ်များ၊ စက်မှုဇုန်များ ပိုမိုတည်ဆောက် လာခြင်းကလည်း ရန်ကုန်မြို့၏ စွမ်းအင်လိုအပ်ချက် အလွန်မြင့် တက်လာခြင်း၏အကြောင်းရင်းများထဲမှ တခုဖြစ်သည်။ ရန်ကုန် မြို့တော်တွင် လျှပ်စစ်ဓာတ်အား လို အပ်ချက် တိုးမြင့်လာခြင်းမှာ (ဟောင်းနွမ်းသည့် ဓာတ်ကြိုးကွန်ရက်များနှင့် လျှပ်စစ်ဓာတ်အား လေလွင့် ဆုံးရှုံးစေသည့် အားနည်းသည့် အခြေခံ အဆောက်အဦး အပေါ်တွင်သာ အားထားနေရသော) စီးပွားရေးလုပ်ငန်းများ တိုးပွားလာခြင်း နှင့် စွမ်းအင်လိုအပ်ချက်က ရန်ကုန်မြို့တွင် ဆောက်လုပ်ရေး လုပ်ငန်းများ တိုးပွားလာနေခြင်းကြောင့် ဖြစ်သည်ဟုရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မေလ အတွင်းတွင် ပြောကြားခဲ့သည်။
“လာမယ့် လတွေအတွင်းမှာ လျှပ်စစ်ဓာတ်အား လုံလောက်အောင် ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဆက်လက်ပြီး ခက်ခဲနေပါ ဦးမယ်” ဟု ဦးဖြိုးမင်းသိန်းကယခုနှစ် မေလအတွင်းက ပြောကြားခဲ့သည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အရ ဖြေကြားသူများအနက် ၃၂.၄ ရာခိုင်နှုန်းကသာ လျှပ်စစ်ဓာတ်အားကို မီးထွန်းရန် ပင်မအရင်း အမြစ် အဖြစ်အသုံးပြုနိုင်ကြပြီး ချက်ပြုတ်ရန် လောင်စာအဖြစ် ထင်းကို အဓိက အသုံးပြုသည်ဟု ဖြေဆိုသူက ၇၀ ရာ ခိုင်နှုန်း နီးပါးရှိပါသည်။
Karpower ကို ၁၉၉၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ပထမဆုံး ဓာတ်အားပေးသင်္ဘောက အီရတ် နိုင်ငံသို့ ၂၀၁၀ ခု နှစ် တွင်သွားရောက်ခဲ့သည်။ ဇွန်လ အတွင်းတွင် တူရကီ နိုင်ငံခြားရေး ဝန်ကြီး Mevlut Cavusoglu က ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့ဆုံ၍ ကျန်းမာရေး၊ ပညာရေး၊ အခြေခံအဆောက်အဦး နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍများတွင် တူရကီ နိုင်ငံ ၏ အတွေ့အကြုံများကို ဝေမျှခဲ့သည်။ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုကို မြှင့်တင်ရန် သူ၏ အစိုးရအဖွဲ့က ရည်ရွယ်ထားကြောင်းလည်း သူကပြောကြားခဲ့သည်။