အမေရိကန် ဒေါ်လာ ၁ ဒေါ်လာလျှင် ပြင်ပပေါက်စျေး ၁၃၁၅ ကျပ်အထိ စျေးတက်လာရာ တလအတွင်း ၄၅ ကျပ်နီးပါး စျေးမြှင့်လာကြောင်း ဒေါ်လာအရောင်းအဝယ်ပြုလုပ်သူများထံက သိရသည်။
နိုဝင်ဘာလဆန်းပိုင်းက အမေရိကန် ၁ ဒေါ်လာလျှင် ၁၂၇၈ ကျပ်နှုန်းသာရှိခဲ့သည်။ နိုဝင်ဘာ ၁၇ ရက်တွင် အမေရိကန် ၁ ဒေါ်လာစျေးနှုန်းသည် ၁၂၉၀ ကျပ်ဖြစ်သော်လည်း ပြင်ပစျေးကွက်တွင် ဝယ်စျေး ၁၃၁၅ ကျပ်နှင့် ရောင်းစျေး ၁၃၁၆ ကျပ်အထိ စျေးမြှင့်တက်လာခြင်းဖြစ်သည်။
“ပို့ကုန်က ပိုက်ဆံသိပ်မရဘူး။ သွင်းကုန်အတွက်ပဲ လိုအပ်ချက်တွေရှိနေတော့ ဒေါ်လာရဲ့ဝယ်လိုအားက တက်နေတယ်လေ။ ဗဟိုဘဏ်ကလည်း ဒီကိစ္စကို ပြတ်ပြတ်သားသားမရှိတော့ အပြင်မှာ စျေးကစားနေတာလည်း ဖြစ်နိုင်တယ်။ ဗဟိုဘဏ်က ပြင်ပစျေးကွက်မှာ ဝင်ရောက် ချယ်လှယ်လို့ မရတော့ ဒေါ်လာရဲ့ အပြင်စျေးက တဖြည်းဖြည်း ကြီးထွားလာတာ။ FDI တွေ ဝင်လာရင်တော့ အလားအလာကောင်းမှာပါ။ ဒါပေမယ့် မြေ၊ ခြံစျေးကွက်က နိုင်ငံခြားက ဝင်ရောက်လာသူတွေ နေနိုင်အောင် အဲဒါတွေကို အရင်ဖြေရှင်းဖို့လိုနေတယ်”ဟု ကမ္ဗောဇဘဏ်၏ အကြံပေး ဦးသန်းလွင် က ဧရာဝတီသို့ပြောသည်။
၎င်းက “အဲဒီစိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်မယ်ဆိုရင်တော့ အဆင်ပြေမှာပါ။ မဟုတ်ရင်တော့ ဒေါ်လာက စျေးတက်နေမှာဘဲ။ ပြောပြရရင်တော့ အရင် နဝတ လက်ထက်တုန်းက ၁၅၀၀ ကျပ်လောက်ထိ စျေးတက်ခဲ့ဖူးတယ်။ သေချာတော့ မမှတ်မိဘူး။ အဲဒီအချိန်တုန်းက မကျယ်ပြန့်တော့ လူတွေက သိပ်မသိကြဘူး။ ဗဟိုဘဏ်က စျေးကွက်မှာ ပွင့်ပွင့်လင်းလင်းဖြစ်အောင် ထဲထဲဝင်ဝင် လှုပ်ရှားမယ်ဆိုရင် စျေးကွက်ကို ထိန်းနိုင်တယ်။ အခုက အပြင်မှာ စျေးကစားလိုက်၊ ဒေါ်လာက စျေးတက်လိုက်နဲ့ ပြန်မကျဘူး”ဟု သုံးသပ်ပြောပြသည်။
လက်ရှိတွင် အိမ်ခြံမြေစျေးကွက်နှင့် စတော့ရှယ်ယာစျေးကွက်မှာ အရောင်းအဝယ်အေးနေကာ ပုံမှန်အနေအထားတွင် ရှိနေပြီး ရွှေစျေးနှင့် ဒေါ်လာစျေးက တရိပ်ရိပ်မြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။
“အိမ်ခြံမြေစျေးကတော့ မလှုပ်နိုင်ဘူး။ လုပ်ငန်းရှင်တွေရဲ့ငွေတွေ၊ ဘဏ်ကငွေတွေက ဒေါ်လာစျေးကွက်ထဲကို ဝင်နေတယ်။ ဒေါ်လာက နိုင်ငံတွင်းကို ဝင်တာနည်းပါတယ်။ Import အတွက် သုံးတာ များနေတဲ့သဘောပဲ။ အိမ်ခြံမြေ ကတော့ ဒေါ်လာနဲ့ ရွှေကြား ညှပ်နေတယ်”ဟု အိမ်ခြံမြေလုပ်ငန်းရှင် ဦးသန်းဦးက ရှင်းပြသည်။
အမေရိကန်ဒေါ်လာ ၁ ဒေါ်လာ ပြင်ပစျေးနှုန်းသည် နိုဝင်ဘာ လဆန်းပိုင်းက ၁၂၇၈ ကျပ်မှ ၁၂၉၁ ကျပ်ထိ ပေါက်စျေးရှိခဲ့ရာမှ နိုဝင်ဘာ ၁၄ ရက်မှ ၁၇ ရက်အတွင်း ၁၃၀၅ ကျပ်မှ ၁၃၁၅ ကျပ်အထိ စျေးမြှင့်တက်လာခြင်းဖြစ်သည်။ ထို့အပြင် ရွှေစျေးနှုန်းမှာလည်း တကျပ်သားလျှင် ၈၆၉၀၀၀ ကျပ်အထိ ပေါက်စျေးရှိလာကြောင်း သိရသည်။