ကမ္ဘာ့သက်တမ်းအငယ်ဆုံး စတော့ဈေးကွက်၏ တနေ့တာလုပ်ငန်းများ စတင်တော့မည်ဖြစ်ပြီး လျှပ်စစ်ဖန်သား ပြင်ပေါ်တွင် MYANPIX အညွန်းကိန်းများနှင့် ရှယ်ယာအဖွင့်ဈေးနှုန်းများကို တွေ့နေရသည်။ သို့သော် မြန်မာနိုင်ငံစီးပွားရေး မြို့တော်၏ကျယ်ပြန့်ပြီး လူသူကင်းမဲ့သောကိုလိုနီခေတ်အဆောက်အအုံအတွင်း မည်သည့်အသံမျှ မကြားရသကဲ့သို့ ဖြစ်နေသည်။
အောင်မြင်မှုဟူသော စကားလုံးတလုံးသာ ထွင်းထားသည့် ရွှေချထားသော ခေါင်းလောင်းတလုံးကို လူသူကင်းမဲ့သော ကြမ်းပြင်အပေါ် ချိတ်စွဲထားသည်။
ထို့ပြင် ကုမ္ပဏီ ၃ ခုကိုသာ လျှပ်စစ်ဖန်သားပြင်တွင် ပြသထားပြီး ထိုတနေ့တာကုန်ဆုံးသောအခါ ရှယ်ယာ ၇၂၂၁ သာအရောင်းအဝယ်ရှိသည်။ ထိုနေ့မှာပင် နယူးယောက်စတော့အိတ်ချိန်းတွင် ရှယ်ယာ ၈၃၉ သန်းနီးပါး အရောင်း ဖြစ်သည်။
မြန်မာနှင့် ဂျပန်၏ ဒိုင်ဝါသုတေသနဌာန Daiwa Institute of Research နှင့် the Japan Exchange Group တို့၏ဖက်စပ်ဖြစ်သော ရန်ကုန်စတော့အိတ်ချိန်းသည် မတ်လက စတင်အရောင်းအဝယ်လုပ်ပြီး ရင်နှီးမြှုပ်နှံသူ ၂၀၀၀၀ သာ ဈေးကွက်အတွင်း ဝင်လာခဲ့သည်။
ထိုသို့ စွန့်စွန့်စားစားဝင်လာသူများမှာလည်း အများအားဖြင့် ကောလာဟလ၊ အုပ်စုလိုက် ရူးသွပ်သောစိတ်ဓာတ်နှင့် နက္ခတ် တာရာတို့ကိုပင် အမှီပြုဝင်လာသူများဖြစ်သည်ဟု စတော့အိတ်ချိန်းကြီးကြပ်သူများက ညည်းညူကြသည်။
ရင်းနှီးမြှုပ်နှံမှု ဆုံးဖြတ်ချက်ချရန် အတွက် လမ်းညွှန်အဖြစ် နက္ခတ်တာရာ ဇယားတခုကို သူ၏ဖောက်သည်တဦးက ယူလာပေးသည်ဟု KBZ Stirling Coleman Securities မှ Martin Zhang က ပြောသည်။
ကမ္ဘာ့ပထမဆုံးဖြစ်သော အမ်စတာဒမ်စတော့အိတ်ချိန်းကို လွန်ခဲ့သော ၄၂၈ နှစ်က စတင်ဖွင့်ခဲ့သည်။ ကမ္ဘာ့အကြီးဆုံးဖြစ်သော နယူးယောက်စတော့အိတ်ချိန်းကို ၁၈၁၇ ခုနှစ်က ဖွင့်ခဲ့သည်။ ရန်ကုန်စတော့အိတ်ချိန်းမှ အထက်တန်း မန်နေဂျာ ဦးသက်ထွန်းဦးကမူ မကြာသေးမီ လာရောက်ခဲ့သော သတင်းစာဆရာများကို သတိပေးခဲ့ရသည်။
“ကျနော်တို့က ၇ လသားပဲရှိသေးတာ” ဟု သူ ပြောခဲ့သည်။
အရှေ့တောင်အာရှမှ လူဦးရေ ၅၅ သန်းခန့်ရှိသော မြန်မာနိုင်ငံတွင် ရာစုနှစ်ဝက်နီးပါးကြာသော ကြမ်းတမ်းသည့် စစ်အုပ်ချုပ်ရေးသည် စီပွားပျက်ကပ်ကို ဆောင်ယူပေးခဲ့ပြီး နိုင်ငံတကာအသိုင်းအဝန်းနှင့် ကမ္ဘာ့ဘဏ္ဍာရေးလမ်းကြောင်းမှ ကင်းကွာ အထီးကျန်စေခဲ့သည်။
သို့သော် မြန်မာသည် သယံဇာတပေါကြွယ်ဝပြီး အာရှ၏ နောက်ဆုံးစီးပွားရေး စစ်မျက်နှာများအနက် တခုအဖြစ် ရင်းနှီး မြှုပ်နှံမှုများကိုလည်း ဖိတ်ခေါ်နေသည်။ တချိန်က ဗြိတိန်၏ ကိုလိုနီဖြစ်ခဲ့သော မြန်မာနိုင်ငံ၏ ယခုနှစ်စီးပွားရေးတိုးတက်မှုနှုန်းမှာ ၈ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းထားပြီး ဒေသတွင်း၌ အမြင့်ဆုံးစာရင်းတွင် ပါသည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် အရောင်းအဝယ် စတင်ပြီး တပတ်မျှအတွင်း နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ဒီမိုကရေစီနည်းကျ ရွေးချယ်ခံရသောအစိုးရ အာဏာရလာသည်။ ထိုမှစ၍ အမေရိကန်ပြည်ထောင်စုကလည်း ယခင်စစ်အစိုးရအပေါ် ချမှတ်ထားသော ပြည်ပမှ ငွေလွှဲခြင်းကို ခွင့်ပြုပြီး စီးပွားရေးပိတ်ဆို့မှု အားလုံးနီးပါးကို ရုပ်သိမ်းပေးသည်။ ပြည်ပမှ ငွေလွှဲခြင်းကို ခွင့်ပြုခြင်းသည် ဈေးကွက်ကို တွန်းအား ဖြစ်စေနိုင်မည်ဟု ကျွမ်းကျင်သူများက ပြောကြသည်။
“စောင့်ကြည့်ရမယ်၊ ဒါက အခြေအနေပေါ် မူတည်တယ်။ စီးပွားရေးကောင်လာရင် စတော့ဈေးကွက်လည်း ကောင်းလာမယ်” ဟု စီးပွားရေးပညာရှင် စာရေးဆရာခင်မောင်ညိုက ပြောသည်။ သို့သော် လတ်တလောတွင် တော်ရိရော်ရိသမားများ ဂရုစိုက်ရမည်ဟု သူက သတိပေးသည်။ “ကုမ္ပဏီ ၃ ခုတည်း မူရင်းဈေးအောက်မှာ ရောင်းဝယ်နေကြတော့ ရင်းနှီးမြှုပ်နှံသူတွေ တက်ခြေမကိုက်ကြဘူး” ဟု သူ က ဆိုသည်။
ပထမဆုံးအရောင်းအဝယ်ပြုလုပ်သော First Myanmar Investment ကို အိမ်ခြံမြေလုပ်ငန်းရှင် Serge Pun က ပိုင်ပြီး ထိုလုပ်ငန်းမှာ နိုင်ငံ၏အကြီးမားဆုံး အများပိုင်ကုမ္ပဏီဖြစ်သည်။ ရှယ်ယာတခုလျှင် ၄၀၀၀၀ ကျပ်နှင့် စဖွင့်ပြီး ယခင်နှစ်က မြတ်စွန်းနေစေကာမူ နိုဝင်ဘာ ၁၁ ရက်နေ့တွင် ၁၆၀၀၀ ကျပ်သာ ဈေးရှိတော့သည်။
“လူတွေက တီဗီတွေကြည့်၊ ဝတ္ထုတွေဖတ်ပြီး နေ့ချင်းညချင်း ချမ်းသာမယ် ထင်နေကြတာ။ အခုတော့ ဒီလောက်မလွယ်ဘူး ဆိုတာ သိလာကြပြီ” ဟု စာရေးဆရာ ခင်မောင်ညိုက ပြောသည်။
ရင်းနှီးမြှုပ်နှံသူအများအပြားမှာ မိတ်ဆွေများ၊ အိမ်နီးချင်းများနောက်သို့ အကန်းသဖွယ်လိုက်ပါပြီး ဈေးကွက်အတွင်းဝင်လာကာ ဈေးကွက်ပြိုကွဲသောအခါ အားလုံးချောက်ကမ်းပါးထိပ် ရောက်ကုန်ကြသည်ဟု KBZ မှ Zhang ကပြောသည်။
အချို့သောသူများသည် ဗေဒင်မေးပြီးမှ ဈေးကွက်အတွင်း ဝင်လာသည်ဟု ထင်ရကြောင်း ထိုလုပ်ငန်း၏အကြီးအကဲ Jonathan Lin ကလည်း ပြောသည်။ မည်သို့ဆိုစေ ဤနိုင်ငံတွင် ယခင်ခေါင်းဆောင်များသည် ဗေဒင်မေးပြီးမှသာ အရေးပါသောနိုင်ငံရေးဆုံးဖြတ်ချက် ချကြသည်သာ ဖြစ်သည်။
KBZ နှင့်အခြား ကြားခံကုမ္ပဏီ ၄ ခုတို့က စတော့ရှယ်ယာများကို အီလက်ထရွန်းနစ်နည်းဖြင့် ကိုင်တွယ်ကြသည်။ ထို အချက်သည်ပင် ၁၉၃၉ ခုနှစ်ကတည်ဆောက်ခဲ့သော ကိုလိုနီခေတ်ပုံစံ ခန့်ညားလှသော အဖြူရောင်ကျောက်တိုင်ကြီးများ ရှိသည့် ရှယ်ယာရောင်းဝယ်ရာနေရာတွင် ငြိမ်သက်နေရသော အကြောင်းရင်းတခုဖြစ်သည်။
အစဉ်အလာအားဖြင့် မြန်မာတို့သည် ၎င်းတို့၏ချမ်းသာကြွယ်ဝမှုကို ရွှေနှင့် ကျောက်မျက်ရတနာများ ဝယ်ယူစုဆောင်းကြသည်။ Serge Pun ကဲ့သို့သော အချမ်းသာဆုံးသူများသည် ၎င်းတို့၏ ကုမ္ပဏီများကို စာရင်းသွင်းရန် စင်္ကာပူသို့ သွားကြရ သည်။
နိုင်ငံတွင်း၂ လုံးထီမှာ ငွေကစားသူများအကြား လွန်စွာ လူကြိုက်များကြသည်။ သို့သော် ရန်ကုန်မြို့လမ်းများပေါ်မှ လူအများစုကို စတော့ဈေးကွက်အကြောင်းမေးလျှင် ပဟေဠိဆန်သော ပုံဖြင့် ကြောင်တောင်တောင် ပြန်ကြည့်နေကြမည်ဖြစ်သည်။
ရန်ကုန်စတော့အိတ်ချိန်းမှ ဦးသက်ထွန်းဦးက သူ၏ဝန်ထမ်းများသည် နိုင်ငံအနှံ့ ခရီးသွားပြီး၊ လူမှုကွန်ရက်သုံးကာ ရင်းနှီး မြှုပ်နှံသူဖြစ်ရန် အလားအလာရှိသူများအား လေ့လာပြီး ရေရှည်အကျိုးအမြတ်အတွက် ရင်းနှီးမြှုပ်နှံရန် တိုက်တွန်းမည်ဟု ပြောသည်။
မြန်မာနိုင်ငံသည် စတော့ဈေးကွက်တွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ပါဝင်ခွင့်ပြုရန်နှင့် လက်ရှိ တရက် နှစ်ကြိမ်ရောင်းဝယ်ခြင်းစနစ်ကို စဉ်ဆက်မပြတ် ရောင်းဝယ်သောစနစ်သို့ ပြောင်းရန် ဥပဒေရေးဆွဲနေသည်။ စတုတ္ထမြောက် စတော့အိတ်ချိန်း စာရင်းဝင်အဖြစ် ပထမပုဂ္ဂလိကဘဏ်ကို ယခုနှစ် မကုန်မီ စာရင်းသွင်းရန် စီစဉ်ထားသည်။
ရှေ့လာမည့် ၅ နှစ်အတွင်း တနှစ်လျှင် ကုမ္ပဏီသစ် ၅ ခုစီ စာရင်းဝင်လာမည်ဟု ခန့်မှန်းကြောင်း ဦးသက်ထွန်းဦးက ပြောသည်။ ဈေးကွက်ကြီးထွားလာသောအခါ ယခုအထိ လက်ရှောင်နေသော အဖွဲအစည်းလိုက် ရင်းနှီးမြှုပ်နှံသူများ ဈေးကွက်အတွင်း ဝင်လာမည်ဟုလည်း သူ ပြောသည်။
မျှော်မှန်းချက်မှာ ရန်ကုန်စတော့အိတ်ချိန်းသည် လာအို၊ ကမ္ဘောဒီယားတို့၏ စိတ်ပျက်စရာ အိတ်ချိန်းများနှင့်မတူဘဲ ဗီယက်နမ်၏ လွန်စွာ အောင်မြင်သော စတော့အိတ်ချိန်းထက် သာလွန်ရေးဖြစ်သည်။ ၎င်းတို့အားလုံးကို ၂၀၀၅ ခုနှစ်စတင်ဖွင့်လှစ်ခဲ့သည်။
စနစ်ဟောင်းများကို ခုန်ပျံပျော်လွှားကာ မြန်မာစတော့အိတ်ချိန်းတွင် နောက်ဆုံးပေါ်နည်းပညာရှိသည်။ မကြာမီ ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့၏ မိုဘိုင်းဖုန်းများမှ ရှယ်ယာရောင်းဝယ်နိုင်မည်ဖြစ်သည်။
“ကျနော်တို့ အလျင်အမြန် ဖွံ့ဖြိုးနိုင်တယ်။ ဒါပေမယ့် စနစ်တကျအကူအညီပေးနိုင်တဲ့ငွေရင်းဈေးကွက်ဟာ နိုင်ငံ့အတွက်အရေးပါတာကို နားလည်တဲ့ အစိုးရက ကြီးကြပ်ထိန်းကြောင်းဖို့ လိုတယ်” ဟု ရန်ကုန်ရှိ KBZ မှ မန်နေဂျင်း ဒါရိုက်တာ Rudi Rolles က ပြောသည်။
စတော့ဈေးကွက် ဝါရင့်ကျွမ်းကျင်သူ Rudi Rolles က စတော့အိတ်ချိန်းဝင်ကုမ္ပဏီများကို အခွန်ယာယီကင်းလွတ်ခွင့်ပေးခြင်းကဲ့သို့သော အစီအစဉ်များဖြင့် အစိုးရက ကူညီနိုင်သည်ဟု ပြောသည်။
စီးပွားရေးကြီးထွားလာစေရန် ငွေရင်းရှာဖွေပေးရေးတွင် စတော့အိတ်ချိန်းသည် လွန်စွာ အရေးပါသည်ဟု သူနှင့် အခြားသော ဈေးကွက်မြှင့်တင်သူများက ပြောသည်။
“ဒီဈေးကွက်က မွေးကင်းစပဲရှိသေးတယ်၊ ဒါပေမယ့် ရေရှည်မှာ ဖွံ့ဖြိုးပြီး အောင်မြင်မယ်” ဟုလည်း Rudi Rolles ကပြောသည်။
(AP သတင်းဌာနမှ Denis D. Gray ၏ World’s youngest stock market struggles in Myanmar ကို ဘာသာပြန်ဆိုသည်)