အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသစ် တာဝန်ယူပြီး ၈ လနီးပါးကာလတွင် တိုင်းပြည်၏ စီးပွားရေးတိုးတက်အောင် မစွမ်းဆောင်နိုင်ဟုပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ဥက္ကဋ္ဌဦးသန်းဌေးကဝေဖန် ပြောဆိုသည်။
ယမန်နေ့ကနေပြည်တော်ရှိကြံ့ခိုင်ရေးပါတီဌာနချုပ်တွင် ပြုလုပ်သည့် “မြန်မာနိုင်ငံစီးပွားရေးဆိုင်ရာဆွေးနွေးပွဲ” အဖွင့်မိန့်ခွန်းတွင် အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
“တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေဘယ်လိုရှိလဲဆိုတာကိုလုပ်ငန်းများလည်ပတ်နိုင်မှု၊ ကုန်ဈေးနှုန်းများနဲ့ လက်တွေ့ စားဝတ်နေရေးအဆင်ပြေခြင်း၊ မပြေခြင်းတို့ကဖော်ပြနေပါပြီ” ဟုဦးသန်းဌေးကပြောသည်။
စီးပွားရေးကျပ်တည်းမှုကြောင့် တိုင်းပြည်အတွက် စိုးရိမ်စရာကောင်းသည်မှာရာဇဝတ်မှုများပြားလာကြောင်း၊ ထို့ကြောင့် ယနေ့တွင် ပြည်သူ့ဘဝလုံခြုံမှု၊ ပြည်သူတို့၏ စားဝတ်နေရေးနှင့် စီးပွားရေးဘဝဖွံ့ဖြိုးတိုးတက်ရန်အတွက် လေ့လာသုံးသပ် ဆွေးနွေးရတော့မည် ဖြစ်ကြောင်း ၄င်းက ပြောသည်။
၄င်းတို့ပါတီက ကျင်းပသည့် ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာလက်ရှိကြုံတွေ့နေရသည့် စိန်ခေါ်မှု ပြဿနာများအားကျော်လွှား၍ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်၊ ပြည်သူပြည်သားများခံစားနေရသောလူမှုစီးပွားရေးအကျပ်အတည်းများလျော့ပါးစေရန်နှင့် ပါတီ၏ စီးပွားရေးဆိုင်ရာမူဝါဒအဖြစ် ခိုင်ခိုင်မာမာချမှတ်ဆောင်ရွက်နိုင်ရန် ရည်ရွယ် ကျင်းပရခြင်းဖြစ်ကြောင်းကြံ့ခိုင်ရေးပါတီကသတင်းထုတ်ပြန်သည်။
ထို့အပြင် မြန်မာနိုင်ငံအပေါ် နိုင်ငံရေး၊ စီးပွားရေးပိတ်ဆို့မှုများခံနေရသည့် ကာလမျိုးမှာပင် နိုင်ငံစီးပွားရေးကိုတည်ငြိမ် တိုးတက်အောင်၊ ပြည်သူများနေ့စဉ် ရင်ဆိုင်နေရသည့် အထွေထွေကုန်စည်ဈေးနှုန်းများကိုတည်ငြိမ်အောင် ကြံ့ခိုင်ရေးပါတီအစိုးရလက်ထက်ကဆောင်ရွက်နိုင်ခဲ့ကြောင်းလည်းဦးသန်းဌေးကပြောသည်။
ထိုကဲ့သို့ ဦးဆောင်ခဲ့ကြသည့် အငြိမ်းစားဝန်ကြီး၊ ဒုဝန်ကြီးများနှင့် ဘာသာရပ်၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူပုဂ္ဂိုလ်များကစီးပွားရေးဆိုင်ရာစာတမ်း ၆ စောင် တင်သွင်းပြီးဆွေးနွေးသုံးသပ်ကြမည်ဟု ၎င်းကဆက်ပြောသည်။
စာတမ်း ၆ စောင်မှာနိုင်ငံတော် ဘဏ္ဍာရေး၊ ငွေရေးကြေးရေးနှင့် စီးပွားရေးအခြေအနေ၊ အမျိုးသားစီမံကိန်းအကောင်အထည် ဖော်မှုများ၊ ကုန်သွယ်ရေးနှင့် အခြေခံကုန်ဈေးနှုန်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပြည်တွင်းရင်းနှီး မြှုပ်နှံမှုများအားအခြားနိုင်ငံများနှင့် နှိုင်းယှဉ်လေ့လာခြင်း၊ စာရင်းအင်းအချက်အလက်နှင့် ဖွံ့ဖြိုးတိုးတက်မှုစသည့်တို့ ဖြစ်သည်။
“ပုထုဇဉ် လူသာမန်မျှသာဖြစ်သောသူများ၊ ယင်းသို့သောလူများနဲ့ ဖွဲ့စည်းထားသောအဖွဲ့အစည်းများရဲ့ စဉ်းစားချက်များဟာတွေးသမျှမှန်တယ်။ လုပ်သမျှ မှန်တယ်ဆိုတာဘယ်လိုမှ သဘာဝမကျသလိုဖြစ်လည်းမဖြစ်နိုင်တဲ့အတွက် စဉ်းစားချက်၊ လုပ်ဆောင်ချက်များတိမ်းပါးနေခြင်း၊ အမှတ်မဲ့ ဖြစ်ခြင်း၊ ဂရုမထားခြင်းတို့ ရှိနိုင်ပါတယ်” ဟုဦးသန်းဌေးကဆိုသည်။
သို့သော် ထိုကဲ့သောအမှတ်တမဲ့ ဖြစ်စဉ်များ၏ အကျိုးဆက်ကပြည်သူများအတွက် ရလဒ်ဆိုးများထွက်မလာစေရန် သတိထားကာကွယ်ရန် လိုကြောင်း၊ နိုင်ငံနှင့် ပြည်သူတရပ်လုံးနှင့် ပတ်သက်သည့် အရေးကြီးကိစ္စများကိုဆွေးနွေးသုံးသပ် စီမံမည်ဆိုပါကပြည်တွင်းကအရှိတရားများ၊ ပကတိအခြေအနေများကိုအခြေခံစဉ်းစားမှသာအမှန်တရားနှင့် နီးစပ်လိမ့်မည်ဟုဦးသန်းဌေးကပြောသည်။
“နိုင်ငံတကာအဖွဲ့အစည်းကပြောမှ မှန်တယ်။ နိုင်ငံခြားကလာလုပ်ပေးမှ ကောင်းတယ်ဆိုတဲ့ အယူအစွဲများဟာလည်းတိုင်းပြည် တည်ဆောက်ရေးမှာအမြဲတမ်းအလုပ်မဖြစ်ကြောင်းသမိုင်းသင်ခန်းစာများရှိထားတာကိုလည်းသတိပြုစေလိုပါတယ်” ဟုဦးသန်းဌေးကပြောဆိုခဲ့သည်။
အစိုးရသစ်တက်လာခါကစတွင် စည်းကမ်းနှင့် မညီသည့် ဆောက်လုပ်ရေးလုပ်ငန်းများကိုရပ်ဆိုင်းခြင်း၊ ကျောက်စိမ်းအလွန်အကျွံ တူးဖော်ခြင်းများကိုရပ်ဆိုင်းလိုက်ခြင်းများသည် ကောင်းသည့် လုပ်ရပ်ဖြစ်၍ ရေရှည်တွင် အကျိုးရှိနိုင်သော်လည်းလတ်တလောတွင် အလုပ်လက်မဲ့များဖြစ်ခြင်း၊ နိုင်ငံခြားငွေဝင်ရောက်မှုလျော့နည်းခြင်းများကစီးပွားရေးတိုးတက်မှုကိုသက်ရောက်မှုများရှိစေကြောင်းပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းဦးရဲထွန်းကပြောသည်။
“အစိုးရသစ်လက်ထက်မှာလုပ်ငန်းတွေမှာတုန့်ဆိုင်းမှုတွေဖြစ်တာတော့ အမှန်ပဲ။ အရင်အစိုးရကြောင့် ဆိုတာထက် နောက်တက်လာတဲ့ အစိုးရသစ်ရဲ့ စီမံခန့်ခွဲမှုအားနည်းချက်တွေကြောင့်လည်းဖြစ်တယ်။ ဒီလိုအချိန်မှာအတိုက်အခံပါတီကြီးတရပ်ကသူတို့တတ်နိုင်တဲ့ ဘက်ကနေစီးပွားရေးအခက်အခဲတွေကိုသူ့နည်းသူ့ဟန်နဲ့ ပညာရပ်ဆိုင်ရာရှုထောင့်ကနေဝေဖန်တာမျိုးကတော့ ကြိုဆိုရမှာပါ” ဟုဦးရဲထွန်းကပြောသည်။