စီးပွားရေး ဖွံ့ဖြိုးမှုအတွက် စွမ်းအင်လိုအပ်သည်။ စွမ်းအင်က စက်မှုလုပ်ငန်းနှင့် ကုန်ပစ္စည်းထုတ်လုပ်ရေးကို တွန်းအား ပေးသည်။ ဘဝနေထိုင်မှုကို တိုးတက်စေသည်။ ဈေးကွက်တို့ကို ဆက်သွယ်ပေးသည်။ ခေတ်သစ် စီးပွားရေးတခုသို့ ကူး ပြောင်းရေးတွင် စွမ်းအင် ပိုမိုသုံးစွဲခြင်းက အစိတ်အပိုင်း တခုအနေဖြင့် ပါဝင်နေသည်။ စီးပွားရေး ဆက်လက်ဖွံ့ဖြိုးနေ သည်နှင့် အမျှ စွမ်းအင်ကိုလည်း ပိုမိုသုံးစွဲလာနေသည်။
ကမ္ဘာတလွှားတွင် မြင်တွေ့နေရသည့် စွမ်းအင်နည်းပါးသော၊ ဝင်ငွေ နည်းပါးသော နိုင်ငံ အချို့နှင့် ထိုအချက်က အဓိက သက်ဆိုင်ပါသည်။ အဆိုပါ နိုင်ငံများက အာဖရိကနှင့် အာရှတွင် အနည်းငယ် ရှိနေသည်။ မြန်မာနိုင်ငံသည်လည်း တခု အပါအဝင် ဖြစ်သည်။
လျှပ်စစ်ဓာတ်အားပေးနိုင်ရေး
မြန်မာနိုင်ငံက စွမ်းအင်ချို့တဲ့သော နိုင်ငံ ဖြစ်ပါသည်။ လူတဦးချင်း အချိုးအစားအရ အိန္ဒိယ၏ ၄ ပုံ ၁ ပုံ၊ ဗီယက်နမ်၏ ၁၀ ပုံ ၁ ပုံ သို့ မဟုတ် အမေရိကန်၏ ၁၀၀ ပုံ ၁ ပုံသာ ရှိပါသည်။ အခြေခံ ဖွဲ့စည်းတည်ဆောက်ပုံ ပြောင်းလဲရေးက စွမ်းအင်မှ စွမ်းအား ဖြစ်လာရေး၊ ကုန်ထုတ်လုပ်ရေး၊ စက်မှုလုပ်ငန်း သို့မဟုတ် ဝန်ဆောင်မှုများအတွက် လိုအပ်ပါသည်။ အသုံးပြုသူများအတွက် လျှပ်စစ်ဓာတ်အားဆိုသည်မှာ အချိန်ကုန် သက်သာစေသည်သာမက လူသား၏ စွမ်းရည်နှင့် သက်တောင့်သက်သာ နေနိုင်မှုကိုလည်း တိုးမြှင့်စေပါသည်။
မြန်မာနိုင်ငံကို လျှပ်စစ်ဓာတ်အားပေးနိုင်ရေးက ပြည့်စုံသော မူဝါဒဆိုင်ရာ အားထုတ်မှုအပေါ်တွင် မူတည်ပါသည်။ စွမ်း အင်က အလွန်အခြေခံကျသော်လည်း ခေတ်မီသော ပုံစံအနေအထားများကို ရရှိရေး အာမခံရန် မလွယ်ပါ။ အကြီး စားကွန်ရက်တခု ချဲ့ထွင်ရေး မူဝါက အကုန်အကျ ကာမိသော ချဉ်းကပ်မှုဖြစ်သည်။ သို့သော်လည်း ထည့်စဉ်းစားရမည့်ကိစ္စများ ရှိနေသည်။ ကွန်ရက်ဆက်သွယ်ရေးက ကုန်ကျစရိတ်မြင့်မားပြီး တလုံးတခဲတည်း သုံးစွဲရမည်လည်း ဖြစ်သည်။ တိုင်းပြည်က ကျေးလက်ဒေသများပြားပြီး လူဦးရေ သိပ်သည်းမှုနည်းပါးခြင်းကြောင့် ကွန်ရက်ပြင်ပ လျှပ်စစ်ထုတ်လုပ်ရေးက မရှိမဖြစ် အရေးပါလာသည်။
မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်ဓာတ်အားကို မည်သည့် အရင်းအမြစ်မှ ရယူသင့်ပါသနည်း။ ဒေသတွင်းရှိ အခြားနိုင်ငံများမှ အတွေ့ကြုံများက ရှေ့ဆက်သွားနိုင်ရေးအတွက် လမ်းညွှန်ဖြစ်ပါလိမ့်မည်။ မြန်မာနိုင်ငံသည် အခြားသော မဲခေါင်ဒေသ နိုင်ငံများကဲ့သို့ပင် ရေအားလျှပ်စစ် အရင်းအမြစ်ကြွယ်ဝခြင်းမှ အကျိုးဖြစ်သည့် နိုင်ငံတခုဖြစ်သည်။ ရေအားလျှပ်စစ်က လျှပ်စစ်ဓာတ်အားကို ဈေးနှုန်းချိုသာစွာ ရရှိနိုင်သည့် အဖိုးတန်သော အရင်းအမြစ်ဖြစ်သော်လည်း ရာသီအလိုက်သာ ရနိုင်သည့် ပြဿနာ ရှိနေသည်။ ပူပြင်းခြောက်သွေ့သည့် နွေရာသီတွင် ထုတ်လုပ်မှုလျော့ကျသည့်အတွက် မီးပြတ် တောက်မှုများ ဖြစ်ပေါ်စေသည်။ နယ်စပ်ဖြတ်ကျော် ဝယ်ယူခြင်းကဲ့သို့သော အခြားသော အစီအမံများ ရှိမနေသည့် မြန်မာ နိုင်ငံတွင် ရေအားလျှပ်စစ်အပေါ် အလွန်အမင်း မှီခိုနေရခြင်းက စိန်ခေါ်မှုတခု ဖြစ်သည်။
ဒေသတွင်း သင်ခန်းစာများ
ဗီယက်နမ်နိုင်ငံ အကြောင်းက မှတ်သားဖွယ်ရာ ဖြစ်သည်။ တဦးချင်း ဝင်ငွေ၊ တဦးချင်း လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှု၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးတွင် ရေအားလျှပ်စစ်က ပါဝင်နေသည့် အချိုးအစား အစရှိသည့် အရေးပါသော အချက် အလက် အများအပြားတွင် ၂၀၁၂ ခုနှစ် မြန်မာနိုင်ငံ၏ အခြေအနေက ၁၉၉၅ ခုနှစ် ဗီယက်နမ်နိုင်ငံ၏ အခြေအနေနှင့် တူ ညီနေသည်။
ဗီယက်နမ်နိုင်ငံက ကျောက်မီးသွေးနှင့် သဘာဝ ဓာတ်ငွေ့သုံးစွဲမှုကို ကြီးမားစွာ တိုးချဲ့ခဲ့ပြီး ရေအားလျှပ်စစ်အပေါ် မှီခိုနေရခြင်းကို လျှင်လျှင် မြန်မြန် လျှော့ချခဲ့သည်။ မြန်မာနိုင်ငံက ထိုနည်းလမ်းအတိုင်းလိုက်မည်ဆိုလျှင် ကျောက်မီးသွေး လောင်စာသုံးစွဲမှုကို တိုးချဲ့ မည်ဖြစ်သည်။ (လတ်တလော ဆွေးနွေးမှုများအရ အဆိုပါ အစီအစဉ်က သိသိသာသာ ပြောင်းလဲမှုရှိနိုင်ကြောင်း ဖော်ပြနေသည်။ ယခု တင်ပြမှုက ဖြစ်နိုင်ချေတခုသာ ဖြစ်ပါသည်။) မြန်မာနိုင်ငံထွက် သဘာဝ ဓာတ်ငွေ့၏ ၄ ပုံ ၃ ပုံ ကို နိုင်ငံခြားသို့ တင်ပို့နေပြီး ဓာတ်ငွေ့ တွင်းသစ်များကလည်း ကာလရှည်ကြာစွာ ထုတ်လုပ်နိုင်မည်ဟု မမျှော်လင့်နိုင်သဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအတွက် ထောက်ပံ့မှုကို ကျဆင်းစေပါသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အစိုးရကလည်း ရွေးချယ်စရာများကို ရှာဖွေနေရာ ဓာတ်ငွေ့ရည် (LNG) ပြန်ရမည့် သဘောတူ စာချုပ်များ သို့မဟုတ် ဓာတ်ငွေ့ရည် တိုက်ရိုက်တင်သွင်းခြင်းတို့က အာရုံစိုက်ချင်စရာ အကောင်းဆုံး ဖြစ်လာသည်။ ဗီယက်နမ် နိုင်ငံတွင် သဘာဝဓာတ်ငွေ့ များပြားစွာ မရရှိနိုင်သော်လည်း နိုင်ငံခြားမှ ဝယ်ယူ တင်သွင်းခြင်းဖြင့် ဖြေရှင်းခဲ့သည်။ (ကျောက်မီးသွေး သုံးစွဲမှုလည်း သိသိသာသာ မြင့်တက်လာခဲ့သည်ကို တွေ့ရသည်။)
လျှပ်စစ်မီးခ ပြုပြင်ပြောင်းလဲမှုများ
လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အရင်းအမြစ်များကို ပေါင်းစပ်သုံးစွဲရာတွင် မည်သည့်ပုံစံက အကောင်းဆုံးဖြစ်သနည်း ဆို ခြင်းက အရေးကြီးသည့် မေးခွန်းတခု ဖြစ်သလို နောက်ထပ် အခြေခံကျသည့် မေးခွန်း တခုလည်း ရှိသည်။ လျှပ်စစ် ဓာတ်အားကို မည်သို့ ဈေးနှုန်းသတ်မှတ်သင့်ပါသနည်း။ ဓာတ်အားခ သတ်မှတ်ခြင်းက ပြုပြင်ပြောင်းလဲရေးတွင် အငြင်းပွားဖွယ် နေရာတခု ဖြစ်သည်။ ဈေးနှုန်းမြင့်တက်သွားခြင်းကို မည်သူမျှ သဘောမကျပါ။ လူတွေ လမ်းပေါ်သို့ ရောက်လာကြမည်ဖြစ်သည်။
မြန်မာနိုင်ငံက ကမ္ဘာပေါ်တွင် လျှပ်စစ် ဓာတ်အားခ (အိမ်သုံးအတွက်) ဈေးနှုန်း အသက်သာဆုံးနိုင်ငံများထဲတွင် အပါအဝင် ဖြစ်သည်။(စက်မှုလုပ်ငန်းအတွက် နှုန်းထားမှာမူ အိမ်နီးချင်း နိုင်ငံများနှင့် ယှဉ်လျှင် မြင့်မားသည့်ထဲတွင် ပါဝင်သည်။) ဓာတ်အားယူနစ်တိုင်းကို ထုတ်လုပ်မှု ကုန်ကျစရိတ်ထက် လျှော့၍ ရောင်းချပေးသည်။ အစိုးရ၏ စိုက်ထုတ်ထည့်ဝင်မှုက အနည်းအကျဉ်း မဟုတ်ပါ။ ပြန်ရသည့် ငွေနှင့် ကုန်ကျစရိတ်ကြားမှ ကွာခြားမှုက ၄၀ ရာခိုင်နှုန်းကျော် ရှိသည်။ အစိုးရက ချုပ်ကိုင်ထားသည့် ကဏ္ဍတခု၏ ငွေကြေးလိုအပ်မှုသည် အခြေခံအဆောက်အဦး တိုးတက်မှုကို ထိခိုက်စေပြီး လျှပ်စစ်ဓာတ်အားကို အားမကိုးနိုင်သည့် အခြေအနေသို့ ရောက်ခဲ့ရသည်။
ထိုင်း၊ ဗီယက်နမ်နှင့် လာအိုတို့၏ ပြုပြင်ပြောင်းလဲရေးများက နမူနာကောင်းများ ဖြစ်သည်။ ထိုင်းနိုင်ငံက တနေ့တာ အတွင်း အချိန်ကို လိုက်၍ ဈေးနှုန်းခွဲခြား သတ်မှတ်ခြင်းအားဖြင့် သုံးအား အများဆုံး အချိန်ကို စီမံခန့်ခွဲရာတွင် အထောက်အကူ ဖြစ်စေခဲ့သည်။ ဗီယက်နမ်နိုင်ငံကမူ သုံးစွဲသူများ ချမ်းသာလာ၊ တတ်နိုင်လာကြသည်နှင့် အမျှ ဈေးနှုန်းကို ဖြည်းဖြည်းမှန်မှန် မြှင့်တင်သွားခဲ့သည်။ မြန်မာနိုင်ငံတွင် အများဆုံးဖြစ်သည့် အိမ်သုံး မီတာများအတွက် အလှည့်အပြောင်း (နည်းပရိယာယ်) တခု လိုအပ်နေပါသည်။
ဓာတ်အားခ ပြုပြင် ပြောင်းလဲရေးတွင် ပြည်သူတို့၏ အမျက်ဒေါသမှ ရှောင်လွှဲရန်အတွက် ပုံမှန်ဖြစ်ပြီး ရှင်းလင်းသော ဆက်သွယ်မှု (နားလည် သဘောပေါက်အောင် ရှင်းလင်းနိုင်မှု) လိုအပ်ပါသည်။ မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်က ဓာတ်အားခများ မြှင့်တင်ခဲ့ရာ တလတွင် တနာရီ ၂၀၀ ကီလိုဝပ် ထက် ကျော်လွန်သုံးစွဲခြင်း အတွက် ဈေးနှုန်းကို များစွာ မြှင့်တင်လိုက်သည်။ သို့သော်လည်း ပြည်သူလူထုကို ရက် အနည်းငယ် အလိုရောက်မှသာ အသိပေးခဲ့သည့် အတွက် လူများစုဖြစ်သည့် ဆင်းရဲနွမ်းပါးသူများ မတတ်နိုင်လောက်သည့် ဈေးနှုန်းကို မြှင့်တင်ခဲ့သည်ဟု ယူဆခြင်း ခံရသည်။ ဖြစ်သင့်သည်မှာ မည်သူတို့ အပေါ်တွင်သာ သက်ရောက်မှု ရှိနိုင်မည်၊ ဓာတ်အားအများအပြား သုံးစွဲသူများ (ငွေကြေးတတ်နိုင်သူများ) အနေဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၏ အမှန်တကယ် ကုန်ကျစရိတ်ကို ပေးဆောင်သင့် သည် စသည် တို့ကို အဓိက ထား၍ ရှင်းပြရမည် ဖြစ်သည်။
ထုတ်လုပ်မှု အရင်းအမြစ်များကို ရောစပ်သုံးစွဲရန် အကောင်းဆုံး ပုံစံကို ဆုံးဖြတ်ရခြင်းကဲ့သို့ပင် ဓာတ်အားခ ကောက်ခံ ရေး ပြုပြင်ပြောင်းလဲမှု၏ နောက်ကွယ်မှ အကြောင်းရင်းများက ဘဏ္ဍာရေး ကိစ္စတခုတည်းသာ မဟုတ်ပါ။ ဈေးနှုန်းတွင် သုံးစွဲမှု၏ လူမှုစရိတ်များ (လေထုညစ်ညမ်းမှု၊ ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှု) တို့လည်း ပါဝင်သင့်ပါသည်။ စွမ်းအင် သုံးစွဲမှု အလျှင်အမြန်တိုးတက်နေသည့် နိုင်ငံများ အနေဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ကွဲပြားခြားနားသော (ပိုမိုစိမ်းလန်းသော) လမ်းကြောင်းတခုကို စဉ်းစားနိုင်ပါသည်။ သူတို့ အတွက် ဘတ်ဂျက်နှင့် စွမ်းဆောင်ရည်က အခက်အခဲ အတားအဆီး ဖြစ်နေဆဲ ဖြစ်သော်လည်း သန့်စင်သော စွမ်းအင်ပုံစံများက အခြားရွေးချယ်စရာဖြစ်သည်။ ဆယ်စုနှစ် တခု အတွင်း နည်းပညာ မရပ်မနားတိုးတက်လာခြင်းကြောင့်လည်း ပြည့်မြဲစွမ်းအင်များအတွက် ကုန်ကျစရိတ်က သမရိုးကျ အရင်းအမြစ်များမှ စွမ်းအင်ထုတ်လုပ်သည့် ကုန်ကျစရိတ် နီးပါးမျှ ကျဆင်းလာစေခဲ့ပြီ ဖြစ်သည်။ မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသတွင် ရောင်ခြည်စွမ်းအင်ကို အသုံးချနိုင်သည့် အလားအလာများ ကြီးမားစွာ ရှိနေပြီး ဧရာဝတီတိုင်းနှင့် ရခိုင် ပြည်နယ်တို့ကလည်း လေစွမ်းအင် ထုတ်ယူနိုင်သည့် အလားအလာများ ရှိနေသည်။
နိဂုံးချုပ်
အချုပ်ဆိုရလျှင် နိုင်ငံများအတွက် ဖြေရှင်းရမည့် ပြဿနာများ မီနူး (Menu) စာရင်း တခု ရှိသည်။ ကနဦး နှုတ်မြိန်စာ (Appetizer) တွင် လျှပ်စစ်ဓာတ်အားခ ဈေးနှုန်းကို မည်သို့ သတ်မှတ်ရမည် ဆိုသည်ကို စဉ်းစားခြင်း ပါဝင်ပါလိမ့်မည်။ အဓိက အသားဟင်းလျာ (Main dish) က စွမ်းအင်ကို ခေတ်မီပုံစံများဖြင့် ရရှိနိုင်ရေး စိန်ခေါ်မှုများနှင့် အနာဂတ် လိုအပ်ချက်များ ပြည့်မီရေး ဖြစ်ပါလိမ့်မည်။ အချိုပွဲ (Dessert) ကတော့ ထိုအရာအားလုံးကို စိမ်းလန်းသော (သဘာဝ ပတ် ဝန်းကျင် ထိခိုက်မှုမရှိသော) နည်းလမ်းတခုဖြင့် အကောင်အထည်ဖော်နိုင်ရေးပင် ဖြစ်ပါလိမ့်မည်။
(Tim Dobermann သည် IGC Myanmar မှ စီးပွားရေး ပညာရှင်တဦး ဖြစ်ပါသည်။ Warwick တက္ကသိုလ်မှ စီးပွားရေးဘွဲ့ နှင့် London School of Economics မှ စီးပွားရေးပညာ မဟာဘွဲ့ ရရှိခဲ့ပါသည်။ မြန်မာနိုင်ငံမှ စွမ်းအင်နှင့် မြို့ပြ ဖွံ့ဖြိုး တိုး တက်မှုဆိုင်ရာ ကိစ္စများကို သုတေသန ပြုလုပ်ခဲ့သူလည်း ဖြစ်ပါသည်။ London School of Economics ၏ South Asia@LSE ဘလော့ဂ်ပါ Transforming Myanmar’s energy sector ကို ဘာသာပြန်ဆိုသည်)