၁၀၅ မိုင် ကုန်သွယ်ရေး ဂိတ်စခန်းအနီး ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် တရုတ်နယ်စပ်သို့ တင်ပို့နေရသော လားရှိုး – မူဆယ် ကုန်သွယ်ရေးလမ်းကြောင်း ပြတ်တောက်သွားကြောင်း မန္တလေးတိုင်းဒေသကြီး အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း အဖွဲ့ဝင်များက ပြောသည်။
“ရှေ့ပိုင်းတောက်လျှောက်မှာ လုပ်ငန်းမကောင်းလို့ ငုတ်တုတ်ထိုင်ခဲ့ရတာ၊ အခုပွင့်လင်းရာသီချိန် အလုပ်ကောင်းပြီဆိုပြီး အားလုံးက အားခဲထားကြတာ မျှော်လင့်ချက်လေးတွေ လျော့သွားတာပေါ့ဗျာ” ဟု မန္တလေးတိုင်းဒေသကြီး အဝေးပြေး ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဌဦးမျိုးဆွေက ဧရာဝတီကို ပြောသည်။
လားရှိုး – မူဆယ် ကုန်သွယ်ရေးလမ်းကြောင်း ပြတ်တောက်သွားသဖြင့် တရုတ်ဘက်သို့ အချိန်မီတင်ပို့ရမည့် ကုန်စည်များ ပို့ဆောင်နိုင်ရန် လားရှိုး – ချင်းရွှေဟော်လမ်းမှတဆင့် တရုတ်ပြည် ကြယ်ဂေါင်နှင့် ဝမ်တိန်ဘက်သို့ တင်ပို့နိုင်ရန် ကြိုးပမ်းနေကြောင်း ဦးမျိုးဆွေက ဆက်ပြောသည်။
“ဒီနေ့တော့ ချင်းရွှေဟော်ဘက်ကနေ ၁၂ ဘီးကားတွေ သွားလို့ရတယ်ဆိုပြီး သွားကြတယ်။ လမ်းမှာလည်း ပိတ်မိနေတဲ့ကားတွေ ပိုများတယ်။ မန္တလေးမှာလည်း မသွားဘဲ အခြေအနေ စောင့်ကြည့်နေတဲ့ ဂိတ်တွေများတယ်” ဟု ၎င်းက ဆိုသည်။
တိုက်ပွဲများကြောင့် မန္တလေး-မူဆယ် ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ထားသည့်အတွက် ငါးရှဥ့်နှင့် ရေထွက်ကုန်များ တရုတ်ဘက်သို့ တင်ပို့ရာတွင် အချိန်ကြန့်ကြာ၍ အပျက်အစီးများ ရှိသော်လည်း လုပ်ငန်းပါးချိန် ဖြစ်သောကြောင့် အဆုံးအရှုံးမများကြောင်း မန္တလေးတိုင်း ငါးရှဉ့်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှုး ဦးတိုင်းကျော်က ပြောသည်။
သို့သော် ဖရဲ၊ သခွားမွှေး ကုန်သည်များက မန္တလေး – မူဆယ် ကုန်သွယ်ရေးလမ်းကြောင်း နောက် ၃ ရက် ကြာမြင့်သည့်အထိ မဖွင့်ပါက ဖရဲ၊ သခွားမွှေး ဈေးကွက်ပျက်မည့် အလားအလာနှင့် ရင်ဆိုင်နေရကြောင်း ပြောသည်။
ပဲခူးတိုင်း ဖရဲသခွားအသင်း အတွင်းရေးမှူး ဦးနိုင်လင်းထက်က “နောက် ၃ ရက် အတွင်း လမ်းမပွင့်ရင် ရှိတာတွေ ဒီမှာပဲ ချရောင်းရတော့မှာ။ ပြည်တွင်းဈေးကွက်မှာ ပြုံကျသွားရင် အလကား ဈေးနီးနီး ဖြစ်သွားလိမ့်မယ်” ဟု ဆိုသည်။
လက်ရှိအချိန်သည် တရုတ်နိုင်ငံသို့ ဖရဲ၊ သခွားမွှေးများ တင်ပို့ရသည့် ရာသီချိန်ဖြစ်သော်လည်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီး နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းမှစတင်၍ ယနေ့အချိန်အထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် ကုန်စည်ပို့ဆောင်ရေးအတွက် အလွန်အခက်အခဲ ဖြစ်နေကြောင်း ဖရဲ၊ သခွား ကုန်သည်အချို့က ပြောသည်။
ဖရဲ၊ သခွားမွှေး ပုံမှန်တင်ပို့ ရောင်းချနေသည့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို ယာယီပိတ်ထားသဖြင့် ကုန်သည်အချို့က တရုတ်ပြည် ကြယ်ဂေါင်နှင့် ဝမ်တိန်ဘက်တွင် အရောင်းအဝယ် ပြုလုပ်နေရသည်ဟု မူဆယ် သစ်သီးကုန်စည်ဒိုင်က ပြောသည်။
မန္တလေးတိုင်း တံတားဦးမြို့နယ်မှ သခွားမွှေးစိုက် တောင်သူကိုခိုင်ဇော်က “ခူးပြီးသား အသီးတွေကိုတော့ ကြံဖန်တင်ပို့ဖို့ လုပ်နေရတာ။ ကားသမားတွေလည် ခါတိုင်းထက် ကားခပိုပေးတာကို မလိုက်ရဲတဲ့သူ များတယ်။ မိုးကနှိပ်စက်ပြီးလို့ လုပ်ငန်းလေး ကောင်းမလားဆိုပြီး အားခဲထားတာ” ဟု ပြောသည်။
ယခုနှစ်တွင် ဖရဲ၊ သခွားမွှေးများ တရုတ် ဝယ်လိုအားကောင်းနေပြီး အသီး အရည်အသွေးပေါ် မူတည်၍ ၁ တန်လျှင် တရုတ်ငွေယွမ် ၂၅၀၀ မှ ၃၀၀၀ အထိ ( မြန်မာငွေ – ကျပ် ၅ သိန်းဝန်းကျင်) အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။
မန္တလေးပဲနှမ်းကုန်စည်ဒိုင်မှ တရုတ်ဘက်သို့ တင်ပို့နေသည့် ပဲတီစိမ်း၊ နှမ်း၊ ပဲဆံများ တင်ပို့ရန် ကုန်တင်ကား အခက်အခဲ ရှိသောကြောင့် ယခုရက်ပိုင်းအတွင်း ဈေးအနည်းငယ် ကျဆင်းလာသည်ဟု မန္တလေး ပဲနှမ်းကုန်စည်ဒိုင်မှ သတင်းပြန့်ကြားရေး တာဝန်ခံ ဦးမောင်ဌေးက ပြောသည်။
ထို့အတူ ယခုနှစ်သင်္ကြန်ပြီးချိန်မှ စတင်၍ ဝယ်လိုအားကျပြီး အဖမ်းအဆီး ရှိနေသောကြောင့် တင်ပို့မှုလျော့ကျခဲ့သည့် ဆန်ဈေးကွက်၊ သကြားဈေးကွက်များသည် ကုန်သည်အများစုက စောင့်ကြည့်နေသည့် အချိန်ကာလ ဖြစ်သောကြောင့် ယခု ဖြစ်ပွားနေသည့် တိုက်ပွဲများ၏ အကျိုးသက်ရောက်မှုများစွာ မရှိကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဒုဥက္ကဌ ဦးဝင်းဌေးက ဧရာဝတီကို ပြောသည်။