ပြင်ပဈေးကွက် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းသည် ၁ ဒေါ်လာလျှင် ကျပ် ၁၃၇၀ အထိ ရောက်ရှိလာကြောင်း ဈေးကွက်အတွင်း ဒေါ်လာလဲလှယ် ရောင်းချသူများက ပြောသည်။
ရန်ကုန်အခြေစိုက် ဒေါ်လာလဲလှယ် ရောင်းဝယ်နေသူတဦးက “ မနက်က ၁ ဒေါ်လာ ၁၃၅၁ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်တယ်။ မနက်ဖြန် ၂၄ ရက်က ပိတ်ရက်ဖြစ်ပြီး ၂၅ ရက် တရက်ပဲကျန်တော့ earning သမားတွေက ကျိုးသွားပြီ။ earning အဝေးဈေးက တဒေါ်လာ ၁၃၆၇ ကျပ် ၁၃၇၀ ကျပ်အထိ ရောက်နေတယ်”ဟု ပြောသည်။
ပြည်တွင်းအခြေစိုက် နိုင်ငံတကာကုမ္ပဏီများနှင့် သွင်းကုန်ပို့ကုန် လုပ်ငန်းရှင်များက ပြည်ပကုမ္ပဏီများသို့ ငွေကြေးပြန်လည် ပေးပို့ရာတွင် ရရှိထားသည့် ကျပ်ငွေများကို ဒေါ်လာနှင့် ပြန်လည်လဲလှယ်၍ ပေးပို့ကြရာ၌ ဘဏ်များနှင့် ပြင်ပဈေးကွက်၌ ဒေါ်လာရောင်းဝယ်ခြင်းကို earning ဈေးဟု ခေါ်ဆိုခြင်း ဖြစ်သည်။
ဒေါ်လာ လဲလှယ်ရောင်းချရေး ဈေးကွက်တွင် ဗဟိုဘဏ်က ဘဏ်များ၌ ဒေါ်လာရောင်းဝယ်ရန် သတ်မှတ်ပေးထားသည့် နှုန်းထား၊ ပြင်ပဒေါ်လာလဲလှယ်မှု ဈေးကွက်တွင် ရောင်းဝယ်ကြသည့် ဈေးနှုန်းနှင့် earning ဈေးနှုန်းဟူ၍ ရောင်းဝယ် လုပ်ကိုင်လျက် ရှိသည်။
ဒေါ်လာလဲလှယ်ဈေးနှုန်း မြင့်တက်လာရခြင်းသည် အမေရိကန်သမ္မတသစ် ရွေးကောက်တင်မြောက်ပြီးနောက်ပိုင်း ဒေါ်လာငွေကြေး ပိုမိုခိုင်မာလာပြီး မြန်မာနိုင်ငံအပါအဝင် အာရှငွေကြေးဈေးကွက်နှင့် ဥရောပငွေကြေးဈေးကွက်များ၌ နိုင်ငံအလိုက်သုံးစွဲနေသည့် ငွေကြေးတန်ဖိုးများ ကျဆင်းလာခဲ့ခြင်းဖြစ်ကြောင်း ငွေကြေးဈေးကွက် ကျွမ်းကျင်သူများက ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံအတွင်း ကုန်စည်အဓိက စီးဆင်းရာဖြစ်သည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်တွင် နယ်မြေမတည်ငြိမ်ဘဲ တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် အဝေးဈေးနှုန်းဟုခေါ်သည့် နယ်စပ်ဈေးနှုန်းများ မြင့်တက်လာပြီး ဒေါ်လာလဲလှယ်ဈေးနှုန်းကို တွန်းတင်သကဲ့သို့ ဖြစ်ရကြောင်း ငွေကြေးဈေးကွက် ကျွမ်းကျင်သူတဦးက ပြောသည်။
“ ဗဟိုဘဏ်အနေနဲ့ ဈေးလိုက်တက်နေတာ မဟုတ်ဘူး။ အများအခေါ် ငွေတန်ဖိုး လိုက်တက်နေတယ်လို့ ပြောကြတယ်။ အခုက ဒေါ်လာတက်ပြီး မြန်မာငွေ တန်ဖိုးကျလာတာ” ဟု ၎င်းက ဆိုသည်။
ဒေါ်လာဈေးနှုန်း တရိပ်ရိပ်မြင့်တက်လာပြီး မြန်မာငွေတန်ဖိုး ကျဆင်းလာမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ယခုအချိန်ထိ တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးကြောင်းနှင့် ဗဟိုဘဏ်အနေဖြင့် ကြားဝင်ဖြေရှင်းပေးပါက ဖြစ်ပေါ်လာနိုင်သော ဘေးထွက်ဆိုးကျိုးအရ တုံ့ဆိုင်းနေသည့် အခြေအနေ၌ ရှိနေသည်ကို တွေ့ရသည်ဟု စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောသည်။
နိုဝင်ဘာ ၂၃ ရက်တွင် ဖြစ်ပေါ်နေသည့် ဒေါ်လာ ပြင်ပပေါက်ဈေးနှုန်းသည် ၁ ဒေါ်လာလျှင် ၁၃၆၇ ကျပ် ရှိပြီး၊ ပုဂ္ဂလိက ဘဏ်များတွင် ရောင်းဝယ်နေသည့် ဈေးနှုန်းမှာ ၁ ဒေါ်လာလျှင် ဝယ်ဈေး ၁၂၉၄ ကျပ်၊ ရောင်းဈေး ၁၃၁၅ ကျပ်ရှိပြီး၊ ဗဟိုဘဏ်၏ သတ်မှတ်နှုန်းထားမှာ ၁ ဒေါ်လာလျှင် ၁၃၀၅ ကျပ် ဖြစ်သည်။
အလားတူ ရွှေဈေးကွက်သည်လည်း နိုဝင်ဘာ ၂၃ ရက်တွင် ပြည်တွင်းရွှေဈေးကွက်၌ အခေါက်ရွှေ ၁ ကျပ်သားလျှင် ၈၇၃,၇၀၀ ကျပ်ရှိပြီး၊ ကမ္ဘာ့ရွှေဈေးသည် တအောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၁၄ ရှိကြောင်း သိရသည်။