ရှမ်းပြည်နယ် မြောက်ပိုင်းက တိုက်ပွဲများကြောင့် တရုတ်-မြန်မာ အဓိက ကုန်သွယ်ရေးလမ်းကြောင်းမှ ကုန်စည်စီးဆင်းမှု ပြတ်တောက်ကာ မန္တလေးဈေးချိုရှိ တရုတ်ကုန်ပစ္စည်းများ ၁၀ ရာခိုင်နှုန်းခန့် ဈေးတက်သွားကြောင်း ဈေးချိုနှင့် မန်းမြန်မာ ပလာဇာတွင် ဖွင့်လှစ်ထားသော တရုတ်ကုန်ပစ္စည်းဆိုင်များမှ စုံစမ်းသိရှိရသည်။
မန်းမြန်မာပလာဇာတွင် တရုတ်အဝတ်အထည်များရောင်းသည့် “ဝင်း” အထည်ဆိုင်ပိုင်ရှင် မမေမြတ် ဇော်က “မူဆယ်ကနေ ပစ္စည်းက လုံးဝသယ်မရတော့ ရှိတဲ့ပစ္စည်းကိုပဲ ဈေးတက်ရောင်းရတယ်။ ကိုယ်နဲ့ရင်း နှီးပြီး အမြဲဝယ်နေကျ ဖောက်သည် လောက်ကိုပဲ လက်ကားရောင်းပေးတယ်။ ခုလိုရောင်းကောင်းမယ့်ရာသီမှာ ဖြစ်တော့ အမတို့မှာ အရမ်းနစ်နာတယ်။ ခါတိုင်းလို ကုန်စည်စီးဆင်းမှုမြန်ရင် လက်ကားရောင်းပေးနိုင်ပေမဲ့ ခုလိုချိန်ကျဝယ်သူကိုတောင် ပစ္စည်းထိန်း ရောင်းပေးနေရတယ်” ဟု ပြောသည်။
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ယခုလ ၂၀ ရက်နေ့ကစပြီး ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်-ကိုးကန့်အဖွဲ့ (MNDAA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြာက်ရေး တပ်မတော် (TNLA)နှင့် ရက္ခိုင့်တပ်မတော် (AA) တို့က ပူးပေါင်းထိုးစစ်ဆင် တိုက်ခိုက်ပြီးသည့်နောက် နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။
မန္တလေးမြို့၏ အဓိက လက်ကားဈေးကွက်ကြီး တခုဖြစ်သည့် မန္တလေးဈေးချိုတော်၊ တိုက်တန်းကြီးနှင့် မန်းမြန်မာ ပလာဇာ တို့သည် တရုတ်ကုန်စည်များအား ၇၀ ရာခိုင်နှုန်းကျော် ရောင်းချနေကြသည့် နေရာများဖြစ်ပြီး ယခုအချိန်သည် ဆောင်းဦး ရာသီ ဖြစ်သောကြောင့် တရုတ်နိုင်ငံမှ တင်သွင်းသော အနွေးထည်နှင့် စောင်များ အရောင်းရဆုံး ကာလတခုလည်း ဖြစ်သည်။
မန္တလေးဈေးကွက်သို့ တရုတ်ကုန်ပစ္စည်းများ အဝင်ဆိုင်းသွားသောကြောင့် ၎င်းဆိုင်အများစုသည် လက်လီ ရောင်းချမှုတွင် ယခင်ဈေးထက် ၁၀ ရာခိုင်နှုန်းခန့် ဈေးတက်ရောင်းချနေရသည့်အပြင် လက်ကားရောင်းချမှုကိုပင် လျှော့ချလိုက်ရသည့် အခြေအနေများနှင့် ရင်ဆိုင်နေရသည်ဟုဆိုသည်။
မန္တလေးဈေးချို မန်းမြန်မာပလာဇာအတွင်း အလှပန်းခြောက်ဆိုင်ပိုင်ရှင် မစန္ဒာကြည်က “ဒေါ်လာဈေးတက် တော့ တရုတ်ငွေဈေးက မငြိမ်ဘူးဖြစ်နေတယ်။ အဲဒါကို ဒီကြားထဲ မူဆယ်မှာ တိုက်ပွဲဖြစ်တော့ အဲဒီဘက်က ကုန်သည်တွေကလဲ ဈေးတင်ရောင်းတာတွေရှိတယ်။ သူတို့တင်ရောင်းတဲ့အတိုင်း ဒီမှာဈေးနည်းနည်း တက်ရောင်းနေရပါတယ်” ဟု ပြောသည်။
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း ပြတ်တောက်သည်မှာ ၅ ရက်ကျော် ကြာမြင့်လာခဲ့ပြီ ဖြစ်ပြီး ယခုထက် အချိန် ပိုကြာမည် ဆိုပါက ဗန်းမော်-မန္တလေးရေလမ်းကြောင်းမှ တင်ပု့ိနိုင်ရန် ကုန်သည်အများစု ကြိုးပမ်းနေကြ သည်ဟု သိရသည်။
“တိုက်ပွဲဖြစ်တဲ့ချိန်ကနေ ဒီနေ့ထိ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှာ အကောက်ခွန်ရုံးက မဖွင့်သေးဘူး။ အဲတော့ ပစ္စည်းတွေကို အကောက်ခွန်ဖြတ်ပြီးမှ တင်ရမှာမို့ စောင့်နေရတာတွေရှိသလို လမ်းပေါ်ရောက်နေတဲ့ ကားတွေကလဲ ရွာတွေထဲဝင်ခိုပြီး အခြေအနေကို စောင့်ကြည့်ပြီးမှ ဒီဘက်ကို လာနိုင်မဲ့ သဘော ဖြစ်နေတယ်” ဟု ဈေးချိုရှိ မြမြနှင့် မောင်နှမများ ပန်းကန် ရောင်းဝယ်ရေးမှ ဆိုင်ပိုင်ရှင်ဒေါ်တင်တင်အေးက ပြောသည်။
လက်ရှိ ဈေးချိုလက်ကားဈေးကွက်တွင် မူဆယ်မှပစ္စည်းများအဝင်ရပ်၍ ဆိုင်အများစု ဈေးတက်ရောင်းချမှုများ ရှိသော်လည်း ယခုထက်ပို၍ ဈေးအများကြီးထပ်မတက်နိုင်ဟု အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီး ဈေးအကျိုး တော်ဆောင်အဖွဲ့၏ အတွင်းရေးမှုး ဦးမင်းမင်း က ပြောသည်။
“ဝယ်လိုအားများမှ ဈေးတက်လို့ရမယ်လေ။ ပြီးတော့ ဒီနှစ်အရောင်းအဝယ်အခြေအနေက အရမ်းမကောင်း သလို ဆောင်းထည်တွေကို ပြီးခဲ့တဲ့တလလောက်ကတည်းက ကြိုလှောင်ထားတဲ့ကုန်သည်တွေရှိတော့ ဈေးဒီထက်တော့ အများကြီး တက်စရာအကြောင်းမရှိပါဘူး၊ တိုက်ပွဲကို အကြောင်းပြုပြီး ကုန်သည်တွေ အမြတ်ထုတ်ဖို့အစီအစဉ်မရှိပါဘူး” ဟု ၎င်းက ပြောသည်။
၁၉၈၈ ခုနှစ်အရေးအခင်း၊ ကြူကုတ်-ပန်ဆိုင်းစစ်ပွဲများကြောင့် မန္တလေး-မူဆယ်ကုန်စည်ပို့ဆောင်ရေး လမ်းကြောင်း ပြတ်တောက်ခဲ့သော်လည်း ပြန်ပွင့်ခဲ့ပြီး ယခုလည်း လက်ရှိ မူဆယ်လမ်းသည် တရုတ်နှင့်ကုန်သွယ်ရေးအတွက် အဓိကကျသည့်အတွက် အစိုးရအနေဖြင့် လိုအပ်သည့် စီမံခန့်ခွဲမှုများ ဆောင်ရွက်ပေးသင့်သည်ဟု ဆိုကြသည်။
မန္တလေးဈေးချိုနှင့် တိုက်တန်းကြီးတွင် ဆိုင်ခန်းပေါင်း ၃၀၀၀ ကျော်နှင့် မန်းမြန်မာပလာဇာတွင် ဆိုင်ခန်း ပေါင်း ၅၀၀ ခန့် ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း အဆိုပါ ဈေးအကျိုးတော်ဆောင်အဖွဲ့မှ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင် တိုက်ပွဲများ ဆက်ဖြစ်နေပြီး ကုန်စည် စီးဆင်းမှု ဆက်လက်ရပ်ဆိုင်းနေမည်ဆိုပါက မန္တလေးဈေးကွက်သာမကဘဲ ရန်ကုန်ဈေးကွက်ကိုလည်း ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင် အချို့က သုံးသပ်နေကြသည်။