၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် မြန်မာနိုင်ငံရဲ့ဘတ်ဂျက်လိုငွေဟာ ကျပ်ဘီလျံ ၄၀၀၀ ရှိနေပါတယ်။ ပြီးခဲ့တဲ့ အစိုးရလက်ထက်တုန်းက မထူးဆန်းပေမယ့် ဝန်ကြီးဌာနတွေ လျှော့ချထားတဲ့ NLD အစိုးရလက်ထက်မှာ ဖြစ်ပေါ်လာတဲ့ အတွက် ဘတ်ဂျက်လိုငွေနဲ့ ပတ်သက်ပြီး သို့လောသို့လော စဉ်းစားနေကြပါတယ်။
လိုငွေပြမှုတွေကြောင့် မြန်မာငွေတန်ဖိုးကျဆင်းရာကနေ ဒေါ်လာဈေး၊ ရွှေဈေးနဲ့အတူ အခြားစားသောက်ကုန် ဈေးတွေလည်း လိုက်ပါမြင့်တက်နေပါတယ်။ ငွေဖောင်းပွမှု ၁၂ ရာခိုင်နှုန်း အထက်ကို ရောက်လာတဲ့အတွက် စိုးရိမ်ရေမှတ်ကို ရောက်နေပြီ လို့ ပြောနိုင်ပါတယ်။
အလားတူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသိသိသာသာ ကျဆင်းနေတဲ့အချက်နဲ့ ယခင်အစိုးရလက်ထက်ကအတိုင်း ကုန် သွယ်မှု လိုငွေ ပြနေတာတွေဟာလည်း လက်ရှိအစိုးရ ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုကြီးတွေပဲ ဖြစ်ပါတယ်။ ဒီစိန်ခေါ်မှုတွေကို ဘယ်လို ကျော်လွှားမလဲ။ အစိုးရမှာ ခိုင်မာတဲ့ ရေတိုရေရှည် မူဝါဒတွေ ရှိနေရဲ့လား။
အစိုးရသစ်နဲ့ ဘတ်ဂျက်လိုငွေ
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအစိုးရရဲ့ရသုံးခန့်မှန်းခြေစာရင်းအရ မြန်မာနိုင်ငံရဲ့GDPကို မူလခန့် မှန်းစဉ်က လိုငွေနဲ့ GDP အချိုးဟာ ၃ ဒဿမ ၉၁ ရာခိုင်နှုန်းပဲ ရှိမယ်လို့ ခန့်မှန်းခဲ့ပေမယ့် လက်ရှိမှာတော့ ၄ ဒဿမ ၉၇ ရာခိုင်နှုန်း ဖြစ်သွားတယ်လို့ သိရပါတယ်။
အစိုးရသစ် သုံးစွဲနေတဲ့ဘတ်ဂျက်ဆိုတာက ပြီးခဲ့တဲ့ အစိုးရ လက်ထက်က ရေးဆွဲခဲ့တဲ့ဘတ်ဂျက်ဖြစ်ပါတယ်။ အနည်းငယ် ပဲ ပြင်ဆင်ခဲ့တယ်လို့ သိရပါတယ်။ ဒီ ဘတ်ဂျက်အရ မူလခန့်မှန်းတဲ့ ဘတ်ဂျက်လိုငွေဟာ ကျပ်ဘီလျံ ၃၂၈၈ ဖြစ်ပေမယ့် လက် တွေ့မှာတော့ ကျပ်ဘီလျံ ၄၀၂၅ အထိ မြင့်တက်နေပါတယ်။
စီးပွားရေးပညာရှင်တွေကတော့ အစိုးရသစ်လက်ထက်မှာ ဝန်ကြီးဌာနတွေ လျှော့လိုက်တာ မှန်ပေမယ့် ဝန်ထမ်း တွေကို မလျော့နိုင်တဲ့အတွက် အခုလို ဘတ်ဂျက်လိုငွေ မြင့်တက်သွားတာ ဖြစ်သလို၊ အကျိုးဆက်အနေနဲ့ ဖြစ်ပေါ် လာတဲ့ ငွေ ကြေးဖောင်းပွမှုကို လျှော့ချဖို့ အစိုးရအနေနဲ့ ရေတိုရေရှည်အတွက် ချမှတ်ထားတဲ့မူဝါဒတွေ ရှိသင့်တယ်လို့ သုံးသပ်နေကြ ပါတယ်။
ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်တာနဲ့ ပတ်သက်ပြီး ဝန်ကြီးဌာနတွေ ပူးပေါင်းလုပ်မှရမယ်လို့ဒေါက်တာ အောင်ကိုကို (စီးပွားရေးပေါ်လစီ) က ထောက်ပြပါတယ်။
“ငွေကြေးဖောင်းပွမှုကို တကယ်ဖြေရှင်းမယ်ဆိုရင် စီးပွားကူးသန်းတခုတည်း တာဝန်ရှိတာတော့မဟုတ်ဘူး။ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ လယ်ဆည်ဝန်ကြီးဌာန၊ သွင်းကုန်မြင့်တက်နေတဲ့ ဆောက်လုပ်ရေး ဝန်ကြီး ဌာနတွေ အပါအဝင် ဗဟိုဘဏ်တို့ဆွေးနွေးရမှာဖြစ်သလို နိုင်ငံတော်အတိုင်ပင်ခံရုံး (ဒါမှမဟုတ်) နိုင်ငံတော် သမ္မတရုံးတွေရဲ့ ကမကထလုပ်မှု တွေလည်း လိုအပ်နေပါတယ်” လို့ သူက ပြောပါတယ်။
ယခုအချိန်ထိ NLD အစိုးရအနေနဲ့ ရေတို၊ရေရှည် ကုစားရမယ့် မူဝါဒတွေ ချထားတာမျိုး မတွေ့ရသေးသလို ဝန်ကြီးဌာန အချင်းချင်း ပူးပေါင်းပြီးလုပ်မယ့် လက္ခဏာမျိုးလည်း မတွေ့ရသေးဘူးလို့ သူက ပြောပါတယ်။ လက်ရှိပြဿနာကို ဖြေ ရှင်းမယ်ဆိုရင် မြင့်မားနေတဲ့ နိုင်ငံခြားငွေသုံးစွဲမှုနဲ့အတူ ပြည်တွင်းမှာ လည်ပတ်သုံးစွဲနေတဲ့ ငွေပမာဏ( Money in Circulation ) ကို ပြန်ချိန်ဆသင့်တယ်လို့လည်း သူက ထောက်ပြပါတယ်။
ပြီးခဲ့တဲ့ အစိုးရလက်ထက်ကို ပြန်ကြည့်ရင် (၂၀၁၁-၂၀၁၅) အထိ စုစုပေါင်း မြန်မာနိုင်ငံရဲ့ဘတ်ဂျက်လိုငွေပြမှုဟာ ကျပ် ဘီလျံ ၁၁၀၀၀ ( တသောင်းတထောင်) ဝန်းကျင် ရှိခဲ့ပေမယ့် လက်ရှိအစိုးရလက်ထက်မှာ တနှစ်ထဲ ကျပ် ဘီလျံ (၄၀၀၀) ဖြစ်နေပါတယ်။ ဒါက ထောက်ပြစရာလို ဖြစ်နေပါတယ်။
ကုန်သွယ်ရေးလိုငွေ
၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၁၁ ရက်အထိ မြန်မာနိုင်ငံ၏ပြည်ပကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၆ ဒဿမ ၁ဝ၅ ဘီလျံ ရှိနေပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူ ကုန်သွယ်မှု ပမာဏထက် ဒေါ် လာ ၆၂ ဒသမ ဝ၁၅ သန်း ပိုမို ဆောင်ရွက်နိုင်ခဲ့တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ရရှိတဲ့ သတင်းအချက်အလက်တွေက ဆိုပါတယ်။
ဒီလိုကုန်သွယ်မှုပမာဏ ဒေါ်လာ၁၆ ဘီလျံကျော် ရှိနေပေမယ့် ပို့ကုန်တင်ပို့မှုက ဒေါ်လာ ၆ ဒဿမ ၉ ဘီလျံ ရှိနေပါတယ်။ သွင်း ကုန်တန်ဖိုး ၉ ဒဿမ ၁ ဘီလျံ ဖြစ်နေတဲ့အတွက် ပို့ကုန်ထက် သွင်းကုန်တန်ဖိုးများနေပြီး ကုန်သွယ်မှုလိုငွေက ဒေါ် လာ ၂ ဒသမ ၁ ဘီလျံ ရှိနေတယ်လို့ သိရပါတယ်။
ကုန်သွယ်မှုလိုငွေ လျှော့ချဖို့ဆိုရင် ရေတိုလုပ်ရမယ့် အပိုင်းရှိသလို ရေရှည်အတွက်ဆိုရင်တော့ ပို့ကုန်တွေ တိုးမြှင့်ထုတ် လုပ် နိုင်ဖို့လိုတဲ့အကြောင်း၊ အလားတူပဲ ပြည်ပရင်းနှီးမြှုပ်နံှမှုတွေအတွက် အခြေခံအဆောက်အအုံတွေနဲ့ လုပ်သာကိုင်သာတဲ့ ပတ်ဝန်းကျင်ဖြစ်ဖို့လိုတဲ့အကြောင်း ISP (Institute for Strategy and policy ) ရဲ့ ညွှန်ကြားရေးမှူးတဦးဖြစ်တဲ့ ကို အောင်သူငြိမ်း က သုံးသပ်ပါတယ်။
“ကျနော်တို့ဆီက တကယ်တန်း ပို့နိုင်တာ ကောက်ပဲသီးနှံလောက်ပဲရှိတယ်။ တကယ် သွင်းကုန်ကျတော့ အများကြီးပဲ။ ပြည်တွင်းမှာကျတော့ တိုက်ပွဲတွေ ဖြစ်နေတယ်။ မူဆယ်ကုန်သွယ်ရေး ရပ်တန့်သွားတာတွေ ရှိသလို တင်ပို့မှုကို ဆိုင်းငံ့တာ တွေလည်း ရှိတယ်။ ဒါတွေ အားလုံးဆက်စပ်မှု ရှိပါတယ်လို့ မြန်မာနိုင်ငံ ပဲ၊နှမ်းလုပ်ငန်းရှင်များအသင်းအတွင်းရေးမှူး ဦးမင်းကိုဦးက ပြောပါတယ်။
ကုန်သွယ်မှုလိုငွေပြတာက ယခုမှဖြစ်တာတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ အစိုးရလက်ထက်ကို ကြည့်ရင်လည်း စုစုပေါင်း ကုန်သွယ်ရေးလိုငွေဟာ အမေရိကန် ဒေါ်လာ ၁၂ ဘီလျံလောက် ရှိခဲ့ပါတယ်။ နောက်ဆုံးဘဏ္ဍာနှစ် ဖြစ်တဲ့ ၂၀၁၅- ၁၆ ဘဏ္ဍာနှစ် တစ်နှစ်တည်းမှာ ဒေါ်လာ ၅ ဘီလျံ ဝန်းကျင် လိုငွေပြခဲ့ပါတယ်။
လိုငွေပြမှုတွေကြောင့်လည်း အမေရိကန်ဒေါ်လာဈေးဟာ မြင့်သည်ထက်မြင့် လာခဲ့ပြီး ၁၃၀၀ ကျပ် အထက်ကို ရောက် ရှိသွားပါတယ်။ ဒါပေမယ့် NLD အစိုးရ တက်လာတဲ့ ဧပြီလ ၁ ရက်မှာ ဒေါ်လာဈေးက ၁၂၀၀ ကျပ် ဝန်းကျင်ပဲ ရှိနေခဲ့ပါ တယ်။ အဲဒီ ဧပြီလ အတွင်းမှာပဲ ၁၁၅၀ ကျပ်အထိ ထပ်ကျသွားပါတယ်။
စက်တင်ဘာမှာ တဖြည်းဖြည်း ပြန်တက်လာပြီး နိုဝင်ဘာလမှာ သိသိသာသာ ခုန်တက်သွားပါတယ်။ နိုဝင်ဘာနောက် ဆုံးပတ်မှာ အမေရိကန် တဒေါ်လာ ပေါက်ဈေးက ၁၃၅၀ ကျပ် ရှိသွားခဲ့ပါတယ်။ ပြည်ပပို့ကုန်ကရတဲ့ earning ဈေးက ၁၃၇၀ ကျပ်အထိ ရောက်သွားပါတယ်။ စံချိန်တင်တဲ့ ဒေါ်လာဈေးပါပဲ။
မတည်ငြိမ်တဲ့ကုန်သွယ်ရေးနဲ့ ငွေဖောင်းပွမှု
ပြီးခဲ့တဲ့ ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်မှာ ရင်းနှီးမြှုပ်နှံမှုက ဒေါ်လာ ၈ ဘီလျံ ဝင်ရောက်ခဲ့ပါတယ်။ အစိုးရသစ် တာဝန်ယူတဲ့ လက်ရှိဘဏ္ဍာနှစ်မှာတော့ ၇ လအတွင်း ( နိုဝင်ဘာလအထိ) ဒေါ်လာ ၂ ဘီလျံလောက်သာ ဝင်ရောက်လာသေးတဲ့ အတွက် ရင်းနှီးမြှုပ်နှံမှု ကျဆင်းနေတယ်လို့ ပြောနိုင်ပါတယ်။
ဘတ်ဂျက်လိုငွေ၊ ကုန်သွယ်ရေးလိုငွေနဲ့ ရင်းနှီးမြှုပ်နှံမှုနည်းပါးမှုတွေက စီးပွားရေးကို ကမောက်ကမဖြစ်အောင် လုပ်နေတဲ့ အဓိကအကြောင်းတွေပါပဲ။ ဒီအခြေအနေမှာ ဗဟိုဘဏ်ကလည်း ဘာမှဝင်ရောက် ကျားကန်ပေးနိုင်ခြင်း မရှိပါဘူး။ အလွန်အမင်း ချမ်းသာကြွယ်ဝတဲ့ ခရိုနီဆိုသူများကလည်း ဘာမှ ဝင်ရောက်ကူပံ့ပေးခြင်း မရှိပါဘူး။
ငွေကြေးဈေးကွက်ကလည်း အထိန်းအကွပ်မဲ့သလို ဖြစ်နေတာကြောင့် ကုန်သွယ်ရေးမတည်ငြိမ်မှုကို ပိုဆိုးရွားစေပြန်ပါ တယ်။ ဒီကြားထဲမှာ တိုက်ပွဲ တွေကြောင့် နယ်စပ်ဒေသကုန်သွယ်ရေးက ပိုကျဆင်းလာပါတယ်။
“နယ်စပ်မှာ မြန်မာကျပ်ရယ်၊ တရုတ်ယွမ်ရယ်၊ ဒေါ်လာဈေးတွေရယ်က ချိတ်ထားတဲ့ လမ်းကြောင်းတခု ရှိနေတယ်လို့ သုံး သပ်လို့ရတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီဘက် မှာ မတည်ငြိမ်တာနဲ့ ဒီဘက်မှာ ဒေါ်လာဈေးက ထိုးတက်တယ်” လို့ ဦးမင်းကိုဦးက ပြောပါတယ်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် မူဆယ်နယ်စပ်ကုန်သွယ်ရေး မှ ပို့ကုန်တင်ပို့မှု ၃ ဒဿမ ၈ဘီလျံ၊ သွင်းကုန် ၁ ဒဿမ ၅ ဘီလျံနဲ့ စုစုပေါင်းကုန်သွယ်မှု ပမာဏ ၅ ဒဿမ ၄ ရှိခဲ့ပါတယ်။
၂၀၁၆- ၁၇ ဘဏ္ဍာရေးနှစ်မှာတော့ ပြီးခဲ့တဲ့ စက်တင်ဘာလအထိ ကုန်သွယ်မှုပမာဏကို လေ့လာကြည့်ရင် ပို့ကုန်ပမာဏ ၁ ဒဿမ ၇ ဘီလျံ၊ သွင်းကုန် ၀ ဒဿမ ၈၄ ဘီလျံ နဲ့ စုစုပေါင်းကုန်သွယ်မှု ပမာဏ ၂ ဒဿမ ၅ ဘီလျံ ရှိနေပါတယ်။ နယ်စပ်ကုန်သွယ်ရေးကျဆင်းနေတာက အထင်အရှားပါပဲ။
ပြင်ပအကြောင်းတရားအနေနဲ့တော့ အမေရိကန်နိုင်ငံမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပတဲ့ ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့် အနိုင်ရပြီးတဲ့နောက် နိုဝင်လာလ ၁၀ ရက်နေ့မှာ အမေရိကန်နိုင်ငံရဲ့နယူးယောက် စတော့ ဈေးကွက်မှာ ရှယ်ယာဈေးတွေ မြင့်တက်သွားခဲ့သလို ဒေါ်လာနဲ့ အခြားငွေကြေးလဲလှယ်နှုန်းတွေမှာ ဒေါ်လာဈေးက အား ကောင်းနေပုံတွေကို ထောက်ပြကြပါတယ်။
ဘတ်ဂျက်လိုငွေ၊ ကုန်သွယ်ရေးလိုငွေနဲ့ ငွေကြေးဖောင်းပွမှု ဆက်စပ်နေပါတယ်။ သေချာတာကတော့ ငွေကြေးဖောင်းပွမှုကို မထိန်းချုပ်နိုင်ရင် ပြည်သူတွေရဲ့စားဝတ်နေရေး ထိခိုက်မှာဖြစ်ပါတယ်။ ဆင်းရမွဲတေမှု မြင့်မားလာမှာဖြစ်ပါတယ်။ တရက် ၁ ဒဿမ ၂၅ ဒေါ်လာ (မြန်မာငွေ ကျပ်၁၅၀၀) အောက်မှာ ရပ်တည်တဲ့သူက လူဦးရေရဲ့ ၂၆ ရာခိုင်နှုန်းထက် ထပ် များလာနိုင်ပါတယ်။
“ကုန်သွယ်မှု လိုငွေကို ချမယ်ဆိုရင် သွင်းကုန်နဲ့ ပတ်သက်ပြီး စိစစ်ဖို့လိုသလို မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေတဲ့ အချိန် မှာ လတ်တလော ဘာလုပ်ဆောင်သင့်တယ်ဆိုတာတော့ ဆွေးနွေးအဖြေရှာဖို့ လိုနေပြီ” လို့ စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောပါတယ်။