ကုန်သွယ်ရေးတွင် မလိုလားအပ်သည့် အန္တရာယ်များ မဖြစ်ပွားစေရေးအတွက် မောင်တော မြို့နယ်မှ နယ်စပ်ကုန်သွယ်ရေး ဂိတ်ကို နိုဝင်ဘာလ ၃ ရက်နေ့ကထဲက ပိတ်သိမ်းထားခဲ့ပြီ ဖြစ်ကြောင်း၊ မောင်တောမြို့နယ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဦးစီးမှူး ဦးကျော်ခင်မြင့်က ပြောသည်။
“နယ်မြေမတည်ငြိမ်တဲ့အခါ သူ့အလိုလိုပိတ်သွားတဲ့သဘောပါ” ဟု သူက ကုန်သွယ်ရေး ဂိတ်နှင့် ပတ်သက်၍ ပြောသည်။
အာဏာပိုင်များက တရားဝင် ကျေညာချက်ထုတ်ပြန်ခြင်း မရှိသော်လည်း ဒေသတွင်းတွင် ပိုမိုတည်ငြိမ်လာသည့် အချိန် အထိ ကုန်သင်္ဘောများ ထွက်ခွာခြင်း မပြုရန် နှုတ်အားဖြင့် သတိပေးတားမြစ်ထားခြင်းဖြစ်ကြောင်း မောင်တော နယ်စပ် ကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးအောင်မြင့်သိန်းက ဧရာဝတီ သို့ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ပြောသည်။
သို့သော်လည်း နတ်မြစ်တဘက်ရှိ ဘင်္ဂလားဒေ့ရှ်အစိုးရက ၎င်း၏ နယ်စပ် ကုန်သွယ်ရေးဂိတ်ကို ပိတ်မထားခြင်းမရှိပါ။ ထို့ကြောင့် ကုန်သည်များ၏ လုံခြုံရေးအာမခံချက် မပေးနိုင်ကြောင်း မြန်မာအစိုးရ အာဏာပိုင်များက ပြောသည့် တိုင်အောင် ကုန်သည်များက ၎င်းတို့၏ ကုန်ပစ္စည်းများကို ဆက်လက်ရောင်းချရန်ကြိုးပန်းနေကြသည်။
မောင်တော ဆိပ်ကမ်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ Teknaf ခရိုင်က ၇ မိုင်ခန့်ကွာဝေးပြီး ပုံမှန်အားဖြင့် ကုန်သင်္ဘောများ တ ဘက်ကမ်းသို့ရောက်ရန် ၂ နာရီဝန်းကျင်သာကြာသည်။
အခြားတဖက်တွင် မောင်တောကုန်သည်အများအပြားက ၎င်းတို့၏ ကုန်ပစ္စည်းများကို ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေ သို့တဆင့်ပြန်လည်သယ်ယူပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ Teknaf သို့ ရေကြောင်းဖြင့် တင်ပို့ကြသည်။
ယင်းသို့ တဆင့်တင်ပို့ရသည့် အတွက် ကုန်သည်များမှာ အထွေထွေကုန်ကျစားရိတ်များ ရှိလာသည်။ သို့သော်လည်း ငါး၊ ပုဇွန် နှင့် ပင်လယ်စာကဲ့သို့ သော အဓိက ပို့ကုန်အချို့မှာ ကြာရှည်သိမ်းဆည်းထားပါက ပျက်စီးဆုံးရှုံးနိုင်သောကြောင့် ယင်းသို့တင်ပို့ကြခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဝယ်လိုအား အများဆုံးတခုဖြစ်သည့် မြန်မာနိုင်ငံ၏ ထွက်ကုန်မှာ ဝါး များဖြစ်သည်။ ဘင်္ဂလား ဒေ့်ရှ်ဖက်ခြမ်းတွင် ယင်းဝါးများကို ခြံစည်းရိုးများ နှင့် အိမ်မိုးရာတို့တွင် အသုံးပြုကြသည်။ များပြားလှသည့် ဝါးတို့ကို စက်တပ်လှေငယ်များဖြင့် သယ်ဆောင်နိုင်ခြင်းမရှိပါ (ကုန်ကျစရိတ်နှင့်တွက်ခြေမကိုက်၍ဖြစ်သည်)။ ပုံ မှန်အားဖြင့် ကုန်သည်များ က ဝါး အလုံးရေ ၅၀၀၀၀ ခန့်ကို ဖောင်ဖွဲ့ပြီး အလုပ်သမား ၅ ဦး ဝါးဖောင်ပေါ်တွင် လိုက်ပါရသည်။ တဖက်ကမ်းသို့ ရောက်ရန် စက်လှေဖြင့် ၂ ရက်ခန့် တွန်းပို့ ရသည်။ ဝါးတဖောင်လျှင် မြန်မာကျပ်ငွေ ၁၂ သန်းခန့် ရရှိသည်ဟု သိရသည်။
ရွှေမြရတနာ ကုမ္ပဏီမှ မွတ်ဆလင် ကုန်သည်တဦး ဖြစ်သည့် ဦးအနိုဝါးက ဘင်္ဂလားဒေ့ရှ်သို့ ဝါးများတင်ပို့ခြင်း မပြုမီ ခေတ္တမျှ စောင့်ဆိုင်းရန် သူ့ကို အာဏာပိုင်များက လွန်ခဲ့သည့် ၂ လက ညွှန်ကြားခဲ့သည်ဟု ပြောသည်။ သူ့တွင် တင်ပို့ ရန် စောင့်ဆိုင်းနေသည့် ဝါးဖောင် ၈ ခုရှိပြီး Teknaf သို့ အမြန်ဆုံး မတင်ပို့ပေးနိုင်လျှင် ငွေကြေးမြောက်များစွာ ဆုံးရှုံးတော့မည် ဖြစ်သည်။
“ဝါးတွေက ပျက်စီးကုန်တော့မယ်။ တကယ်လို့ အစိုးရက ခွင့်ပြုပေးနိုင်မယ်ဆိုရင် ကျနော့်ဖောင်တွေကို တင်ပို့ချင်ပါတယ်” ဟု ဦးအနိုဝါးက ပြောသည်။
မောင်တောမြို့ အနီးရှိမေယုတောင်တန်းများပေါ်တွင် ပေါက်ရောက်သည့် ဝါးအများစုကို အဆမတန် ထုတ်ယူသုံးစွဲ ခဲ့ပြီး ဖြစ်၍ လတ်တလောတွင် ဝါး ပိုမိုရှားပါးလာခဲ့သည်။ ယခုအခါတွင် ကုန်သည်များမှာ ရခိုင်ပြည်နယ် အတွင်းရှိ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး နှင့် အမ်း ဒေသများမှ ဝါးများကို မှီခို အားထားနေရသည်။ နယ်စပ်ကုန်သည်များက ဝါးများကို ဘူးသီးတောင်မြို့နယ်မှ တဆင့် မောင်တောသို့ကားများဖြင့် သယ်ယူကြရသည်။
အောက်တိုဘာလအတွင်းတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း ၃ ခု တိုက်ခိုက်ခြင်းခံခဲ့ရပြီးနောက် အာဏာရ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် အစိုးရက မောင်တောမြို့နယ်ကို စစ်ဆင်ရေးဇုန် အဖြစ် ကျေညာခဲ့သည်။ ထိုအချိန်မှ စ၍ မောင်တောဒေ သကို ပိတ်ပင်ထားခဲ့ပြီး ရေလမ်းကြောင်းတလျှောက်တွင် စစ်သင်္ဘောတစီးက စောင့်ဆိုင်းကင်းလှည့်၍ တိုက်ခိုက်မှုတွင် ပါ ဝင်သည်ဟု သံသယ ရှိသူများကို ရှာဖွေလျှက်ရှိသည်။
မောင်တော- Teknaf နယ်စပ်ကုန်သွယ်ရေးသည် ကုန်သွယ်ရေးဇုန်များအနက် ပို့ကုန်အသာစီးရ နယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်သော်လည်း ထိုင်းနယ်စပ်မှ မြဝတီ-မဲဆောက် နှင့် တရုတ်နယ်စပ်မှ မူဆယ်-ရွှေလီ စသည့် စခန်းများထက် ကုန်သွယ်မှု အင်မတန်နည်းကြောင်းကို စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဦးကျော်ခင်မြင့် က ဝန်ခံခဲ့ပါသည်။
၂၀၁၅-၁၆ ဘဏ္ဍာရေး နှစ်အတွင်းတွင် မောင်တော ကုန်သွယ်ရေး စခန်းမှ တဆင့် တင်သွင်းမှုနှင့် တင်ပို့မှု စုစု ပေါင်း က အမေရိကန်ဒေါ်လာ ၅.၄၄ သန်းသာ ရှိသည်ဟု စီးပွားရေး နှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန ၏ စာရင်းများအရ သိရပါသည်။ ၂၀၁၆-၁၇ ဘဏ္ဍာရေး နှစ်တွင် မောင်တောမှ ဝင်ငွေက နိုဝင်ဘာလအထိ အမေရိကန်ဒေါ်လာ ၃.၂ သန်း သာ ရှိနေခြင်းက ယခုနှစ် ဝင်ငွေရရှိမှုက ယခင်နှစ်များထက် နည်းပါးနေကြောင်း ဖော်ပြနေသည်။
ကုန်သွယ်မှု ပမာဏမြှင့်တင်နိုင်ငံရန် အတွက် မြန်မာအစိုးရက မောင်တော်မြို့အပြင်ဘက်တွင် နယ်စပ်ကုန်သွယ်ရေး ဇုန် တခုကို ပြီးခဲ့သည့် နှစ်များအတွင်း တည်ဆောက်ခဲ့ရာ အခြေခံ တည်ဆောက်မှုများ ပြီးစီးလုနီးပါး ဖြစ်သည်ဟု ဦးကျော် ခင်မြင့်ကပြောပါသည်။
သို့သော်လည်း မောင်တောမြို့နယ်တွင် ပဋိပက္ခများတဖန် ပေါ်ပေါက်လာသည့် အတွက် အဆိုပါစီမံကိန်းက ထပ်မံနှောင့် နှေးနေကြောင်း မောင်တောနယ်စပ်ကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးအောင်မြင့်သိန်းက ပြောသည်။
မောင်တောဒေသအတွင်းတွင် ၂၀၁၂ ခုနှစ်က ဘာသာရေး၊ လူမျိုးရေးအသွင် ပဋိပက္ခများပေါ်ပေါက်ခဲ့ပြီးနောက် မြို့နယ် အတွင်းတွင် ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ ပုံမှန်ပြန် အနေအထားရောက်ရှိရန် အတွက် ၁ နှစ် နီးပါး အချိန်ယူ ခဲ့ရသည်ဟု ဦးအနိုဝါးက ပြောသည်။
“ပဋိပက္ခတွေက ကျနော်တို့အတွက် ဘယ်တုန်းကမှ မကောင်းခဲ့ပါဘူး။ ကုန်သည်တွေကို နစ်နာစေပါတယ်” ဟု သူက ဆိုသည်။