ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် ယာဉ်အသစ်များ ဝယ်ယူနိုင်ရန်နှင့် ဘက်စ်ကားများ အဆင့်မြှင့်တင် နိုင် ရန် အများပိုင် ပြုလုပ်ထားပြီးသော ကုမ္ပဏီများကို ကမ္ဘောဇဘဏ် က ချေးငွေ ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။
ကမ္ဘောဇဘဏ် (ရုံးချုပ်)၏ အကြီးတန်း မန်နေဂျင်း ဒါရိုက်တာ ဦးအောင်ကျော်မိုး က “Loans စနစ်နဲ့ ချေးမယ်။ အပေါင် ပစ္စည်းကတော့ ကားပဲ။ ဝယ်ထားတဲ့ကား စာချုပ်ရှိရမယ်။ အာမခံချက် ထားရမယ်။ မထသ ဘက်ကတော့ မှန်ကန်ကြောင်း ထောက်ခံချက် ပေးရပါမယ်။ ယာဉ်ပိုင်ရှင်တွေဘက်က တခြားမှာ လွှဲပြောင်း ပေါင်နှံရောင်းချခြင်း မရှိဘူးဆိုပြီး လွှဲလာရင် ဘဏ်ဘက်က ရာဖြတ်ပြီး ချေးငွေထုတ်ချေးပါမယ်”ဟု ပြောသည်။
နိုဝင်ဘာ ၂၉ ရက်နေ့တွင် အများပိုင် ကုမ္ပဏီများကို ချေးငွေ ထုတ်ချေးပေးမည့် ကိစ္စရပ်နှင့် ပတ်သက်၍ ရန်ကုန်မြို့ရှိ ကမ္ဘောဇ ရုံးချုပ်တွင် ပထမဆုံးအကြိမ် ခေါ်ယူဆွေးနွေးခြင်း ပြုလုပ်ခဲ့ရာတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ကမ္ဘောဇဘဏ်၏ ချေးငွေဌာနမှ လက်ထောက် မန်နေဂျာ ဒေါ်ကြည်ကြည်မာ ကလည်း “ဘယ်တော့လောက် ထုတ် ချေး ပေးမလဲ ဆိုရင် ဘဏ်ပေးနိုင်တဲ့နှုန်းကို အသေးစိတ်တွက်ရမယ်။ ကားတန်ဖိုးပေါ်မှာ ကနဦးပေးချေမှု ဘယ် လောက် သွင်းရမယ်။ ဘဏ်ကပေးနိုင်တဲ့ ဝန်ဆောင်မှုတွေကိုပါ ပေးမှာဖြစ်လို့ Software တွေကိုလည်း BRT ယာဉ် လိုင်းတွေမှာ သုံးနေတာတွေနဲ့ ကိုက်ညီအောင် စီစဉ်နေပါတယ်။ ဘဏ်က Software ဆိုတာက Security တွေက အများကြီး ခံထားရတာ နည်းပညာ မတူတဲ့အတွက် ကြောင့်ပါ”ဟု ပြောသည်။
ချေးငွေထုတ်ချေးရာတွင် Loans (ချေးငွေ) စနစ်နှင့် Hire purchase (အငှားဝယ်) စနစ် ဟူသော စနစ် ၂ မျိုးဖြင့် စီစဉ် ထားသည်ဟု ဆိုသည်။
Loans စနစ်ဖြင့် ချေးငွေထုတ်ချေးရာတွင် ကုမ္ပဏီဘက်မှ တင်သွင်းမည့် ကားတန်ဖိုးတွင် ဘဏ်ဘက်က ပမာဏ တခု သတ်မှတ်၍ ထုတ်ချေးပေးမည့်ပုံစံဖြစ်ပြီး ပျမ်းမျှ ချေးငွေသက်တမ်း ၂ နှစ်သက်တမ်းဖြင့် ထုတ်ပေးမည် ဖြစ်ကြောင်း၊ ပြန်လည် ပေးဆပ်ရာတွင်လည်း ငွေချေးသူဘက်က အဆင်ပြေသလို ပေးဆပ်နိုင်ကြောင်း သိရသည်။
“Loans စနစ်ဆိုတာ ဘဏ်တွေက ပုံမှန်လုပ်တဲ့ ချေးငွေပုံစံမျိုးပါ။ တင်သွင်းမယ့်ကား အစီးရေတန်ဖိုး အတိုင်း ဘဏ် ကတော့ ချေးငွေ အကုန်မပေးဘူး။ ဘဏ်ကနေ ပေးနိုင်တဲ့ ပမာဏတခုကိုပဲ သတ်မှတ်ပေးမယ်။ သူ့မှာ ကနဦး ပေး သွင်း ရမယ့်ငွေ မရှိဘူး။ ပြန်ဆပ်တဲ့ အခါမှာလည်း သူနိုင်သလို တရက်ချင်း သွင်းပဲဖြစ်ဖြစ် တလချင်း သွင်းပဲဖြစ်ဖြစ် ရပါတယ်။ ၂နှစ် အကျေ ပေးဆပ်ရမယ်။ အပေါင်က ကားစာအုပ်ကို ထားရမယ်”ဟု လက်ထောက် မန်နေဂျာ ဒေါ်ကြည်ကြည်မာ က ပြောသည်။
အငှားဝယ် စနစ်ဖြင့် ချေးငွေ ထုတ်ချေးရာတွင် ဘဏ်သို့ ကားတန်ဖိုး၏ ကနဦး ၂၀ ရာခိုင်နှုန်း ပေးသွင်းရမည် ဖြစ်ပြီး ဘဏ်မှ ကျန် ၈၀ ရာခိုင်နှုန်းကို ထုတ်ချေးသွားမည်ဖြစ်ကြောင်း၊ ချေးငွေသက်တမ်း ၃ နှစ်အထိ ရရှိမည် ဖြစ်ကြောင်း သိရသည်။
“အငှားဝယ် စနစ်ကတော့ ပေးဆပ်ရာမှာ လစဉ် တိတိကျကျ ပြန်လည်ပေးဆပ်ရမယ်။ BRT ယာဉ်လိုင်းတွေ အတွက် မို့ ဘဏ်က အရင်တုန်းကပုံစံမျိုး ချေးမှာ မဟုတ်ဘူး။ အရင်က ကျပ် သိန်း ၁၅၀ ချေးရင် ဝန်ဆောင်ခ ၁၃ ရာခိုင်နှုန်းကို ဒီအတိုင်း ၃ နှစ်လုံး ပေးဆပ်ရတယ်။ ဒီ BRTအတွက်ကို ပထမနှစ် သိန်း ၁၅၀ ချေးရင် သိန်း ၁၅၀ အပေါ် ဝန်ဆောင်ခ ပေးရမယ်။ ဒုတိယနှစ် သိန်း ၁၀၀ ပဲကျန်တော့ရင် သိန်း ၁၀၀ ပေါ်ပဲ ဝန်ဆောင်ခ ပေးရမယ်။ ကျန်ငွေအပေါ်မှာပဲ ၁၃ ရာခိုင်နှုန်းကို ပေးရမယ်”ဟု ဒေါ်ကြည်ကြည်မာ က ပြောဆိုသည်။
ချေးငွေအပေါ် ပေးသွင်းရမည့် အတိုးနှုန်းသည် ဗဟိုဘဏ်က သတ်မှတ်ထားသည့်အတိုင်း ၁၃ ရာခိုင်နှုန်းဖြစ်ပြီး ငွေထုတ် ချေးယူထားသူများသည် အတိုးနှင့် အရင်းကို ပေါင်း၍ လစဉ် ပေးသွင်းသွားရမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြောက်ပိုင်း တိုက်ကြီးသား အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် မှ တွဲဖက် အုပ်ချုပ်မှု ဒါရိုက်တာ ဦးစိုးမြင့်ကြည်က “ကျနော်တို့က ကုမ္ပဏီအသစ်ပါ။ ကိုယ့်မှာရှိတဲ့ ငွေနဲ့ စိုက်ထုတ် လုပ်နေတာပါ။ အစီး ၇၀၊ ၈၀ လောက် ဆွဲမှာ အခု ဆိပ်ကမ်းကို ၂၀ ရောက်နေပြီ၊ ထုတ်ဖို့ပဲရှိတယ်။ လိုအပ်လာရင် ဒီကားတွေကို အဆင်ပြေတဲ့ ဘဏ်ကို အပေါင်ပြန်ထားပြီး ထပ်ဝယ်မှာပေါ့၊ ဒါပေမယ့် အတိုးနှုန်းကို ချိန်ရဦးမှာပါ”ဟု ပြောဆိုသည်။
ဘဏ်မှတဆင့် ငွေချေးရာတွင် သက်ဆိုင်ရာကုမ္ပဏီက တာဝန်ခံပေးရပြီး အထူးသဖြင့် မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ (မထသ) မှ တင်သွင်းသည့် ကားအတွက် မထသ က တာဝန်ယူရမည် ဖြစ်ပြီး ယာဉ်ပိုင်ရှင် စာအုပ်ကိုလည်း အာမခံပစ္စည်း အနေဖြင့် ဘဏ်က သိမ်းယူ ထားမည်ဖြစ်ကြောင်း၊ ထို့အပြင် အလုံးစုံ အာမခံ ကိုလည်း ထားရှိရမည်ဖြစ်ကြောင်း သိရသည်။