ယခုလအတွင်း တရုတ်၊ ဥရောပနှင့် အာဖရိကနိုင်ငံများသို့ ဆန်တင်ပို့မှုများ ရှိလာသဖြင့် စပါးဈေးနှုန်း တင်း ၁၀၀ လျှင် ကျပ် ၁ သိန်းကျော် ပြန်လည်မြင့်တက်လာကြောင်း သိရသည်။
မြန်မာနိုင်ငံဆန်စပါးအသင်း ဒုတိယ ဥက္ကဌ ဒေါက်တာ စိုးထွန်း က “ဆန်ဈေးတက်တယ်ဆိုတာက အခု ဒေါ်လာဈေးတက်တော့ အိတ်စပို့ ပြန်ပို့လာကြတယ်။ နောက်ပြီး စပါးကလည်း အခြောက်လှမ်းချိန် ရလာတယ်။ အရင်က စပါးတွေက စိုတယ်။ ဒီနှစ်ချက်ကြောင့် စပါးဈေးကလည်း ပြန်တက်လာတယ်။ အဓိကကတော့ ပင်လယ်ရေကြောင်းလိုင်းပိုင်းကို ပို့တာများတယ်။ အာဖရိကနိုင်ငံ၊ အာဆီယံနိုင်ငံတွေကို ပို့တာပါ။ မူဆယ်ဘက်ကို နည်းနည်းတော့ထွက်နေပါတယ်။ စပါးဈေးက တင်း ၁၀၀ကို လေးသိန်းရပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံရှိ စပါးအဓိက စိုက်ပျိုးရာ ဧရာဝတီ၊ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းတို့၌ နိုဝင်ဘာလဆန်းပိုင်းမှစ၍ ဆင်းသုခ၊ မနောသုခအုပ်စုဝင် အကြမ်းစပါး တင်း ၁၀၀ လျှင် ကျပ် ၄ သိန်း ဝန်းကျင် ပေါက်ဈေးရှိခဲ့ရာမှ လက်ရှိအချိန်တွင် စပါးအရည်အသွေးပေါ် မူတည်၍ ပုသိမ်မြို့ဈေးကွက်၌ တင်း ၁၀၀ လျှင် ကျပ် ၅ သိန်း ၂ သောင်း၊ မြောင်းမြဈေးကွက်တွင် ကျပ် ၅ သိန်း ၅ သောင်းဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ဆန်စပါးကုန်သည်များကလည်း ပြောသည်။
မြောင်းမြမြို့၊ ရတနာအောင် ဆန်စက်ပိုင်ရှင် ဦးဌေးအောင်က “ဒီလဆန်းပိုင်းက စပါးဈေးကျတယ်ဆိုတာ မိုးတွေရွာ ရေတွေစိုတော့ စပါးအရည်အသွေး မကောင်းဘူး။ အစိုဓာတ် များတယ်။ အကျိုးအကြေ ပျက်စီးမှုများလို့ ဈေးကျတာ။ အခုတော့ ရာသီဥတုလည်း ပြန်ကောင်းသွားပြီ။ စပါးအရည်အသွေးလည်း အိုကေတော့ အဝယ် ပြန်လိုက်လာတယ်။ ဒါကြောင့် ဈေးပြန်တက်တာပါ” ဟု ဧရာဝတီကို ပြောသည်။
အလားတူ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးနေလင်းဇင်က “မူဆယ်လမ်း ပြန်ဖွင့်တော့ တရုတ်ဘက်က နည်းနည်းတော့ပြန်ပြီး အဝယ်လိုက်လာတယ်။ ဈေးကလည်း အောက်ဈေးဖြစ်တော့ ဒီဈေးနှုန်းကို သူတို့ (တရုတ်) ကြိုက်တယ်လေ။ ဥရောပနဲ့ အာဖရိကကိုလည်း သင်္ဘောနဲ့ ဆန်တင်ပို့မှုတွေ ရှိနေတယ်။ အဲဒီတော့ ဆန်ဈေးမြင့်လာ ကြိတ်ဖို့အတွက် စပါးကို လုဝယ်ကြတော့ စပါးဈေး တက်လာတာပေါ့” ဟု ဧရာဝတီကို ပြောသည်။
ပေါ်ဆန်းအုပ်စုဝင် ပေါ်ဆန်းယဉ်စပါးမှာ လဆန်းပိုင်းက တင်း ၁၀၀ လျှင် ကျပ် ၆ သိန်းဝန်းကျင် ပေါက်ဈေးရှိခဲ့ပြီး လက်ရှိတွင် ကျပ် ၇ သိန်း ၅ သောင်းအထိ မြင့်တက်လာကြောင်း ဧရာဝတီတိုင်းအတွင်းရှိ ဒေသခံလယ်သမားများက ပြောသည်။ ရန်ကုန်တိုင်းတွင် ဧည့်မထစပါး တင်း ၁၀၀ လျှင် ကျပ် ၄ သိန်း ၆ သောင်းကျပ်၊ ရာကျော်စပါး တင်း ၁၀၀ လျှင် ကျပ် ၄ သိန်း ၆ သောင်းနှင့် ဆင်းသုခစပါး တင်း ၁၀၀ လျှင် ၄ သိန်း ၅ သောင်းကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း ဆန်ကုန်သည်များက ဆိုသည်။
ပဲခူးတိုင်၊ ပန်းတောင်းမြို့နယ် ဆန်စပါးအသင်းဥက္ကဋ္ဌ ဦးတင်လှက “နိုင်ငံတော်က အရန်ဆန် ဝယ်မယ်ဆိုတဲ့ သတင်းတွေ ထွက်လာတာရယ်၊ တရုတ်ဘက်ကို ဆန်တင်ပို့မှုတချို့ ရှိလာတဲ့အတွက် စပါးဈေး ပြန်တက်လာတာပါ။ လက်ရှိပေါက်ဈေးက လဆန်းပိုင်းကထက် ၁ သိန်း ၂ သောင်း ဈေးတက်လာတယ်” ဟု ပြောသည်။
ဇီးကုန်းမြို့နယ်မှ တောင်သူကိုကျော်မျိုးဦးကမူ “ ကျနော်တို့နယ်မှာ စပါးတွေကမိုးမိ ရေတွေမြုပ်၊ အပင်တွေလဲပြီး အထွက်နှုန်း ကျကုန်တယ်။ ထွက်တဲ့စပါးကလည်း အရည်အသွေး မကောင်းတော့ ရတဲ့ဈေးနဲ့ ထိုးရောင်းတာ တင်း ၁၀၀ မှ ၃ သိန်းခွဲလောက် ရတယ်။ ဒီနှစ်မိုးစပါးက အရှုံးချည်းပဲ။ အခုလို ဈေးတက်ချိန်ကျတော့ လယ်သမားလက်ထဲမှာ စပါး မရှိတော့ဘူး” ဟု ဆိုသည်။