စီးပွားရေး

ရှမ်းကလေးကျွန်းစီမံကိန်း MIC ခွင့်ပြုချက် လိုသည်

Want create site? Find Free WordPress Themes and plugins.

မန္တလေးမြို့ရှိ နံကပ်အင်းနှင့် ရှမ်းကလေးကျွန်းတွင် အကောင်အထည် ဖော်နေသည့် “ အမရပူရ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်း”တွင် မြေယာစီမံခန့်ခွဲခွင့် အရှုပ်အရှင်းများ ပါဝင်နေသည့်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ၏ ခွင့်ပြုချက်ရယူ လုပ်ဆောင်ရန် လိုအပ်ကြောင်း မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက ပြောသည်။

မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက “ အဲဒီစီမံကိန်းမှာ ကျွန်းမြေကို မြို့မြေဂရန်ပေးဖို့ ကိစ္စတွေ ပါလာတဲ့အတွက် စည်းကမ်းတကျလုပ်ဖို့ လိုအပ်တယ်။ အစိုးရနဲ့ ပတ်သတ်တဲ့ အဖွဲ့အစည်းတွေဆီက အတည်ပြုချက်တွေ ရယူဖို့လိုတယ်။ အဲဒါတွေပြီးရင် MIC ကို တင်မယ်” ဟု ဆိုသည်။

မန္တလေးမြို့၏ အဓိက ရေဝင်ရေလဲဧရိယာဖြစ်သည့် ရှမ်းကလေးကျွန်းမြေဧရိယာ ၂၅၀၀ ဧကတွင် အကောင်အထည် ဖော်နေသည့် “ အမရပူရ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်း”တွင် ကျွန်းမြေ၊ မြေနုကျွန်းမြေများ သာမက ဧရာဝတီမြစ်ရေဝင် ဧရိယာများ ပါဝင်နေပြီး ဒေသခံမြေယာပိုင်ရှင်များက ထိုမြေများကို မြို့မြေဂရန်ထုတ်ပေးရန် တောင်းဆိုနေကြောင်း သိရသည်။

ရှမ်းကလေးကျွန်းသည် အမရပူရမြို့နယ်၊ ဧရာဝတီမြစ် အရှေ့ဘက်ကမ်း၌ တည်ရှိပြီး စစ်ကိုင်းနှင့် မန္တလေးသွားရာ ကမ်းနားလမ်းနံဘေးရှိ မြေနုကျွန်းဧရိယာများနှင့် ဆက်စပ်နေသည့် ကျေးရွာဖြစ်သည်။ နှစ်စဉ်မိုးရာသီတိုင်း ဧရာဝတီမြစ်ရေ တက်လေ့ရှိသဖြင့် ရွာအတွင်းသို့ရေဝင်ပြီး အနည်းဆုံး ၁ လခန့်ကြာမှ ရေများပြန်လည်ကျဆင်းပြီး လယ်ယာလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်နိုင်ကြောင်း ဒေသခံရွာသားများက ပြောသည်။

ရှမ်းကလေးကျွန်းကျေးရွာ ဒေသခံဦးရဲလွင်က “ ဒီစီမံကိန်း လုပ်လိုက်လို့ ကျနော်တို့ ကောင်းစားမယ်ဆိုတာထက် လက်ရှိနေစရာနေရာ ပျောက်သွားမှာ ကြောက်တယ်။ ဒီမြေကို ရောင်းစားလိုက်ရင် မလုပ်တတ်မကိုင်တတ်နဲ့ ထမင်းငတ်မှာပါ။ အဲဒါကြောင့် ကျနော်မြေကို ဘယ်လောက်ပေးပေး ရောင်းမှာမဟုတ်ဘူး” ဟု ဆိုသည်။

ဒေသခံအများစုသည် အဓိကအားဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် နွားမွေးမြူရေးတို့ဖြင့် အသက်မွေးဝမ်းကြောင်း ပြုသူများ ဖြစ်ကြသည်။ ရွာသားအများစုမှာ ထိုစီမံကိန်းကြောင့် အိမ်ရာများ ပြောင်းရွှေ့ရမည်ကို မလိုလားကြသော်လည်း စီမံကိန်းကြောင့် ကျေးရွာအနီးရှိ မြေဈေးများ အဆမတန် မြင့်တက်လာပြီး လက်ရှိတွင် ၁ ဧကလျှင် ကျပ်သိန်း ထောင်ဂဏန်းအထိ ဈေးမြင့်လာသဖြင့် ဒေသခံရွာသားများက မြေများရောင်းချကာ တခြားဒေသများသို့ ပြောင်းရွှေ့နေထိုင်မှုတချို့ ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

ထိုစီမံကိန်းကို မန္တလေးမြို့ ရေဝင်ရေလဲ ဧရိယာအင်းအတွင်း တည်ဆောက်မည် ဖြစ်သောကြောင့် မိုးရာသီတွင် ရေကြီးရေလျှံခြင်း အန္တရာယ် တွေ့ကြုံခံစားရနိုင်ပြီး ဧရာဝတီမြစ်ကြောင်း ပြောင်းလဲသွား၍ မြစ်အောက်ဘက်ရှိ အင်းဝရှေးဟောင်းယဉ်ကျေးမှုဇုန်ကို ထိခိုက်နိုင်မည့် အလားအလာများ လေ့လာတွေ့ရှိနေရသည်ဟု မန္တလေးမြို့အခြေစိုက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဦးမောင်မောင်ဦးက ဆိုသည်။

ထိုအခြေအနေများနှင့် ပတ်သက်ပြီး Mandalay Business Capital City Development ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ရဲဝင်းက လက်ရှိတွင် သဘာဝ၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ချက် (EIA)၊ လူမှုပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ချက် (SIA) နှင့် ဧရာဝတီမြစ်ရေစီးကြောင်း အခြေအနေတို့ကို စစ်ဆေးလေ့လာလျက်ရှိပြီး ထိုလုပ်ငန်းများ ပြီးစီးပါက MIC ထံ တင်ပြသွားမည်ဟု ဧရာဝတီကို ပြောသည်။

“ဒီဒေသမှာ စဉ်ဆက်မပြတ်တဲ့ ဖွံ့ဖြိုးမှုတွေကို စားသုံးစေချင်ပါတယ်။ ဒါကြောင့် အများစိတ်ပူနေတဲ့ ကိစ္စတွေကို မဖြစ်ဖို့ အာမခံပေးနိုင်တယ် ဆိုတာထက် ပိုပါတယ်” ဟု ဦးဇော်ရဲဝင်းက ဆိုသည်။

ထိုစီမံကိန်းကို Mandalay Business Capital City Development ကုမ္ပဏီက ဆောင်ရွက်နေပြီး၊ အမရပူရမြို့နယ် ရှမ်းကလေးကျွန်းနှင့် နံကပ်အင်းအတွင်းရှိ မြေဧရိယာ ၂၅၀၀ ဧကပေါ်တွင် လူနေတိုက်ခန်းများ၊ ဟိုတယ်၊ ဈေးဝယ်စင်တာများ၊ ဆေးရုံ၊ စာသင်ကျောင်းများ ပါဝင်သည့် မြို့ပြစီမံကိန်းတခု ဆောင်ရွက်ရန် ၂၀၁၆ ခုနှစ် မတ်လက မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနှင့် နားလည်မှု စာချွန်လွှာ ရေးထိုးလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း မန်းတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

ထိုစီမံကိန်းကို အကောင်ထည်ဖော် ဆောင်ရွက်မည့် Mandalay Business Capital City Development ကုမ္ပဏီ၏ ဒါရိုက်တာ အဖွဲ့ဝင်များမှာ ဦးမောင်ဝိတ်၊ ဦးစံဖုန်းတင့်၊ ဦးသိန်းသန်းထွန်း၊ ဦးအောင်မင်း၊ ဦးဇော်ဌေး၊ ဒေါ်လန်ချမ်း၊ ဒေါ်လွင်နှင်းနှင်းတို့ ဖြစ်ကြပြီး၊ ထိုစီမံကိန်းကို အဓိက စီမံခန့်ခွဲသူသည် ဦးမောင်ဝိတ်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

မန္တလေးတိုင်းအတွင်း ယခင်တိုင်းအစိုးရလက်ထက်က ခွင့်ပြုခဲ့သည့် ဖွံ့ဖြိုးရေး စီမံကိန်းအချို့ကို လက်ရှိ အစိုးရလက်ထက်၌ ပြန်လည်စိစစ်ခြင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှု ကော်မရှင် (MIC) သို့ တင်ခိုင်းခြင်းနှင့် သဘာဝ၊ ပတ်ဝန်းကျင် ထိခိုက်နိုင်မည့် အစီအစဉ်များကို ပြန်လည်တိုင်တာစစ်ဆေးမှုများ ပြုလုပ်နေသည်ကို တွေ့ရသည်။

လတ်တလောတွင် တိုင်းအစိုးရအဖွဲ့က ကဏ္ဍအလိုက် ပြန်လည်စိစစ်မှုများ ပြုလုပ်နေသည့် စီမံကိန်းများတွင် တောင်သမန်အင်းအနီး ပြုလုပ်မည့် တောင်သမန်သစ္စာ ကျေးလက်စီမံကိန်း၊ စက်သုံးဆီဆိပ်ကမ်း စီမံကိန်း၊ ပြင်ဦးလွင်-မန္တလေးလမ်းသစ် စီမံကိန်းတို့ ပါဝင်ကြောင်း တိုင်းအစိုးရအဖွဲ့မှ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading