ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်ရေးအဖြစ် အသုံးပြုမည့် ကုလားတန် ဆိပ်ကမ်းစီမံကိန်း အသက်ဝင်လာပါက ချင်းပြည်နယ် အတွက် လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားမှု တိုးတက် ဖြစ်ထွန်းလာမည်ဟု ဒေသခံများက မျှော်လင့်နေကြသည်။
ကုလားတန် ဆိပ်ကမ်းစီမံကိန်းကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလကုန်တွင် အပြီးတည်ဆောက်သွားမည်ပြီး ထိုဆိပ်ကမ်းမှ အိန္ဒိယ နယ်စပ်သို့ ကုန်ပစ္စည်းများ သယ်ဆောင်နိုင်မည့် ကုန်သွယ်ရေးလမ်းကြောင်းကိုလည်း ဆိပ်ကမ်း စီမံကိန်း အပြီး ၆ လအတွင်း အပြီး လုပ်ဆောင်သွားမည်ဟု ချင်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးဇိုဘွဲ က ပြောသည်။
ဦးဇိုဘွဲ က “ပလက်ဝ မြို့နယ်ကလမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ နေရာပါ။ ကုလားတန် စီမံကိန်းကကျနော်တို့ ပလက်ဝအတွက် အရမ်းကိုကောင်းမွန်စေတဲ့ စီမံကိန်းတခုပါ။ ဒီစီမံကိန်း ပြီးရင်တော့ ချင်းပြည်နယ် ထွက်ကုန်တွေလည်း အိန္ဒိယကို ပို့လို့ရမယ်” ဟုဆိုသည်။
ကုလားတန် ဆိပ်ကမ်းသည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်မှ ကုန်ပစ္စည်းများကိုအိန္ဒိယ နိုင်ငံသို့ တင်ပို့မည်ဖြစ်ပြီး၊ ချင်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းအတွက် ဆက်သွယ်ရန် လမ်းကြောင်းကိုလည်းဖောက်လုပ်သွားမည် ဟုလည်းချင်းပြည်နယ် အစိုးရအဖွဲ့ စီးပွာစီမံရေးရာ ဝန်ကြီးဦးဆလိုင်း အိုက်ဇက်ခင် က ပြောသည်။
“ချင်းပြည်နယ် တောင်ပိုင်းပလက်ဝနဲ့ မြောက်ပိုင်းတွံဇန်၊ မတူပီ၊ ဟားခါးတို့ ဆက်သွယ်မယ့် လမ်းကြောင်းကို ဖောက်မယ်။ အဲ့မှာထွက်တဲ့ ကုန်ပစ္စည်းတွေကို ပလက်ဝပို့ပြီး ပလက်ဝကနေ ကုလာတန်ဆိပ်ကမ်း အိန္ဒိယကို ပြန်ပို့မယ်” ဟု ဆလိုင်း အိုက်ဇက်ခင် ကဆိုသည်။
ချင်းပြည်နယ် ပလက်ဝမြို့သည် အခြားချင်းပြည်နယ်အတွင်းက မြို့နယ်များကိုဆက်သွယ်ရန် လမ်းကြောင်းမှာ ယနေ့ ချိန်ထိ မရှိသေးကြောင်း၊ ထိုလမ်းကြောင်းဖောက်လုပ်ရန် အတွက်လည်း စတင်အကောင် အထည်ဖော်ဆောင်မှုများ ပြုလုပ်နေသည် ဟုသိရသည်။
ကုလားတန် မြစ်စီမံကိန်းနှင့် ပတ်သတ်ပြီး ပလက်ဝ မြို့နယ် ခူမီးစာပေ နှင် ယဉ်ကျေးမှု ဥက္ကဌဦးစနိအောင် က “စီမံကိန်းရှိတာ ကျနော်တို့ အနေနဲ့ကြိုဆိုပါတယ်။ ဘာလို့လည်း ဆိုတော့ ကျနော်တို့ ပလက်ဝမြို့နယ် က ဆက်သွယ်ရေး အရမ်းခက်ခဲတယ်။ နောက်ပိုင်းမှာ အိန္ဒိယကို ကားလမ်း ပေါက်မယ်ဆိုတော့ ကျနော်တို့ ဒေသထွက်ကုန် အများကြီးတွေ အိန္ဒိယကို လမ်းပေါက်တော့ ကျနော်တို့ ထုတ်ကုန်တွေ အများကြီးထုတ်လို့ ရနိုင်တဲ့အတွက် ဒေသခံ အနေနဲ့ အများကြီးကြိုဆိုပါတယ်” ဟုပြောသည်။
ယခင်က ပလက်ဝထွက်ကုန်များကို ရခိုင်ပြည်နယ် စစ်တွေမြို့၊ ကျောက်တော်မြို့ ဈေးကွက်သို့သာတင်ပို့ ရောင်းချ နိုင်ခဲ့ကြောင်းသိရသည်။
အိန္ဒိယ မြန်မာကားလမ်းကုလားတန်မြစ် ဘက်စုံစီမံကိန်း ပြီးဆုံးသွားမည် ဆိုပါကဒေသခံတိုင်းရင်းသားများ အလုပ်အကိုင် မရရှိဘဲ အခြားလူမျိုးမှာရသွားမည်ကို စိုးရိမ်နေကြောင်း၊ လူနေမှု ပြဿနာ ဖြစ်ပွားမည် ကိုစိုးရိမ်နေကြောင်း ပလက်ဝဒေသခံများကဆိုကြသည်။
မြန်မာ- အိန္ဒိယ နှစ်နိုင်ငံသဘောတူညီချက်ဖြင့် ကုလားတန် မြစ်စီမံကိန်းကို ၂၀၀၈ခုနစ်တွင် စတင် လက်မှတ်ရေးထိုး ခဲ့ကြကြောင်း၊ ကုလားတန်မြစ်စီမံကိန်း ၂၀၁၇ ခုနစ်တွင် အပြီးတည်ဆောက်သွားမည် ဖြစ်ကာ ပြီးဆုံးပါက လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်လာပြီး၊ ပညာရေး၊ ကျန်းမာရေး၊ နှင့် စီးပွားရေးအခွင့်အလမ်းများပိုမိုကောင်းမွန်လာမည် ဖြစ်ကြောင်းသိရသည်။