လာမယ့် ၂၀၁၇ ခုနှစ်အတွက် မော်တော်ယာဉ် တင်သွင်းခြင်း ဆိုင်ရာ မော်ဒယ်နှစ် သတ်မှတ်ချက်ကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့က မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီကနေ ထုတ်ပြန်ခဲ့တာ တွေ့ရပြီး နိုင်ငံပိုင် သတင်းစာတွေမှာတော့ ဒီဇင်ဘာ ၁ ရက်နေ့ ရက်စွဲနဲ့ တရားဝင် ပါရှိလာခဲ့ပါတယ်။
၂၀၁၁ ခုနှစ် အတွင်းကနေ စတင်ပြီး မော်တော်ယာဉ်အို ယာဉ်ဟောင်း အပ်နှံပြီး အစားထိုးတင်သွင်းခွင့်ပြုခြင်း အပြင် တဦးတယောက်ခြင်းဆိုင်ရာ မော်တော်ယာဉ်တင်သွင်းခွင့် လျှောက်ထားခွင့်ပြုခြင်း Free Permit ပုံစံတွေကို ခွင့်ပြုခဲ့တာကြောင့် လက်ရှိ ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်း အထိအောင် မော်တော်ယာဉ်အစီးရေ သိသိသာသာ တနှစ်ထက် တနှစ် တိုးမြင့်လာခဲ့တာ တွေ့ရပါတယ်။
ဒါကြောင့်လည်း ၂၀၁၅ ခုနှစ်အတွင်းကနေ စတင်ပြီး မြန်မာနိုင်ငံရဲ့ မော်တော်ယာဉ် အများဆုံးအသုံးပြု သွားလာနေတဲ့ ရန်ကုန်မြို့တော် အတွင်းမှာ ယာဉ်ကြော ပိတ်ဆို့မှုတွေ များပြားလာတာကြောင့် Free Permit ပုံစံ ကားတင်သွင်းခွင့်ကို ကားပါကင်ထောက်ခံချက် ရှိသူတွေ အတွက်ပဲ တင်သွင်းခွင့် ပေးမယ့် စနစ်ကို ပြောင်းလဲ အသုံးပြု ခွင့်ပြုခဲ့တာ တွေ့ရပါတယ်။
သက်တမ်း နှစ် ၂၀ ပြည့် အပ်ကားစလစ်နဲ့ တင်သွင်းသူတွေကိုတော့ ပါကင်ထောက်ခံချက် မလိုပဲ တင်သွင်းခွင့် ပေးခဲ့ပေမယ့် ၂၀၁၁ ခုနှစ် နောက်ပိုင်း ပြည်တွင်း မော်တော်ယာဉ် တင်သွင်းမှု အားလုံးရဲ့ ရာခိုင်နှုန်း ၈၀ နီးပါးလောက်ဟာ Free Permit တွေ ဖြစ်နေတာကြောင့် ပါကင်ထောက်ခံချက်နဲ့ ပူးတွဲလျှောက်ထား တင်သွင်းခွင့်ပေးချိန်မှာ ကားဈေးနှုန်းတွေလည်း အနည်းငယ် မြင့်တက်သွားခဲ့သလို ရန်ကုန်လိုင်စင် မော်တော်ယာဉ် တင်သွင်းမှုလည်း လျော့နည်း သွားခဲ့ပါတယ်။
လက်ရှိ အစိုးရ တာဝန် စတင် ထမ်းဆောင်ချိန်မှာတော့ အဆိုပါ ပါကင်ထောက်ခံချက် စနစ်ကို ယာယီ ရပ်ဆိုင်း လိုက်ပြီး ရန်ကုန်လိုင်စင် အနေနဲ့ Free Permit လျှောက်ထားတင်သွင်းမှုကို လုံး၀ ရပ်နားထားလိုက်တာလည်း တွေ့ခဲ့ရပါတယ်။
ရှေ့ပိုင်းမှာတော့ အစိုးရသစ် အနေနဲ့ ပိုမို ကောင်းမွန်တဲ့ မော်တော်ယာဉ် တင်သွင်းမှု လျှောက်ထားချက် နည်းပုံစံသစ်နဲ့ အစားထိုး တင်သွင်းခွင့်ပေးဖို့ ကြိုးစားခဲ့ပေမယ့် လက်ရှိ အချိန်ထိအောင် နည်းပုံစံသစ်ထုတ်ပြန်မှု မရှိခဲ့ပါဘူး။ ၂၀၁၆ခုနှစ် နှစ်ကုန်ပိုင်း ရောက်ရှိခဲ့ပြီ ဖြစ်တာကြောင့် လာမယ့် နှစ်အတွက် မော်တော်ယာဉ် တင်သွင်းမှု ဆိုင်ရာ မော်ဒယ်နှစ် သတ်မှတ်ချက်ကို ထုတ်ပြန်လာတာ တွေ့ရပါတယ်။
အစိုးရသစ် အနေနဲ့ လာမယ့်နှစ် အတွက် မော်တော်ယာဉ် တင်သွင်းခွင့် မော်ဒယ်နှစ်ကို ပုံမှန်ထက် ပိုမို စည်းကျပ်လိုက်တာ တွေ့ရပါတယ်။ အထူးသဖြင့် Free Permit အနေနဲ့ တင်သွင်းခွင့် အများဆုံး၊ ဈေးကွက် ဝယ်လက် အများဆုံးဖြစ်တဲ့ ၁၃၀၀ စီစီနဲ့ အောက်ဖက်ရှိ မော်တော်ယာဉ်တွေကို အသစ် လျှောက်ထားတင်သွင်းနိုင်ဖို့ရာ ခက်ခဲစေလောက်တဲ့ မော်ဒယ်နှစ်တွေ အဖြစ် သတ်မှတ်လိုက်တာ တွေ့ရပါတယ်။
ကောင်းပါပြီ၊ ကျနော်တို့ လာမယ့်နှစ် အတွက် မော်တော်ယာဉ် ဈေးကွက် အနေအထားကို လေ့လာကြည့်ကြရအောင်ပါ။ အရင်ဆုံး စလစ်ကပ်ကားတွေ အကြောင်း ပြောချင်ပါတယ်။ လူစီး မော်တော်ယာဉ်တွေ အနေနဲ့ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၄ ခုနှစ် အတွင်း မော်ဒယ်တွေ တင်သွင်းခွင့်ရမယ်။ ၁၃၅၀ စီစီနဲ့ အောက်ဖက် အင်ဂျင်တပ် မော်ဒယ်တွေဆိုရင်တော့ ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်အတွင်း မော်ဒယ်တွေဆိုရင် ဘယ်မောင်းအဖြစ် တင်သွင်းခွင့်ကလွဲရင် ၂၀၁၁ ခုနှစ် မော်ဒယ်ကနေ စပြီး အနိမ့်ဆုံး အဖြစ် တင်သွင်းခွင့် ရမှာပါ။ ကုန်တင်နဲ့ ခရီးသည်တင် မော်ဒယ်တွေကတော့ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း မော်ဒယ်တွေ တင်သွင်းနိုင်ပါမယ်။ ဒီနေရာမှာ လူအများဆုံး စိတ်ဝင်စားမယ့် လူစီးနဲ့ ၁၃၅၀ စီစီအောက် မော်ဒယ်တွေကိုပဲ ကြည့်ရအောင်ပါ။
မော်ဒယ်မြင့် နောက်ဆုံးထုတ် အနေအထားတွေကိုလက်လှမ်း မမီသေးတဲ့ ပြည်တွင်း ဈေးကွက် ဝယ်လိုအား အနေအထားမှာ လက်ရှိ သိန်း ၁၂၀ ကနေ သိန်း ၁၅၀ အကြားဈေးပေါက်နေတဲ့ ၁၃၅၀ စီစီ အင်ဂျင်တပ် ၂၀၁၁ခုနှစ် ဝန်းကျင် မော်ဒယ်တွေဖြစ်တဲ့ Toyota Probox, Passo, Vitz, Ratics, Honda Fit, Mazda Demio, Suzuki Swift, Nissan AD Van လို မော်ဒယ်တွေက လာမယ့်နှစ်မှာ စလစ်ကပ်နိုင်မှ တင်သွင်းခွင့် ရနိုင်တော့မှာဖြစ်ပါတယ်။
ဒါဆိုရင် လက်ရှိ ပြည်တွင်း ဈေးကွက်ပေါက်ဈေး သိန်း ၁၂၀ ကို အခြေခံပြီး စလစ်ဈေး ပျမ်းမျှ သိန်း ၁၀၀ နဲ့ ပေါင်းထည့်မယ် ဆိုရင် အဆိုပါ ၁၃၅၀ စီစီ နဲ့ အောက်ဖက် ကားဈေးဟာ သိန်း ၂၂၀ ထိအောင် ကြမ်းခင်းဈေး ဖြစ်သွားပါလိမ့်မယ်။ ဒါက ပြည်ပကနေ အသစ် တင်သွင်းလာမယ့် ကားကို ပြောတာပါ။ ဒါပေမယ့် စလစ်ရဖို့ အတွက် သက်တမ်း နှစ် ၂၀ ပြည့်ကား အပ်ကားတွေက ရှားလာပါတယ်။ ၁၉၉၅ခုနှစ်နဲ့ နောက်ပိုင်းထုတ် ပြည်တွင်းမှာ လက်ရှိ စီးနင်းနေတဲ့ ကားတွေထဲမှာ Pajero နဲ့ Pradoလို အရည်အသွေး ကောင်းနေသေးတဲ့ ကားတွေ အများအပြားရှိနေပါသေးတယ်။ ဒီလိုသက်တမ်းပြည့်ဖို့လည်း လိုအပ်နေ၊ သက်တမ်းပြည့် ကားတွေထဲမှာလည်း အပ်ကား ရှားလာမယ့် အနေအထားကတော့ လာမယ့် နှစ်မှာ ပြည်ပကနေ မော်တော်ယာဉ် အသစ် တင်သွင်းလာဖို့ နည်းနေပါလိမ့်မယ်။
ဒါပေမယ့် အရောင်းစင်တာ၊ ပြခန်းတွေဘက်မှာတော့ အခုနှစ် မကုန်ခင်အချိန်အတွင်း Consignment ပုံစံနဲ့ အတတ်နိုင်ဆုံး မော်တော်ယာဉ် တငသွင်းခွင့် လျှောက်ထားပြုလုပ်ထားမှာဖြစ်လို့ အဆိုပါ မော်ဒယ်တွေ ဈေးကွက် ဝင်လာမယ့် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအထိလောက်ကိုတော့ ဈေးကွက်မှာ ရောင်းကား အရမ်း ရှားမသွားနိုင်သေးသလို ကားဈေးလည်း ရုတ်တရက် ခုန်တက်မသွားနိုင်သေးပါဘူး။ နောက်ပြီး Brand New ကားအရောင်းခန်းမတွေဘက်ကနေ မော်ဒယ်မြင့်တွေကို စိတ်ဝင်စားသူတွေ၊ လက်လှမ်းမီသူတွေ အတွက်တော့လည်း အဆင်ပြေနေဦးမှာပါ။
ဒါဆို လာမယ့်နှစ် မတ်လလောက်ကနေ စပြီး ရှားပါးလာမယ့် ကားအသစ်နဲ့ ပြည်တွင်း ဈေးကွက် အနေအထားမှာ ရောက်ရှိပြီး ကားတွေရဲ့ ဈေးနှုန်းစတင် မြင့်တက်လာဖို့ ရှိနေပြီး လက်ရှိ ကားပိုင်သူတွေရဲ့ ရွှေခေတ်ကိုရောက်လာနိုင်ပါတယ်။ ဒီနေရာမှာ တခုတော့ မျှော်လင့်နိုင်စရာ ရှိတာက CIF တန်ဖိုးပါ။ မော်ဒယ်နှစ် သတ်မှတ်ချက်ကတော့ ကားဈေးနှုန်းကို မြင့်တက်လာနိုင်စေသလို ကားတင်သွင်းမှုကိုလည်း ကောင်းကောင်း ထိန်းချုပ်လိုက်နိုင်စေပါတယ်။ ဒါပေမယ့် တင်သွင်းကားတွေ အပေါ် ကောက်ခံတဲ့ CIF တန်ဖိုး သတ်မှတ်ချက်က လာမယ့် ရက်ပိုင်းအတွင်း ထုတ်ပြန်လာမှာပါ။
၁၃၅၀ စီစီအောက်ဖက် ကားတွေကို CIF တန်ဖိုး ၅၀၀၀ သတ်မှတ်ထားရာကနေ ပြင်ဆင်ဖို့ ရှိတယ်လို့ အကောက်ခွန်ဦးစီးဌာနက တာဝန်ရှိသူ တစ်ဦးထံကနေ သိရပါတယ်။ အတည်ပြု ထုတ်ပြန်မှု မရှိသေးတဲ့ အနေအထားမှာ မျှော်လင့်စရာတစ်ခုက ၁၃၅၀ စီစီအောက်ကားတွေကို CIF တန်ဖိုး လျှော့ချပေးလာမလား ဆိုတာပဲ ဖြစ်ပါတယ်။ လက်ရှိ CIF ၅၀၀၀ အရ ဒီနေ့ ဒေါ်လာ ပေါက်ဈေးနဲ့ ပြန်တွက်မယ် ဆိုရင် ၆၅ သိန်းလောက်ထိ ရှိနေတာပါ။ ဒီနှုန်းကို ဘယ်လောက်ထိအောင် လျှော့ချပေးလာနိုင်ပါမလဲ။ လျှော့ချလာမယ် ဆိုရင်တော့ အထက်မှာပြောခဲ့တဲ့ လာမယ့်နှစ်အတွင်း သိန်း ၂၂၀ ခန့် ကြမ်းခင်းဈေး ရှိလာနိုင်မယ့် ၁၃၅၀ စီစီအောက်ကားတွေကိုရဲ့ ဈေးနှုန်း အနည်းငယ် လျော့လာနိုင်ပါတယ်။
ဟုတ်ပါပြီ၊ စလစ်ကပ်ကားတွေ ပြီးရင်တော့ လူအများဆုံး စိတ်ဝင်စားတဲ့ Free Permit အကြောင်း နည်းနည်း ပြောပါ့မယ်။ လာမယ့်နှစ်အတွက် ၁၃၅၀ စီစီအောက်ကားတွေကို Free Permit နဲ့ သွင်းမယ် ဆိုရင် ဘယ်မောင်း တမျိုးတည်းကိုပဲ ရနိုင်ပြီး ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်အတွင်းထုတ် မော်ဒယ်တွေ ရမှာပါ။ ဒါက Brand Newကား အရောင်းပြခန်းတွေ အတွက် အဆင်ပြေပေမယ့် ပြည်တွင်း အခြေစိုက် မော်တော်ယာဉ် အရောင်းပြခန်း၊ စင်တာနဲ့ တပိုင်တနိုင် ကားရောင်းဝယ်ရေး သမားတွေ အတွက်တော့ အဆင်မပြေစေနိုင်တော့ပါဘူး။
ဝယ်လက်လာမှ ရောင်းထုတ်ပြီး အမြတ်အစွန်း ရနိုင်မယ့် အနေအထားမှာ ဒီနေ့ ကားဈေးကွက် ကြမ်းခင်း သိန်း ၁၂၀ မှာ ဝယ်ရောင်းတစ်ဦး အနေနဲ့ ကားနှစ်စီးကနေ သုံးစီး ကိုင်ထားပြီး ဝယ်ရောင်းလုပ်နိုင်ပေမယ့် ကြမ်းခင်းဈေး သိန်း ၂၂၀ ခန့် ဖြစ်လာရင်တော့ ကားနှစ်စီးကိုပဲ လက်ထဲ ကိုင်ထားနိုင်ဖို့ မလွယ်တော့ပါဘူး။ ဒါ့အပြင် အဆိုပါ ကားတစီး ရောင်းထွက်ခဲ့တဲ့ အတွက် ရရှိလာမယ့် အကျိုးအမြတ်ကလည်း သိန်း ၂၀၀ ကျော် ရင်းနှီးပြီး လုပ်ကိုင်တဲ့ လုပ်ငန်းတစ်ခုအတွက် အဆင်မပြေ၊ တွက်ချေမကိုက်နိုင်ဘူးလို့ သီရိမင်္ဂလာ မော်တော်ယာဉ်ရောင်းဝယ်ရေးစခန်းက ကားဝယ်ရောင်းသမား တဦးက သုံးသပ်ပါတယ်။
“ကျနော်တို့ ကားပွဲစားတန်းမှာ ဝယ်ရောင်းလည်းရှိတယ်၊ ပွဲစားလည်းရှိတယ်၊ ငွေကိုင်နိုင်တဲ့သူကတော့ ဝယ်ရောင်းလုပ်တာပေါ့၊ အောက်ဈေးနဲ့ ကားကို ဝယ်ထိန်း၊ တက်ဈေးနဲ့ ပြန်ထုတ်တယ်ပေါ့၊ ငွေမကိုင်နိုင်ပဲ မိတ်ရှိတယ် ဆိုရင်တော့ ပွဲစားတွေ လုပ်ကြပါတယ်။ ဒါပေမယ့် ဝယ်ရောင်းနဲ့ ပွဲစားက အလုပ်ချင်း ချိတ်ဆက်နေတာ ဖြစ်လို့ တဦး အဆင်ပြေရင် နောက်တဦးလည်း အလုပ်ဖြစ်တာပါပဲ၊ ဒီနေ့ ကားဈေးနှုန်း အရ ကြည့်မယ် ဆိုရင် ဝယ်ရောင်း တယောက်က အနည်းဆုံးကား ၃ စီးလောက် သူ့လက်ထဲမှာ ကိုင်ထားနိုင်ပါတယ်၊ ဒါပေမယ့် အခု မော်ဒယ်နှစ် သတ်မှတ်ချက်ထုတ်ပြန်မှု အရ ကားဈေးက လာမယ့် လေး၊ ငါးလအတွင်း နှစ်ဆနီးပါးလောက် တက်သွားနိုင်ပါတယ်၊ ဒါဆိုရင် ဝယ်ရောင်း အနေနဲ့ အခုလို ကား သုံးစီးလောက်ထိအောင် ကိုင်ထား၊ ဆိုင်ထားနိုင်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒီတော့ သူ့မှာမှ ကားမရှိရင် ကြားထဲက ပွဲစားအတွက်လည်း ပွဲဖြစ်ဖို့ မရှိလို့ အဆင်မပြေပြန်ပါဘူး။ ဒီတော့ အခု ထုတ်ပြန်သတ်မှတ်လိုက်တဲ့ မော်ဒယ်နှစ် သတ်မှတ်ချက်က တနိုင်တပိုင် ကားဝယ်ရောင်းနဲ့ ပွဲစားတွေ အတွက်တော့ အဆင်မပြေ ဖြစ်စေပါတယ်”လို့ သူက ဆိုပါတယ်။
Free Permit ကားတွေ အနေနဲ့ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ် အတွင်းထုတ် မော်ဒယ်တွေကို တင်သွင်းရမယ် ဆိုရင်လည်း ဝယ်လက် အနေနဲ့ အလုပ်ရှုပ်ခံပြီး တင်သွင်းခွင့် လျှောက်ထားနေတော့မှာ မဟုတ်ပါဘူး။ ပြည်တွင်းမှာရှိတဲ့ Brand Newကား အရောင်းပြခန်းတွေမှာပဲ မျက်မြင်ကြည့်ရှု ဝယ်ယူမှု များလာနိုင်ဖို့ ရှိပါတော့တယ်။ ဒီအတွက် လာမယ့်နှစ်မှာ Free Permit တင်သွင်းမှုက မရှိသလောက် နည်းသွားနိုင်ပါတယ်။
လက်ရှိ ၃ လတာ ကာလအတွင်းကိုခန့်မှန်းရမယ် ဆိုရင်တော့ ၁၃၅၀ စီစီအောက် ကားများအနေနဲ့ ဈေးနှုန်း သိန်း ၃၀ ခန့်ထိအောင် တက်သွားဖို့ ရှိပါတယ်၊ ဇိမ်ခံ ပုံစံ သုံးနိုင်နေပြီး Free Permit နဲ့ နှစ်မကုန်ခင်ထိအောင် တင်သွင်းခွင့် ရနေတဲ့ Mitsubishi RVR, Nissan Juke နဲ့ Honda CR-Vလို မော်ဒယ်တွေကတော့ လာမယ့်နှစ်မှာ စလစ်ကပ် ပုံစံ ဖြစ်လာမှာမို့ စလစ်ဖိုး ဈေးတက်လာနိုင်သလို အကယ်၍ ဝင်ငွေခွန် ပေးဆောင်ရမှု ကင်းလွတ်ခဲ့ရင်တောင် အနည်းဆုံး ကျပ်သိန်း ၇၀ နဲ့ အထက် တက်သွားနိုင်ပါတယ်၊ ဒါက လာမယ့် ဖေဖော်ဝါရီလအတွင်းထိအောင်ခန့်မှန်းချက်ဖြစ်ပြီး နောက်ပိုင်းမှာ ကားဈေးက တဖြည်းဖြည်း ဆက်တက်သွားနိုင်ပါတယ်။ ၁၃၅၀ စီစီအောက်ကားတွေ အနေနဲ့ CIF တန်ဖိုးသတ်မှတ်ချက် တခုကိုတော့ နှစ်မကုန်ခင်အတွင်း စောင့်ကြည့်နိုင်သေးတာမို့ အခု လကုန်ပိုင်းအထိအောင် ၁၃၅၀ စီစီအောက်ကားတွေ ရုတ်တရက် ဈေးခုန်တက်ဖို့တော့ မရှိနိုင်သေးပါဘူး။
မော်ဒယ်မြင့်ကားတွေ အနေနဲ့တော့ လာမယ့်နှစ်မှာ စလစ်ကပ်ပြီး တင်သွင်းခွင့် ရလာမှာဖြစ်လို့ ဈေးနှုန်း သိပ်ပြီး တက်မသွားနိုင်ပါဘူး။ အထူးသဖြင့်တော့ သိန်း ၅၀၀နဲ့ အထက်ဘက်ရှိတဲ့ ကားတွေ ဖြစ်ပါတယ်။ အခုနှစ် အတွင်းမှာ Free Permit ပုံစံနဲ့ တင်သွင်းနေရပြီး ဝင်ငွေခွန် ပေးဆောင်နေရပေမယ့် လာမယ့်နှစ်မှာ စလစ်ကပ်ရတော့မှာဖြစ်လို့ ဝင်ငွေခွန်ပေးဆောင်ရမှု ကင်းလွတ်သွားပါလိမ့်မယ်။ ဒါဆိုရင် ဇိမ်ခံ ကားဝယ်မယ့်သူတွေ အတွက်ကတော့ တန်ဖိုးကြီးရင် ကြီးသလောက် စလစ်ဖိုး ကုန်ကျရုံကလွဲရင် ဝင်ငွေခွန် ပေးဆောင်ရမှု သက်သာလာနိုင်တာကြောင့် ပိုပြီး အဆင်ပြေစေပါလိမ့်မယ်။ ဒီအတွက် အဆိုပါ မော်ဒယ်တွေမှာ ဈေးငြိမ်နိုင်သလို လှုပ်ခတ်မှု ရှိမယ် ဆိုရင်လည်း အကျဘက်မှာပဲ ရှိုလာနိုင်တာပါ။
နယ်ဘက်မှာရော ရန်ကုန်အသေးစား လုပ်ငန်းတွေဘက်မှာပါ အသုံးများတဲ့ လုပ်ငန်းသုံးကားတွေကတော့ အရင်နှစ်တွေကလိုပဲ မော်ဒယ်နှစ်ကို တစ်နှစ်ပဲ နောက်ဆုတ်ပြီး တင်သွင်းခွင့် ပေးလာတဲ့ အတွက် ထူးခြားတဲ့ ဈေးလှုပ်ခတ်မှု ရှိမလာနိုင်ပါဘူး။ Bongo လို မော်ဒယ်တွေကနေ ၆၆၀ စီစီသုံး Carry လို မော်ဒယ်တွေထိအောင် နယ်ရော မြို့တွေမှာပါ အသုံးများတာကြောင့် ဝယ်လက်ရှိပြီး လက်ရှိ ဝယ်ရောင်းသမားတွေ အနေနဲ့ အိမ်စီးကားတွေ ဈေးတက်သွားမယ် ဆိုရင် အဆိုပါ အသေးစား လုပ်ငန်းသုံးကုန်တင် မော်တော်ယာဉ်တွေကို ပြောင်းလဲ ဝယ်ရောင်းလာရဖို့ ရှိသလို နှစ်မကုန်ခင် အတွင်း Consignment ပုံစံနဲ့ လျှောက်ထားခွင့် ရှိနေတဲ့ ကားအရောင်း ပြခန်းနဲ့ စင်တာတွေကတော့ လက်ရှိမှာ လုပ်ငန်းသုံး မော်ဒယ်တွေကို တွဲဖက် ရောင်းချမှုတွေ ရှိပေမယ့် လာမယ့်နှစ်ဆန်းပိုင်းမှာ အိမ်စီး မော်ဒယ်တွေ တင်သွင်းထားမှု များနိုင်သလို ဝယ်လက် လိုက်လာနိုင်တာကြောင့် လုပ်ငန်းသုံး မော်ဒယ်တွေ ပြသရောင်းချခြင်း လျော့နည်းသွားလာနိုင်ပါတယ်။
ဟုတ်ပါပြီ၊ ဒါဆိုရင်တော့ ၂၀၁၇ ခုနှစ်အတွက် ကားဈေးကွက်က မော်ဒယ်နှစ် သတ်မှတ်ချက် တခုတည်းနဲ့တင် တက်ဈေးကို ဦးတည်နေပြီ ဆိုတာ ပေါ်လွင်နေပါပြီ၊ အများဆုံး ဝယ်ယူနေတဲ့ ၁၃၅၀ စီစီအောက်ကားတွေ အနေနဲ့ CIF တန်ဖိုး တခုကို လာမယ့် ရက်ပိုင်း အတွင်း မျှော်လင့်စရာရှိနေပါသေးတယ်။ ဒါပေမယ့် လုံး၀ ကင်းလွတ်ခွင့်တော့ ရနိုင်မှာ မဟုတ်လို့ CIF တန်ဖိုး လျော့ချပေးမယ် ဆိုရင်တောင် အနည်းငယ် ခံသာနိုင်ရုံပဲ ရှိမှာပါ။
လာမယ့် နှစ်အတွင်း ကားပွဲစားတန်း၊ ကားရောင်းဝယ်ရေး စခန်းတွေ ခြောက်သွေ့လာနိုင်ပါတယ်၊ တပိုင်တနိုင် ကားဝယ်ရောင်းနဲ့ ပွဲစားတွေ လျော့သွားနိုင်ပါတယ်၊ ကားအရောင်းစင်တာ၊ ပြခန်းနဲ့ Brand New Showroomတွေ အခုနှစ်ထက်တော့ အဆင်ပြေလာနိုင်ပါတယ်။ စလစ် လိုအပ်ချက် များသည်ထက် များလာတာကြောင့် နှစ် ၂၀ အပ်ကားသမားများ၊ စလစ်ကိုင်ထားသူများ ရွှေခေတ်ကို ရောက်လာပါလိမ့်မယ်။ စလစ်ဈေးတက်မှုနဲ့ အတူ ရန်ကုန်မြို့တွင်း နှစ်၂၀ လိုင်ကား အပ်မယ့်သူတွေလည်းဈေးကောင်း ရလာနိုင်ပါတယ်။
တက္ကစီနဲ့ ပတ်သတ်ပြီး ခွင့်ပြုပေးဖို့ ထုတ်ပြန်ချက်၊ သတင်း တစုံတရာ မကြားသိသေးမှုက တက္ကစီ ဈေးကို အငြိမ်နဲ့ အတက်ဘက်ကို ဦးတည်နေစေပါတယ်။ ၁၃၅၀ စီစီအောက်ကားတွေ တဖြည်းဖြည်း ဈေးတက်လာနိုင်ပြီး သိန်း ၂၀၀ နဲ့ အထက်ကို ရောက်လာနိုင်ပါတယ်။ ဇိမ်ခံ မော်ဒယ် အဖြစ် သုံးနေတဲ့ သိန်း ၅၀၀ နဲ့ အထက်ကားတွေကတော့ ဝင်ငွေခွန်ကင်းလွတ်လာနိုင်တာကြောင့် အတက်ဈေးထက် အကျဘက်နဲ့ အငြိမ်ဘက်မှာ ရှိနေမှာပါ။
ဖြစ်နိုင်ရင်တော့ နှစ်မကုန်ခင် ကားဝယ်ထားမယ်၊ အထူးသဖြင့် ၁၃၅၀ စီစီအောက်ကားတွေ ဝယ်ထားမယ် ဆိုရင်တော့ တက်ဈေးမမိနိုင်ဖို့ ရှိပါတယ်။