၂၀၁၆ – ၂၀၁၇ ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားခရီးသွားဧည့်သည် ဝင်ရောက်မှုသည် အပြည်ပြည်ဆိုင်ရာလေဆိပ် ဝင်ပေါက်သာမက နယ်စပ်ဂိတ် ဝင်ပေါက်များတွင်ပါ ဧည့်သည်ဝင်ရောက်မှုနှုန်း ယခင်နှစ်ထက် လျော့ကျနေကြောင်း မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနထံမှ သိရသည်။
ပြီးခဲ့သည့်လပိုင်းက ဖြစ်ပွားခဲ့သည့် မူဆယ်နယ်စပ်ဂိတ်စခန်း ပြဿနာများ၊ ရခိုင်ပြည်နယ်အတွင်း မတည်ငြိမ်မှုများက နိုင်ငံခြားခရီးသွားဧည့်သည် ဝင်ရောက်မှု လျော့ကျနေခြင်း၏ အဓိကအကြောင်းအရင်းများတွင် ပါဝင်ကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။
နိုင်ငံခြား ခရီးသွားဧည့်သည် လျော့ကျနေခြင်းနှင့် ပတ်သက်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းထွဋ်က “ ကျသွားတာ မဟုတ်ဘူး၊ တန့်တာပေါ့။ နယ်စပ်တွေကနေ ဝင်တဲ့နေရာမှာ တိုင်းပြည်ရဲ့ လုံခြုံရေးအရ တချို့နေရာတွေမှာ ပိုပြီးကန့်သတ်လိုက်ရတာ ရှိတယ်။ ခရီးသွားကဏ္ဍက အဲဒီလို ကန့်သတ်မှုတွေ ရှိလာရင် နည်းနည်းထိခိုက်မိတာတော့ ရှိတယ်။ တိုက်ပွဲဖြစ်တယ်ဆိုရင် ကားတွေမီးရှို့တယ်ဆိုတာ သတင်းစာတွေထဲမှာ ဖော်ပြနေတော့ အများစုက ရှောင်ကြတဲ့ အနေအထား ရှိမှာပေါ့” ဟု ပြောသည်။
ပြည်တွင်းသို့ နိုင်ငံခြားခရီးသွားဧည့်သည် ဝင်ရောက်မှုသည် ပြီးခဲ့သည့် ၂၀၁၅ – ၂၀၁၆ ဘဏ္ဍာနှစ်စ ဇန်နဝါရီလမှ အောက်တိုဘာလအထိ ပြည်ပခရီးသွား ၃ ဒသမ ၃ သန်းဝန်းကျင် ဝင်ရောက်ခဲ့ပြီး၊ ယခုဘဏ္ဍာနှစ် အလားတူကာလအထိ ပြည်ပခရီးသွား ၃ သန်း ဝန်းကျင်သာ ဝင်ရောက်ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ စာရင်းမှတ်တမ်းများအရ သိရသည်။
အလားတူ အပြည်ပြည်ဆိုင်ရာ လေဆိပ်ပေါက်များမှ နိုင်ငံခြားခရီးသွားဧည့်သည် ဝင်ရောက်မှုသည် ယခင်ဘဏ္ဍာနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၁ ရာခိုင်နှုန်း လျော့ကျနေကြောင်းနှင့် နယ်စပ်ဂိတ်ပေါက်များမှတဆင့် ပြည်ပခရီးသွား ဝင်ရောက်မှုနှုန်းသည် ယခင်နှုန်းအောက် ၃ ရာခိုင်နှုန်း လျော့ကျနေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ စာရင်းမှတ်တမ်းတွင် ဆက်ဖော်ပြထားသည်။
ခရီသွားဧည့်သည် ကျဆင်းလာမှု အခြေအနေနှင့် ပတ်သက်ပြီး ဦးကောင်းထွဋ်က “ အာဆီယံနိုင်ငံတွေနဲ့ယှဉ်ရင် ဈေးကြီးတာကြောင့် ခရီးသည်အရေအတွက် ကျလာတယ်။ သဘာဝသယံဇာတ အရင်းအမြစ်တွေ ပေါပေမယ့် ဧည်သည်တွေ သွားလာနေထိုင်ဖို့လည်း လွယ်ကူရမယ်။ အခုက ခရီးသွားရာမှာ အကန့်အသတ်တွေ ရှိနေတယ်။ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ အဆင်ပြေချောမွေ့မှု မရှိဘူး။ လေကြောင်းလိုင်းတွေ ဈေးနှုန်းများနေတာလည်းပါတယ်” ဟု ပြောသည်။
နိုင်ငံခြားခရီးသွား ဧည်သည်များ ပြည်တွင်းသို့ လာရောက်လည်ပတ်ရာတွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝင်ပေါက်များ ဖြစ်သည့် ရန်ကုန်၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်များမှ လည်းကောင်း၊ နယ်စပ်ဂိတ် ဝင်ပေါက်များဖြစ်သည့် မြဝတီ၊ တာချီလိတ်၊ ထီးခီး၊ ကော့သောင်းမြို့တို့မှ လည်းကောင်း၊ မူဆယ်၊ ကန်ပိုက်တီး၊ တမူး နယ်စပ်ဝင်ပေါက်များ မှလည်း ခွင့်ပြုမိန့်ဖြင့် ဝင်ရောက်လည်ပတ်နေကြကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။
ပြည်ပခရီးသွားဧည့်သည် ကျဆင်းမှုနှင့် ပတ်သက်ပြီး သင်္ဂဇာခရီးသွားလာရေးလုပ်ငန်း အုပ်ချုပ်မှုဒါရိုက်တာ ဦးတင်ထွန်းအောင်က “ ရခိုင်ကိစ္စမျိုးတွေကြောင့် တိုင်းရင်းသားတွေနဲ့ ပြေလည်အောင် ဖြေရှင်းနိုင်မှ ခရီးသွား တက်လာမယ်။ ပြည်တွင်းငြိမ်းချမ်းရေးကို အများကြီး မျှော်လင့်တယ်။ အိမ်သာမှ ဧည့်လာမှာပါ” ဟု ပြောသည်။
ပြည်တွင်းသို့ နိုင်ငံခြားခရီးသွား ဝင်ရောက်မှုသည် ၂၀၁၅ – ၂၀၁၆ ဘဏ္ဍာခုနှစ်တွင် ၄ ဒသမ ၆၈ သန်း ရှိခဲ့ပြီး၊ ယခုဘဏ္ဍာနှစ်၌ နိုင်ငံခြားခရီးသွား ဝင်ရောက်မှု ၅ ဒသမ ၅သန်း လာရောက်ရန် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက လျာထားမျှော်မှန်းထားသည်။