အောက်တိုဘာလ ၂၆ ရက်နေ့က “ Doing Business ” အမည်နဲ့ အစီရင်ခံစာတခုကို ကမ္ဘာ့ဘဏ်က ထုတ် ပြန်လိုက်ပါတယ်။ နိုင်ငံပေါင်း ၁၉၀ရဲ့စီးပွားရေးလုပ်ငန်းဝန်းကျင်အခြေအနေကိုု အဆင့်ခွဲပြထားတဲ့ အစီရင်ခံစာ ဖြစ်ပါ တယ်။ အနှစ်ချုပ်ကတော့ နိုင်ငံတနိုင်ငံမှာ စီးပွားရေးလုပ်ဖို့ အခြေခံအဆောက်အအုံတို့၊ ဥပဒေတို့၊ ဗျူရိုကရေစီ ယန္တရားတို့မှာ ဘယ်လောက် အဆင်ပြေသလဲဆိုတာကို လေ့လာထားတာပါ။
ဒီစစ်တမ်းအရ နယူးဇီလန်နိုင်ငံဟာ အဆင့် ၁ မှာ ရှိနေပြီး စင်ကာပူနိုင်ငံက အဆင့် ၂ မှာ ရှိနေပါတယ်။ ကမ္ဘာပေါ်မှာ စီးပွားရေးလုပ်ဖို့အကောင်းဆုံး၊ အဆင်ပြေဆုံးနိုင်ငံနှစ်ခုလို့ ဆိုရမှာပါ။ ဒီအစီရင်ခံစာထဲမှာ မြန်မာနိုင်ငံက အဆင့် ၁၇၀ ရှိ နေပါတယ်။ စီးပွားရေးလုပ်ဖို့ အဆင်ပြေတဲ့ဝန်းကျင် မရှိသေးဘူးလို့ ပြောရင် ရနိုင်ပါတယ်။
တင်းကျပ်နေဆဲ လုပ်ထုံးလုပ်နည်းတွေ
စီးပွားရေးလုပ်ငန်းတွေအတွက် သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေ တင်းကျပ်နေရင် စီးပွားရေးလုပ်ငန်းရှင်တွေက စိတ်မပါတတ်ပါဘူး။ အလွယ်ရင်းနှီးမြှုပ်နှံပြီး၊ အမြတ် မြန်မြန်ရတတ်တဲ့ ဒေါ်လာအရောင်းအဝယ်နဲ့ ရွှေအရောင်းအဝယ်ကို ပဲ ရွေးချယ်တတ်ပါတယ်။ ဥပမာ မြေကို ဝယ်( ငှား) ၊ စက်ရုံတွေ ဆောက်ပြီး ထုတ်လုပ်မှုလုပ်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ လုပ်ထုံး လုပ်နည်းတွေကြောင့် ကြန့်ကြာတတ်တဲ့အတွက် ရင်းနှီးဖို့လည်း လက်တွန့်တတ်ကြပါတယ်။
အလားတူပဲ အစိုးရသစ်အနေနဲ့ တရားဥပဒေ စိုးမိုးရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ စည်းမျဉ်းဥပဒေတွေကို ပြန်လည်တင်း ကျပ်နေတာရှိပါတယ်။ တရားဥပဒေ စိုးမိုးဖို့ လုပ်ဆောင်တာကောင်းပေမယ့် အခြားတဖက်မှာ လုပ်ထုံးလုပ်နည်း ဖြေလျော့ မှု ( deregulation) ကိုလည်း တွဲဖက်လုပ်ဆောင်နိုင်ဖို့ လိုအပ်နေတယ်လို့ ထောက်ပြပြောဆိုမှုတွေလည်း ရှိနေပါတယ်။
“စည်းမျဉ်းစဉ်းကမ်းလုပ်တာ ကောင်းပေမယ့် အချိန်ယူပြီးလုပ်မှဖြစ်မှာပါ။ နိုင်ငံတကာမှာလည်း အချိန်ယူပြီး လုပ်ကြရပါ တယ်။ အခုအချိန်မှာ တကယ်လုပ်သင့်တာက ဒီစည်းမျဉ်းစည်းကမ်းတွေကို ပြန်လည်သုံးသပ်မှု (Regulatory reform ) မျိုးပါ ”လို့ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုအရင်းအမြစ်အဖွဲ့အစည်း(MDRI)ရဲ့Seninor Researcher ဖြစ်တဲ့ ဦးတင်မောင် သန်းက ပြောပါတယ်။
အစိုးရဝန်ကြီးဌာနတွေမှာ ဒီလို စည်းမျဉ်းစည်းကမ်းတွေကို ပြန်လည်သုံးသပ်နိုင်ဖို့ ရည်ရွယ်ပြီး အမြဲတမ်းအတွင်းဝန်တွေ ရဲ့ အောက်မှာ စည်းမျဉ်းသုံးသပ်ရေးဌာန( Regulatory Review Department ) ဆိုတာ ထားခဲ့ပေမယ့် ယနေ့အထိ အသက် ဝင်လာခြင်းမရှိသေးဘူးလို့လည်း သိရှိရပါတယ်။
ပြုပြင်ပြောင်းလဲမှုတွေလုပ်နိုင်တဲ့ အခြေခံအဆောက်အအုံ( structure) တွေ ရှိပေမယ့် လက်တွေ့လုပ်ဆောင်မှု (function )တွေ မရှိသေးတဲ့ အနေအထားမှာ ရှေးရိုးစဉ်လာအတိုင်း ထပ်ပြီး ကြပ်လိုက်တဲ့အတွက် စီးပွားရေးလုပ်ငန်းတွေ လုပ်ရကိုင် ရ ပိုခက်သွားတယ်လို့ ဦးတင်မောင်သန်းက သုံးသပ်ပါတယ်။
စီးပွားရေးလုပ်ငန်းတခု စတင်တဲ့ (entry point) ကတော့ ခက်ခဲနေတုန်းပဲလို့ စိမ်းလန်းအမိမြေရဲ့အမှုဆောင် ဒါရိုက်တာ ဖြစ်တဲ့ ဦးဝင်းမျိုးသူကလည်း သုံးသပ်ပါတယ်။
“ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ရင် MIC က မြန်အောင်လုပ်ပေးနေတာမျိုး ရှိပေမယ့် ကျန်တဲ့ဌာနတွေရဲ့ဆောင်ရွက်မှုက အဲဒီ လောက် မမြန်သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ အောက်ခြေအဆင့်မှာက တိကျပြတ်သားတဲ့ တာဝန်ယူမှုမရှိဘူး။ လူကြီးနဲ့ ရင်းနှီးရင် တမျိုး၊ မရင်းနှီးရင် တမျိုးဖြစ်နေတယ်။ မလိုအပ်ဘဲနဲ့ ကြန့်ကြာနေတာတွေ ရှိနေတယ်”လို့ သူက ဆိုပါတယ်။
ဝန်ကြီးဌာန ပေါင်းစည်းမှုနဲ့ ဗျူရိုကရေစီ
အစိုးရသစ်အနေနဲ့ဝန်ကြီးဌာနတွေ ပေါင်းလိုက်ခြင်းရဲ့အဓိက ရည်ရွယ်ချက်က ဘတ်ဂျက်လိုငွေကို လျှော့ချဖို့ ရည်ရွယ် တယ်ဆိုပေမယ့် ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်ရဲ့လိုငွေဟာ ကျပ်ဘီလျံ (၄၀၂၅) ရှိနေတာကြောင့် လိုငွေ မလျော့ကျခဲ့ပါဘူး။
ဒါပေမယ့် ဒီလို ဌာနတွေ အကုန်ပေါင်းတဲ့နေရာမှာ ပြဿနာတချို့လည်း ရှိနေတဲ့အကြောင်း၊ ဝန်ကြီးဌာနတွေ ပေါင်းတာ ဘတ်ဂျက်ကို လျှော့ချချင်တဲ့ ရည်ရွယ်ချက်နဲ့ ပေါင်းလိုက်တာဖြစ်ပေမယ့် ဆိုးကျိုးတွေလည်း ရှိနေတဲ့အကြောင်း သုံးသပ် ကြပါတယ်။
ဥပမာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနနှစ်ခုကို ပေါင်းတယ်ဆိုရင် ဝန်ကြီးဌာန တခုချင်းစီရဲ့function တွေကို ပထမ နား လည်ဖို့လိုတဲ့ အကြောင်း၊ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့အောက်မှာ ဌာန ၂၀ ရှိပြီး စီမံကိန်းဌာနအောက်မှာ ၁၀ ခုရှိတဲ့ အတွက် စုစုပေါင်း ၃၀လောက်ရှိနေတာကို ထောက်ပြကြပါတယ်။
မြန်မာပြည်ရဲ့ဗျူရိုကရေစီယန္တရားက အခုအခံများနေပြီး အမိန့်ပေးစနစ်နဲ့ သွားနေတဲ့အကြောင်း၊ လုပ်ငန်း အဆင်ပြေအောင် လုပ်ပေးရမယ်ဆိုတဲ့ စဉ်းစားချက် နည်းနေသေးတဲ့အကြောင်း၊ ဌာနတွေများလွန်းတဲ့အတွက် အဆင့်ဆင့်လုပ်ရတာ ကြာလေ့ ရှိတဲ့အကြောင်း၊ လုပ်ငန်းစဉ်လွဲမှားချွတ်ချော်တာတွေများတဲ့အကြောင်း CESD(Center for Economic and Social Develop ment) ရဲ့အကြီးတန်းအကြံပေး ဦးမင်းဇာနည်က ပြောကြားပါတယ်။
နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ OBG (Oxford Business Group )ရဲ့အစီရင်ခံစာမှာတော့ မြန်မာ့စီးပွား ရေးတိုးတက်မှုအတွက် အဓိက စိန်ခေါ်နေတဲ့ အတားအဆီးနှစ်ခုကို ဖော်ပြထားပါတယ်။ အဲဒီနှစ်ချက်ကတော့ ကျွမ်းကျင် လုပ်သား ရှားပါးမှုနဲ့ အရင်းအနှီးရှားပါးမှုတို့ပဲဖြစ်ပါတယ်။
OBG အစီရင်ခံစာကို လေ့လာကြည့်တဲ့အခါ နှစ်ပေါင်း ၅၀ လောက်ပိတ်ဆို့ထားခဲ့တဲ့ နိုင်ငံမှာ ရုတ်တရက်ဖွင့်ပေးလိုက်တဲ့ အချိန်မှာ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေက နယ်သစ်ပယ်သစ် ( the next frontier) အဖြစ် စိတ်ဝင်စားမှု ရရှိခဲ့ပေမယ့် တ ကယ်တမ်းမှာ ဥပဒေပြဌန်းတဲ့ အပိုင်းက အစ၊ အခြေခံအဆောက်အအုံ၊ ကျွမ်းကျင်ဝန်ထမ်းနဲ့ အရင်းအနှီးရှားပါးမှု ပြဿနာ တွေကြောင့်လုပ်ငန်းရှင်တွေ စိတ်အားတက်ကြွမှုကျဆင်းသွားပြီး မြန်မာနိုင်ငံအပေါ် သတိထားပြီး အကောင်း မြင်တဲ့( Cautiously Optimism) သာရှိတော့တယ်လို့ ဖော်ပြထားပါတယ်။
ကမ္ဘာ့ဘဏ်ကတော့ အဆင့် ၁၇၀ ရောက်နေပေမယ့်လည်း ကုမ္ပဏီမှတ်ပုံတင်စရိတ် လျော့ချနိုင်တာ၊ ကြွေးမြီဆိုင်ရာ အချက် အလက် ဗဟိုဌာန (Credit Bureau) တည်ထောင်ဖို့အတွက် ဥပဒေ ပြဌာန်းနိုင်တာတွေဟာ ကောင်းမွန်တဲ့ ပြောင်းလဲတိုး တက်မှုတွေ ဖြစ်တယ်လို့ ထောက်ပြသလို ရန်ကုန်ဆိပ်ကမ်း ကျပ်တည်းမှုကြောင့် ကုန်ကျစရိတ်တွေ ပိုများနေပြီး အချိန် နှောင့်နှေးမှုတွေ ဖြစ်နေတာတွေဟာ နိုင်ငံတကာကုန်သွယ်ရေးကို ခက်ခဲစေတဲ့ အကြောင်းလို့လည်း ဖော်ပြထားပါတယ်။
“တလောက စက်မှုလယ်ယာ တိုးတက်ဖို့အတွက် လယ်ယာသုံးစက်ကိရိယာတွေနဲ့ ပတ်သက်တဲ့ အခွန်တွေ ကင်းလွတ်ဖို့ ဆွေးနွေးတယ်။ လက်ရှိလည်း ပေးထားတာ ရှိပါတယ်။ ဒါပေမယ့် ကုန်သည်တွေ ပြောတာက လက်ရှိ အခွန်ကင်းလွတ် ခွင့်ပေးထားတာတောင် အခွန်မလွတ်ချင်တော့ဘူးလို့ ပြောတယ်။ အခွန်ကင်းလွတ်ခွင့်ပေးတယ်ဆိုရင် ကုန်သွယ်ရေးရော၊ အကောက်ခွန်ရော မလိုလားအပ်ဘဲ အရစ်ရှည်နေပြီး ကြန့်ကြာနေတော့ အခွန်တန်းပေးလိုက်တာ ကောင်းတယ်၊ မြန်ဆန် တယ်လို့ပြောလာကြတယ်” လို့ ဦးဝင်းမျိုးသူက ပြောကြားခဲ့ပါတယ်။
ခုံသမာဓိရဲ့အခန်းကဏ္ဍ
အလားတူပဲ ရင်းနှီးမြှုပ်နှံသူတွေအတွက် ပြဿနာ ဖြစ်လာရင် ဖြေရှင်းပေးနိုင်တဲ့ တရားရုံး( Arbitration) တွေ မရှိတာ တွေဟာ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် အတားအဆီးတွေဖြစ်နေတဲ့ အကြောင်းရင်းတွေလို့ သုံးသပ်ကြပါတယ်။ ဒါ က စီးပွားရေးတိုးတက်မှုအတွက် အဟန့်အတားတွေပါပဲ။
မြန်မာနိုင်ငံမှာ နိုင်ငံတကာကုမ္ပဏီတွေနဲ့ အငြင်းပွားမှုတွေ ဖြစ်လာရင် ဖြေရှင်းပေးမယ့် ခုံသမာဓိ( Arbitration ) မရှိသေး ပါဘူး။ ဒါကြောင့် နိုင်ငံတကာလုပ်ငန်းရှင်တွေက စိုးရိမ်ကြပါတယ်။ ဥရောပသမဂ္ဂ (EU) က ရင်းနှီးမြှုပ်နှံမှုစာချုပ်ချုပ်ဖို့ မြန် မာနိုင်ငံကို တိုက်တွန်းနေတာရှိပါတယ်။ ဒီစာချုပ် မချုပ်နိုင်ရင် အီးယူရဲ့ရင်းနှီးမြှုပ်နှံမှုဟာ အကန့်အသတ်နဲ့ပဲရှိနေမှာပါ။ ဒါ ပေမယ့် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကတော့ ဒီလိုစာချုပ်ချုပ်တာကို အားမပေးပါဘူး။
“မြန်မာပြည်က Arbitration ကို အင်တာနေရှင်နယ် လက်ခံနိုင်တဲ့ အဆင့်ဆိုတာ အပြောပဲရှိမှာ။ လက်ရှိ တရားရုံးတွေ ရဲ့ ဖြောင့်မတ်မှုတို့၊ သမာသမတ်ကျအောင် လုပ်ဖို့တို့၊ နိုင်ငံတကာ ယုံကြည်မှုရအောင် လုပ်ဖို့တို့ဆိုတာ မလွယ်ကူပါဘူး။ အဲဒါ တွေကလည်း အတားအဆီးဖြစ်နေတယ်” လို့ ဦးဝင်းမျိုးသူက ပြောပါတယ်။
စင်စစ် ပြဿနာပေါင်းစုံကို ဖြေရှင်းနေရတဲ့ အနေအထားမှာ ပြဿနာတွေကို ဘယ်နည်းဘယ်ပုံ ပွင့်လင်းမြင်သာစွာ ဖြေရှင်း မလဲ ဆိုတာက ပိုပြီး ခက်ခဲနေတဲ့အကြောင်း၊ ဒါတွေကို တွန်းအားပေးပြီးလုပ်မှ ကျော်လွားနိုင်မယ့်အကြောင်း တချို့က သုံး သပ်ကြပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ကိုယ်အားကိုယ်ကိုးပြီးလုပ်နိုင်တဲ့ အနေအထား မရှိသေးဘဲ နိုင်ငံတကာအကူအညီကို မျှော်နေရတဲ့ အနေ အထားမှာပဲ ရှိနေပါသေးတယ်။ ပြဿနာတွေကလည်း နယ်ပယ်အသီးသီး မှာရှိနေပါတယ်။ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု နှောင့်နှေးနေတာဟာ စီးပွားရေးနယ်ပယ်မှာ ပြဿနာတွေ ရှိနေတယ်ဆိုတာကို ဖော်ပြနေခြင်းပဲဖြစ်ပါတယ်။
အထူးသဖြင့် မြန်မာနိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘယ်လို Stucture နဲ့ သွားမယ်ဆိုတာလည်း တိတိကျကျ ချပြထားနိုင်ခြင်း မရှိသေးပါဘူး။ လေ့လာသူတွေကတော့ ဒီလို အားနည်းချက်တွေအပေါ် မှန်မှန်ကန်ကန် သုံးသပ်ဖို့ အချိန် ကျနေပြီလို့ ထောက်ပြကြပါတယ်။
စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးကတော့ Rent Seeking ( လာဘ်စားခြင်း) ကို လျှော့ချနိုင်ဖို့လိုတဲ့ အကြောင်း၊ ဥပမာ ကုန်သွယ်ရေးမှာ Rent seeking ကို မလျှော့ချနိုင်တာဟာ ဖွံံ့ဖြိုးဆဲနိုင်ငံတွေအတွက် ပြဿနာ အများကြီးရှိနေတဲ့ အ ကြောင်း၊ Rent Seeking မှာလည်း မြင်ရတဲ့ အဂတိလိုက်စားမှုတွေရှိသလို မမြင်ရတဲ့ အဂတိလိုက်စားမှုတွေ ရှိတတ်တဲ့ အကြောင်း ပြောကြားပါတယ်။
စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့အတွက် အဆင်အပြေဆုံး ကမ္ဘာ့နိုင်ငံဖြစ်တဲ့ နယူးဇီလန်ကတော့ သူတို့အနေနဲ့ မြန်မာ နိုင်ငံကို နည်းပညာပိုင်းဆိုင်ရာ အကူအညီတွေပေးဖို့ အဆင်သင့်ရှိပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်သံအမတ်ကြီး စတီးဖ်မာရှယ် (Steve Marshall ) က ပြောပါတယ်။