ရိုးမဘဏ်၏ အကြီးတန်း ဝန်ထမ်း ၂ ဦးသည် ဘဏ်က ပေးအပ်ထားသော တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အသုံးချပြီး ကုန်စည် ဝယ်ယူသူများထံမှ ဘဏ်ဝန်ဆောင်ခနှုန်းကို ပိုမိုကောက်ယူခဲ့ကာ ကျပ်သိန်းပေါင်း ၂ သောင်း အလွဲသုံးစား ပြုခဲ့သောကြောင့် တရားစွဲဆိုထားကြောင်း သိရသည်။
၎င်း အကြီးတန်း ဘဏ်ဝန်ထမ်း ၂ ဦးသည် ရိုးမဘဏ်၏ အငှားဝယ်စနစ်ကို တာဝန်ယူ စီမံအုပ်ချုပ် လုပ်ကိုင်ခဲ့ရာတွင် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုလုပ်ပြီး အငှား ဝယ်ယူစနစ်ဖြင့် ကုန်စည်ဝယ်ယူသူများထံမှ ဝန်ဆောင်ခများကို ရိုးမဘဏ်၏ သတ်မှတ် ဝန်ဆောင်ခနှုန်းထား ဖြစ်သည့် ၁ ရာခိုင်နှုန်းထက် ပိုမိုကောက်ခံခဲ့ခြင်း ဖြစ်သည်။
အကြီးတန်း ဘဏ်ဝန်ထမ်း ၂ ဦးသည် ရိုးမဘဏ်၏ Business Financing ဌာနတွင် လုပ်ငန်းတာဝန်များကို ခန့်အပ်ခြင်း ခံထားသည့်သူများ ဖြစ်ပြီး တိုင်ကြားမှုများ ရှိခဲ့ပြီးနောက်ပိုင်း ယခုနှစ် အောက်တိုဘာ ၇ ရက်နေ့တွင် အလုပ်တာဝန်မှ ၂ ဦးစလုံးကို တာဝန်မှ ရပ်နားခဲ့ကြောင်း ရိုးမဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုကိစ္စနှင့်ပတ်သက်၍ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၀ ရက်နေ့တွင် (ပ) ၇၆၅/ ၂၀၁၆ ၊ ရာဇသတ်ကြီးပုဒ်မ (၄၀၈) အရ မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ပြီး နိုဝင်ဘာ ၁၈ ရက်နေ့တွင် မင်္ဂလာတောင်ညွှန့် မြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ကြောင်း သိရသည်။
လက်ရှိချိန်တွင် မင်္ဂလာတောင်ညွန့် မြို့နယ်တရားရုံးက အမှုစတင်စစ်ဆေးခြင်း မပြုမီ တရားခံ ၂ ဦးအား ဆေးစာဖြင့် ဆေးကုသမှုခံယူရန် လိုအပ်ကြောင်း အကြောင်းပြ၍ အာမခံ ပေးထားကြောင်း သိရသည်။
ယင်းသို့ အာမခံပေးခြင်းသည် တရားလို ရိုးမဘဏ်အတွက် နစ်နာမှုရှိသည်ဟု သုံးသပ်မိခြင်းကြောင့် အာမခံ ပယ်ဖျက် ပေးရန် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် တရားရုံးတွင် ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၃၀ ရက်နေ့တွင် ပြင်ဆင်မှု လျှောက်ထားကြောင်း သိရသည်။