ကုန်တင်ယာဉ်များ ညပိုင်းအချိန်တွင်သာ သတ်မှတ်လမ်းကြောင်းအတိုင်း မောင်းနှင်ဖြတ် သန်းရန် စည်ကမ်းချက်ကို ဆက်လက် ကျင့်သုံးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့က ပြောသည်။
ကုန်တင်ယာဉ်များ သတ်မှတ်လမ်းအတိုင်း ည ၉ နာရီမှ မနက် ၆ နာရီအတွင်းသာ မောင်းနှင်ရန် စည်းကမ်းချက်ကို ဒီဇင်ဘာ ၇ ရက်က စတင်ကျင့်သုံးပြီးနောက် ဒီဇင်ဘာ ၈ ရက် နံနက်ပိုင်းတွင် ကမ်းနားလမ်းတလျှောက် ကုန်တင်ယာဉ်များကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့မှ ဒေါက်တာမောင်အောင် က “ဒီစနစ်ကို အခု ပညာပေးကာလအဖြစ် ဆက်လုပ်မယ်၊ ယာဉ်ကြော ကျပ်တည်းမှုတွေ မဖြစ်ဖို့ ယာဉ်ထိန်းတပ်ဖွဲ့ဝင် အင်အား တိုးချထားတယ်၊ အခုမှစတဲ့ ကိစ္စဖြစ်တော့ ချက်ချင်းကြီး အရေး ယူလို့မရဘူးပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ကုန်တင်ယာဉ်များအတွက် သတ်မှတ်စည်းကမ်းများ ထုတ်ပြန်ပြီးနောက် ဒုတိယနေ့ ဒီဇင်ဘာ ၉ ရက်နေ့ နံနက်ပိုင်းတွင်မူ ကမ်းနားလမ်းတလျှောက် ယာဉ်ကြော ကျပ်တည်းမှု ဆိုးဝါးခြင်းမရှိတော့ဘဲ ပုံမှန် သွားလာနိုင်ခဲ့ကြောင်း ခရီးသွားပြည်သူများက ပြောသည်။
စည်းကမ်း သတ်မှတ်ချက်များနှင့် ပတ်သက်၍ အခက်အခဲများ ရှိသော်လည်း လက်ရှိတွင် လိုက်နာ ဆောင်ရွက်သွားမည် ဖြစ်ပြီး ဖြစ်ပေါ်နေသည့် အခက်အခဲများအတွက် တိုင်းအစိုးရနှင့် ညှိနှိုင်းဆောင် ရွက်ရန် ဆွေးနွေးထားကြောင်း မြန်မာကုန်သေတ္တာတင် ယာဉ်များအသင်း ဒုဥက္ကဋ္ဌ ဦးအောင်မိုးက ပြောသည်။
ဦးအောင်မိုးက “ကုန်နည်းချိန်မှာတော့ အဆင်ပြေလောက်ပေမယ့် ကုန်များတဲ့ ကာလမှာတော့ သတ်မှတ်ချိန်နဲ့ အဆင်မပြေလောက်ဘူး၊ ဒါကို ကျနော်တို့ အစိုးရအဖွဲ့နဲ့ ပြန်ဆွေးနွေးမှာပါ၊ စည်းကမ်းချက် တခုကတော့ အဆင်ပြေ၊ မပြေ စမ်းကြည့်ရမှာပါပဲ” ဟု ပြောသည်။
အချိန်ကန့်သတ်ချက်ကြောင့် ကုန်းပစ္စည်းများထုတ်ယူခြင်းနှင့် သယ်ယူပို့ဆောင်ရာတွင် အချိန်မလုံ လောက်ပါက ဆုံးရှုံးမှုများရှိလာနိုင်ပြီး ယင်းအတွက် ကုန်ကျစရိတ်လည်း အနည်းငယ်ပိုမြှင့်လာကြောင်း ဦးအောင်မိုးက ရှင်းပြသည်။
ကုန်သေတ္တာယာဉ်များနှင့် ယာဉ်+ကုန် ၉ တန်အထက်ယာဉ်များမှာ အောက်မင်္ဂလာဒုံ လမ်း၊ သံသုမာလမ်း၊ ဘုရင့်နောင်လမ်း၊ ကမ်းနားလမ်း၊ ရှုခင်းသာလမ်း၊ ဧရာဝဏ်လမ်း၊ သုဓမ္မာ လမ်းတို့မှ ည ၉ နာရီမှ မနက် ၆ နာရီအတွင်းသာ ဖြတ်သန်းမောင်းနှင်ရန် သတ်မှတ်ထုတ်ပြန်ထားသည်။
ကုန်တင်ယာဉ်များအား စည်းကမ်းသတ်မှတ်ခြင်းကို ပညာပေးကာလ အချိန်သတ်မှတ်ချက်ကို အစိုးရအဖွဲ့က မကြာခင် ထုတ်ပြန်ပေးမည်ဖြစ်ပြီး ယင်းနောက်ပိုင်းတွင် စည်းကမ်း လိုက်နာမှုမရှိသည့် ယာဉ်များကို အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။