အစိုးရ၏ ကားတင်သွင်းမှုမူဝါဒသစ် စတင်မည့် ဒီဇင်ဘာလ ၂၃ ရက်နေ့သို့ နီးကပ်လာပြီဖြစ်သောကြောင့် တသီး ပုဂ္ဂလတင်သွင်းသူများမှာ ဒေါ်လာဈေး ထိုးတက်သွားစေသော အဓိကအချက်ဖြစ်လာသည်ဟု စီးပွားရေးုလုပ်ငန်း အသိုင်းအဝိုင်းက ပြောကြသည်။
ယနေ့ အပြင်ဈေးကွက်တွင် ဒေါ်လာဈေး တဒေါ်လာလျှင် ဝယ်ဈေး ၁၃၈၆ ကျပ်နှင့် အရောင်း ၁၃၈၀ ကျပ် ပေါက်နေသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက နိုဝင်ဘာလက စတင်ခဲ့သော ကားတင်သွင်းမှုမူဝါဒသစ်အရ တသီးပုဂ္ဂလကားတင်သွင်းသူများသည် ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်မော်ဒယ်ကားများကိုသာ တင်သွင်းကြရမည်ဖြစ်သည်။ ထရပ်ကားနှင့် ဘတ်စ်ကားများဆိုလျှင် ၂၀၀၇ မှ၂၀၁၄ မော်ဒယ်များကိုသာ ၂၀၁၇ ခုနှစ်တွင် တင်သွင်းခွင့်ပြုမည်ဖြစ်သည်။
ထိုမူဝါဒသစ်ကို ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် စတင်အကောင်အထည်ဖော်မည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကြေညာထားသောကြောင့် လာမည့်ရက်များအတွင်း ကားတင်သွင်းသူများမှာ၂၀၀၆ မှ ၂၀၀၉ မော်ဒယ်များတင် သွင်းခွင့်ရှိသော ယခင်မူဝါဒဟောင်းအတိုင်း ဆောင်ရွက်ရဦးမည်ဖြစ်သည်။
မော်ဒယ်ပိုမိုဟောင်းသောကားများ ဈေးသက်သာစွာ ရောင်းနိုင်သဖြင့် တင်သွင်းသူများသည် မူဝါဟောင်းသက်တမ်းမကုန်မီ သွင်းကုန်လိုင်စင် အလျင်အမြန်ရရန် လုပ်ဆောင်နေကြသည်။ ထိုသို့သော အလျင်စလို ကားဝယ်မှု ကြောင့် အမေရိကန်ဒေါ်လာဝယ်လိုအားမှာ မြင့်မားလာပြီး ဒေါ်လာဈေးကို မှန်မှန်တက်နေစေသည်။
“တင်သွင်းသူတွေက အချိန်လုပြီး လုပ်နေရတယ်။ ဒါကြောင့် ဒေါ်လာဝယ်လိုအားမြင့်လာပြီး ငွေလဲနှုန်းလည်း တက်လာတယ်” ဟု မြန်မာကားရောင်းဝယ်သူများအသင်းဥက္ကဌ ဒေါက်တာစိုးထွန်းက ပြောသည်။
ဒီဇင်ဘာလ ၈ ရက်နေ့မှစ၍ မှောင်ခိုဈေးကွက်တွင် ငွေလဲနှုန်းမှာ တဒေါ်လာလျှင် ၁၃၇၄ ကျပ်အထိရောက်လာသည်။ အချို့သော ပုဂ္ဂလိကဘဏ်များက ၁၃၂၆ ကျပ်ဖြင့် ရောင်းဝယ်ကြပြီး ဗဟိုဘဏ်၏နှုန်းမှာ ၁၃၁၀ ကျပ်ဖြစ်သည်။ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကမူ ငွေလဲနှုန်းမှာ ၁၃၇၆ ကျပ်အထိရောက်သွားပြီး လွန်ခဲ့သော ဧပြီလက အစိုးရသစ်တက်လာပြီးနောက် အမြင့်ဆုံး စံချိန်ချိုး သွားသည်။
“ဧပြီလမှာ အစိုးရသစ်တက်တော့ ဒေါ်လာငွေလဲနှုန်းက ၁၁၅၀ ပတ်ဝန်းကျင်ပဲရှိတာ။ အခု ဒီအပတ်ဈေးနှုန်းကတော့ အမြင့် ဆုံးပဲ” ရန်ကုန်ပန်းဘဲတန်းမြို့နယ်မှ ငွေလဲသူကုန်သည်တဦးက ပြောသည်။
၂၀၁၁ မှ ၂၀၁၆ မတ်လ အထိ မြန်မာနိုင်ငံကို ထိန်းချုပ်ခဲ့သော အရပ်သားတပိုင်းအစိုးရလက်အောက်တွင် အမြင့်ဆုံးငွေ လဲနှုန်းမှာ ၁၃၀၀ ကျပ်သာရှိခဲ့သည်။ အမြင့်ဆုံးစံချိန်မှာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလက ၁၄၀၀ ကျပ်ဈေးဖြစ်သည်။
“မကြာသေးခင်က သွင်းကုန်မြင့်မားတော့ ဒေါ်လာဝယ်လိုအား များနေတယ်။ အခု ကားတင်သွင်းမှုမူ ဝါဒသစ်က ဒေါ်လားဈေးကို ပိုတက်စေတယ်”ဟု ဒေါက်တာစိုးထွန်းက ပြောသည်။ “ဒီဇင်ဘာ ၂၃ အထိ ငွေလဲနှုန်း တက်နေဦးမှာပဲ”ဟု သူ က ဆက်ပြောသည်။
ကားတင်သွင်းမှု မူဝါဒသစ်အရ အခမဲ့ပါမစ်ဖြင့် ကားဝယ်ယူသူတဦးသည် ၂၀၁၅ မှ ၂၀၁၇ မော်ဒယ်ဘယ်မောင်းကားကို သာ ဝယ်ယူခွင့်ရှိသည်။ ဤစည်းမျဉ်းများသည် ကားသစ်အရောင်းပြခန်းများအတွက် ပြဿနာမရှိသော်လည်း ဒေသခံကားရောင်းသူများနှင့် တသီးပုဂ္ဂလကားရောင်းသူများက မနှစ်မြို့ကြမည်မှာ သေချာသည်ဟု ကားဈေးကွက်၏အဆိုအရ သိရ သည်။
“ကျနော့်ရဲ့ကားအရောင်းပြခန်းကို ပြီးခဲ့တဲ့လကပဲ ပိတ်လိုက်တယ်။ ကားဈေးကွက်က အရမ်းပြောင်းသွားပြီ” ဟု ဒေါက်တာစိုးထွန်းက ပြောသည်။
ကားတင်သွင်းမှုမူဝါဒ အချိန်ကန့်သတ်ချက်က ငွေလဲနှုန်းကို ဆက်လက်တက်နေစေမည်ဟု ရန်ကုန်တွင် ချက်ဗလက်ကား သစ် အရောင်းပြခန်းဖွင့်ထားသော ဦးမြတ်သင်းအောင်က ပြောသော်လည်း ထိုဈေးမှာ ဒီဇင်ဘာလကုန်အထိသာ တက်မည်ဟု သူက ခန့်မှန်းသည်။
“ဒီဇင်ဘာက အမြင့်ဆုံးရာသီပဲ။ ဒါကြောင့် တခြားစီးပွားရေးလုပ်ငန်းတွေက ဒေါ်လာတွေ နိုင်ငံထဲကို ဝင်လာမယ်။ ရောင်းလိုအားနဲ့ ဝယ်လိုအား ပိုပြီးမျှလာမယ်။ နွေရောက်ရင်တော့ ငွေလဲနှုန်း ထပ်တက်တာ ကြုံရဦးမယ်”ဟု ဦးမြတ်သင်းအောင်က ပြောသည်။
မြန်မာနိုင်ငံ၏ ကားတင်သွင်းမှု မူဝါဒမှာ ရှုပ်ထွေးလှသည်။ တင်သွင်းသူများသည် ၎င်းတို့ တင်သွင်းသောကားတစီးစီအတွက် စလစ်တစောင် လိုအပ်ပြီး ထိုစလစ်ကို ကားဟောင်းရောင်းမှသာ ရနိုင်သည်။ ယင်းမှာ ရန်ကုန်မြို့လမ်းများပေါ်တွင် ကျပ်သိပ်ပြီးဖြစ်နေသောကြောင့် ကားတင်သွင်းမှုလျှော့နည်းစေရန် ရည်ရွယ်သည်။
ပြည်တွင်းထုတ်ကားပိုင်ရှင်များသည် ကားသက်တမ်း ၁၀ နှစ်ရှိလျှင် ကားလဲနိုင်ပြီး ပြည်ပကားများမှာ အနည်းဆုံးသက် တမ်း အနှစ် ၂၀ ရှိရန် လိုသည်။
၂၀၁၁ ခုနှစ်မှစ၍ မြန်မာနိုင်ငံကားတင်သွင်းမှု မူဝါဒမှာ အနည်းဆုံး ၁၀ ကြိမ် ပြောင်းလဲပြီးဖြစ်ကာ ကားအရောင်းပြခန်းများ၊ တသီးပုဂ္ဂလတင်သွင်းသူများ၊ အခြားစီးပွားရေးများ၏မူလအခက်အခဲများကို ပိုမိုဆိုးရွားစေခဲ့သည်။