မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား ပြီးခဲ့သည့်လက စတင်ခဲ့သည့် တိုက်ပွဲများ ၂ ပတ် ကြာဖြစ်ပွားခဲ့ပြီးနောက် ဒီဇင်ဘာလ အစောပိုင်းတွင် တိုက်ပွဲများ ရပ်နားသွားသည့်အတွက် မြန်မာနိုင်ငံ၏ အကြီးဆုံး နယ်စပ်ကုန်သွယ်ရေးစခန်း ဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ကုန်သွယ်မှုများ ပြန်လည် စတင် လည်ပတ်နေပြီ ဖြစ်သည်။
နိုဝင်ဘာလ ၂၀ရက်နေ့က စတင်၍ ကချင်၊ ကိုးကန့်၊ ပလောင် (တအာင်း) နှင့်ရခိုင် လက်နက်ကိုင် အဖွဲ့များ စုပေါင်း ထားသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ နှင့် မြန်မာတပ်မတော် ကြားမှ တိုက်ပွဲများဖြစ်ပွားခဲ့သည့် အတွက် ထောင်ပေါင်း များ စွာသော ပြည်သူများ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသလို တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး၏ အချက်အချာနေရာဖြစ်သော မူ ဆယ်မှ ၁၀၅ မိုင်စခန်းတွင် ကုန်သွယ်မှုများ ရပ်တန့်သွားခဲ့သည်။
ပုံမှန်အားဖြင့် မူဆယ်၊ ရန်ကုန်နှင့် မန္တလေးမြို့များကြား ကုန်စည်ပို့ဆောင်မှုက တနေ့လျှင် ကုန်တင်ကား စီးရေ ၁၀၀၀ ကျော် ဖြတ်သန်းသွားလာလေ့ ရှိသည်။ တိုက်ပွဲများပေါ်ပေါက်လာသည့် အခါ ကုန်တင်ကားအများစုမှာ နယ်စပ်သို့သွား သည့် လမ်းခရီးတွင် ပိတ်ဆို့နေခဲ့ကြပြီး ကုန်သွယ်ရေးကလည်း လုံးဝနီးပါး ရပ်တန့်သွားခဲ့ရသည်ဟု ကုန်သည်များက ပြောသည်။
ယခုအပတ်မှ စ၍ မန္တလေးမှ မူဆယ်သို့ ဆန်၊ ပဲ၊ ပြောင်း နှင့် ရေထွက်ပစ္စည်းများ၊ ဖရဲသီးများ ပြန်လည်ပို့ဆောင်နေပြီ ဖြစ် သည်ဟု မန္တလေး ဆန်ကုန်သည်များ အသင်းဥက္ကဌ ဦးသိန်းဇော်က ဧရာဝတီသို့ ပြောသည်။
“မန္တလေးက ကုန်တင်ကားတွေ မူဆယ်ကို တက်နေကြတယ်။ ဒါပေမယ့် ပြဿနာက လမ်းအခြေအနေ ပိုဆိုးလာတယ်။ အထူးသဖြင့် ဂုတ်တွင်း ဧရိယာ (ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း) မှာပါ။ အခု ကုန်ကားတွေ ပိတ်ဆို့ပြီး ရပ်နေရတာတွေ ဖြစ်နေတယ်” ဟု သူကပြောသည်။
ပြီးခဲ့သည့်လတိုက်ပွဲများအတွင်းက သိန်းနီမြို့နယ်အတွင်းမှ တံတားတစင်း ဖျက်ဆီးခံခဲ့ရသည့် အတွက် ၂၂ ဘီးကားများ မှာ မူဆယ် သို့ ရောက်ရန်အတွက် မန္တလေး-လားရှိူးလမ်းကို အသုံးပြုရန် အခက်အခဲများ ဖြစ်ပေါ်ခဲ့ရသည်။ ၁၀၅မိုင် ကုန်သွယ်ရေးဇုံ ရပ်ဆိုင်းလုဖြစ်ခဲ့ခြင်းကြောင့် ကုန်သည်များက နောက်ထပ်လမ်းကြောင်း တခု ဖြစ်သည့် ဗန်းမော်-လွယ်ဂျယ်လမ်းမှ တဆင့် ကချင်ပြည်နယ်ကို ဖြတ်သန်း၍ တရုတ်နယ်စပ်သို့ သွားသည့် လမ်းကြောင်းကို အသုံးပြုခဲ့ကြကြောင်း ကုန်သည်များက ဆိုသည်။
အခက်အခဲများ ရှိနေသည့်အတွက် ကုန်တင်ကားပိုင်ရှင်များနှင့် ယာဉ်မောင်းများက ခရီးစဉ်ကို ပို့ဆောင်ပေးရန် ပိုက်ဆံ ပိုမို တောင်းခံလာကြပြီး ကုန်စည်ပို့ဆောင်ခဈးနှုန်းများ မြင့်တက်သွားစေခဲ့သည်ဟု ဦးသိန်းဇော်က ပြောသည်။ ယခင်က ဆန်တအိတ် အတွက် ပို့ဆောင်ခ ၉၅ ကျပ်သာရှိရာမှ ယခုအချိန်တွင် ၁၁၀ ကျပ်အထိ မြင့်တက်သွားသည်ဟု သိရသည်။ ရာသီအလိုက် သီးနှံများ၏ ဈေးနှုန်းများလည်း မြင့်တက်သွားခဲ့သည်။
“တချို့ ရာသီပေါ်သီးနှံတွေက ကြာကြာ ထိန်းသိမ်းထားလို့ မရဘူး။ ဥပမာ ဖရဲသီးလိုပေါ့။ ဒါကြောင့် သူတို့က လမ်း ကြောင်း အသစ်ကနေ သွားကြတယ်” ဟု သူကဆိုသည်။
ရှမ်းပြည်နယ်အစိုးရက မူဆယ်မြို့တွင် အခြေအနေများ ပုံမှန်ပြန်ဖြစ်လာရေးအတွက် ကြိုးစားနေကြောင်း ပြည်နယ် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်က ဧရာဝတီသို့ ပြောသည်။
မူဆယ် ၁၀၅ ပိုင်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုက တနှစ်လျှင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၅ ဘီလီယံ ရှိပြီး ၂၀၁၆ ဧပြီလမှ ဒီဇင်ဘာလ အစောပိုင်းအထိ ကုန်သွယ်ရေးတန်ဘိုးက အမေရိကန်ဒေါ်လာ ၃.၂ ဘီလီယံ အထိရှိခဲ့ရာ ယခင် ဘဏ္ဍာရေး နှစ်က အလားတူကာလအတွင်းတွင် ဒေါ်လာ ၃.၄ ဘီလီယံ ရှိခဲ့သည်နှင့် စာလျှင် ကျဆင်းသွားခြင်း ဖြစ်သည် ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ၏ အချက်အလက်များတွင် ဖော်ပြထားသည်။
၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် အတွင်းတွင် မြန်မာတနိုင်ငံလုံးတွင် နယ်စပ်ကုန်သွယ်မှုပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၇.၁ ဘီလီလျံ ရှိခဲ့ရာ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရး စခန်းက ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၅.၃ ဘီလီယံ ဖြင့် ပါဝင်မှု အများဆုံး ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံ၏ နယ်စပ် ကုန်သွယ်ရေး စခန်း ၁၅ ခုထဲ တွင် ထိုင်းနယ်စပ်မှ မြဝတီနှင့် တရုတ် နယ်စပ်မှ ချင်းရွှေဟော် တို့က မူဆယ်၏ နောက်တွင် ဒုတိယ နှင့် တတိယ အများဆုံးဖြစ်ခဲ့သည်။