မန္တလေးမြို့တွင် ကားငယ်များဖြင့် လှည့်လည်ရောင်းချသည့် ဈေးရောင်း ကားများကို လာမည့်နှစ်မှ စတင်ကာ အခွန်ကောက်ကာ တရားဝင် ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
၎င်းကော်မတီ၏ အခွန်ဌာနမှူး ဦးဝင်းမောင်က “ကားတွေနဲ့ လှည့်ရောင်းတဲ့သူအများစုက လုပ်ငန်းလိုင်စင်လည်း မရှိသလို ရောင်းချင်တဲ့နေရာတွေမှာ ရောင်းနေကြတဲ့အတွက် စည်းကမ်းတကျ ဖြစ်အောင်ရယ် သတ်မှတ်တဲ့ အခွန်အခလည်း ရရှိအောင်အတွက် စီစဉ်တာဖြစ်ပါတယ်။ ပြီးတော့ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့တွေနဲ့ တွေ့ရင်လည်း ဒဏ်အမြဲရိုက် ခံနေရတော့ သူတို့ကို တရားဝင် ရောင်းခွင့်ပြုတဲ့သဘောပါ” ဟု ပြောသည်။
မန္တလေးစည်ပင်နယ်နိမိတ်အတွင်း ခွေးဘီလူးကား၊ လိုက်ထရပ်များဖြင့် ရောင်းချမည်ဆိုပါက တနှစ်စာ ၁ သိန်းခွဲကျပ်၊ ၂ တန်အောက် ဒိုင်နာ ကားကြီး ဖြင့် ရောင်းချမည်ဆိုပါက တနှစ်စာ ၂ သိန်းကျပ် သတ်မှတ်ကာ မိမိလှည့်လည် ရောင်းချလိုသည့် နေရာ ၅ ခုအား စည်ပင်အခွန်ဌာနသို့ အဆိုပြုတင်ပြရမည် ဖြစ်ကြောင်း ဆိုသည်။
ထိုသို့ တင်ပြလာသည့် နေရာ ၅ ခုတွင် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်စေနိုင်သည့်နေရာများ၊ လူအများ သွားလာရ ခက်ခဲစေမည့် လမ်းများ ပါဝင်ပါက ခွင့်ပြုပေးမည်မဟုတ်ဘဲ အများဆုံး အဆိုပြုသည့် နေရာများအား အချိန်အကန့်အသတ်ဖြင့် ချထားပေးရန် စီစဉ်ထားကြောင်း သိရသည်။
အဆိုပါ ယာဉ်များကို စားသောက်စရာ၊ ဝန်ဆောင်မှုပစ္စည်းများအား ရောင်းချ ခွင့်ပြုပေးမည်ဟု အကြမ်းဖျင်းသိရပြီး စက်သုံးဆီရောင်းချမှုကို လုံးဝခွင့်ပြုပေးမည်မဟုတ်ကြောင်း အခွန်ဌာနမှ သိရသည်။
“ခွေးဘီလူးကားတွေနဲ့ လမ်းဘေးမှာ လိုက်ရောင်းနေတာတွေကို ဒီလထဲမှာစာရင်းပြုစုပြီး ဇန်နဝါရီလ ထဲကစပြီး အခွန်ကောက်ပါမယ်” ဟု ၎င်းက ပြောသည်။
မန္တလေးမြို့တွင် နေရာငှားရမ်းခများ ဈေးကြီးမြင့်ခြင်း၊ အကွက်အကွင်းကောင်းသည့် နေရာများတွင် ငှားရမ်းနိုင်ရန် မလွယ်ကူခြင်းတို့ကြောင့် ၂၀၁၄ နှစ်မှ စတင်ကာ မန္တလေးမြို့တွင်းရှိ ဆေးရုံ၊ စာသင်ကျောင်း၊ တက္ကသိုလ်နှင့် ဈေးများ အနီး၌ ခွေးဘီလူးကားငယ်များကို အလှဆင်ကာ အအေးနှင့် စားသောက်ဖွယ်ရာ မျိုးစုံကို လှည့်လည်ရောင်းချသည့် ဈေးရောင်း ကားများ ပေါ်လာခဲ့ပြီး ၎င်းတို့အား စနစ်တကျ ရောင်းချနိုင်ရန်နှင့် ကော်မတီအတွက် အခွန်ငွေတိုးစေရန် အတွက် စီစဉ်ခြင်း ဖြစ်ကြောင်း စည်ပင်က ဆိုသည်။
မန္တလေးမြို့တွင် ခွေးဘီလူးကားငယ်ဖြင့် လှည့်လည်ရောင်းချနေသည့် Mickey Buger ဆိုင်ပိုင်ရှင် ကိုအောင်သိန်းက “ကျနော်တို့နိုင်ငံမှာ လုပ်ငန်းတခုလုပ်မယ်ဆိုရင် Risk တွေအရမ်းများတယ်၊ နေရာငှားခတွေ ဈေးကြီးလို့ ကားနဲ့ လှည့်ရောင်းဖို့ ပြင်ပြီ ဆိုကတည်းက ကားတစီးစာ အရင်းရှိမှဖြစ်မယ်။ လမ်းဘေးမှာ ဘယ်သူမှတော့ မရောင်းချင်ဘူး။ အဲဒီတော့တရားဝင် အခွန်ဆောင်ပြီး ရောင်းချခွင့် ပေးမယ်ဆိုရင် ကျနော်တို့လည်း စိတ်အေးချမ်းသာစွာနဲ့ ရောင်းချင် ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ယာဉ်များသည် မိုဘိုင်းဖြင့် သွားလာနေသည့်အတွက် ယာဉ်ကြော ရှုပ်ထွေးသည့်နေရာများ တွင် ရပ်နားခြင်း၊ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့များနှင့် စစ်ဆေးတွေ့ရှိပါက တကြိမ်လျှင် ဒဏ်ငွေ ၁ သောင်းမှ ၃ သောင်းကျပ် အထိ ပေးဆောင်စေခြင်းတို့ကြောင့် တရားဝင်ရောင်းချနိုင်ရန် စာရင်းကောက် ယူပြီး ခွင့်ပြုပေးမည်ဟု သိရသည်။