ဧရာဝတီဘဏ်၏ ချေးငွေဖြင့် Farmer Choice Co.,Ltd နှင့် Shwe Htwet Toe Co.,Ltd တို့က ကျပ်သိန်း ၂၇၀ မှ ကျပ်သိန်း ၄၀ဝ ခန့် တန်ဖိုးရှိသည့် လယ်ထွန်စက် ၁၀ဝ၀ ကို အရစ်ကျ ငွေပေးချေသည့် စနစ်ဖြင့် ရောင်းချနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက စီစဉ်လျက်ရှိရာ မနေ့က နေပြည်တော်ရှိ Lake Garden ဟိုတယ်တွင် ဧရာဝတီဘဏ်၊ ရောင်းချမည့် ကုမ္ပဏီနှင့် ဝန်ကြီးဌာနတို့ကြား သဘောတူ လက်မှတ် ရေးထိုးခဲ့ကြကြောင်း သိရသည်။
ရောင်းချမည့် အစီအစဉ်အရ တောင်သူများ အနေဖြင့် မိမိ ဝယ်ယူလိုသည့် လယ်ထွန်စက် ကျသင့်ငွေ၏ ၁၀ ရာခိုင်နှုန်းကို စက်မှု လယ်ယာ ဦးစီးဌာနသို့ စတင် ပေးသွင်းရမည်ဖြစ်ပြီး ကျန်ရှိငွေများကို ၃ နှစ်အတွင်း ၆ ကြိမ်ခွဲ၍ ပေးဆပ်နိုင်ပါက စက်ပိုင်ဆိုင်မှု အထောက်အထားကို ထုတ်ပေးသွားမည် ဖြစ်ကြောင်း ယင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးစိုးလှိုင်က မနေ့က ကျင်းပသည့် အခမ်းအနားတွင် ပြောသည်။
“လျှောက်လွှာတွေကို တောင်သူတွေ အနေနဲ့ နီးစပ်ရာ စက်မှုလယ်ယာရုံးတွေမှာ ဖောင်ဖြည့်ရပါမယ်။ လျှောက်လွှာပေါ်မှာ ပါရှိတဲ့ စည်းကမ်းချက်တွေအတိုင်း ကျနော်တို့ ဌာနက လူတွေက ကွင်းဆင်းပြီး စစ်ပါမယ်။ စစ်ပြီး တကယ်ခိုင်မာမှု ရှိတယ်ဆိုရင် ဒီစက် ကိရိယာကို ရောင်းချပေးပါမယ်” ဟု ဦးစိုးလှိုင်က ပြောသည်။
ဝယ်ယူလိုသည့် တောင်သူများ အနေဖြင့် မိမိတို့၏ လယ်ယာမြေပိုင်ဆိုင်မှု အထောက်အထား ပုံစံ (၇) ကို သက်ဆိုင်ရာ စက်မှုလယ်ယာ ဦးစီးဌာနသို့ လျှောက်လွှာ တင်ပြရမည်ဖြစ်ပြီး လယ်ထွန်စက် တန်ဖိုးထက် မနည်းသော မိမိတို့၏ ရွှေ့ပြောင်းနိုင်သော၊ မရွှေ့ပြောင်း နိုင်သော ပစ္စည်းစာရင်းကိုလည်း တင်ပြရမည်ဖြစ်ကြောင်း စက်မှုလယ်ယာ ဦးစီးဌာနမှ သိရသည်။
“အဲဒီအဆင့်တွေ ပြီးသွားရင် သက်ဆိုင်ရာ ကုမ္ပဏီနဲ့ တောင်သူနဲ့ကို စာချုပ် ချုပ်ပေးပြီး 10 percent ပေါ့။ သိန်း ၃၀ဝ တန်တဲ့ စက်ဆိုရင် သိန်း ၃၀ ကို အရင် သွင်းရပါမယ်။ စက်ထုတ်ပေးလိုက်ပါမယ်။ ပြီးရင် ကျနော်တို့ရဲ့ စနစ်အရ ၆ လ တကြိမ်ကို ကျန်တဲ့ ၉၀ ရာခိုင်နှုန်းကို ၁၅ ရာခိုင်နှုန်းစီခွဲပြီးတော့ ၃ နှစ်အတွင်း ဆပ်ရပါမယ်။ အရစ်ကျ ပိုက်ဆံမကျေခင်မှာ တောင်သူကို ပိုင်ဆိုင်မှု အထောက်အထား ပေးမှာ မပါဘူး။ ပိုက်ဆံကျေမှ ပေးမှာပါ” ဟု ဦးစိုးလှိုင်က ပြောသည်။
စက်မှုလယ်ယာ ဦးစီးဌာနမှတဆင့် အရစ်ကျဖြင့် ရောင်းချသွားမည့် အစီးရေး ၁၀ဝ၀ ၏ လုပ်ငန်းများ အောင်မြင်ပါက လယ်ယာသုံး စက်ကရိယာ မျိုးစုံကိုပါ ဆက်လက်၍ အရစ်ကျ စနစ်ဖြင့် ရောင်းချနိ်ုင်ရန် ပြင်ဆင်လျက် ရှိကြောင်း၊ လယ်ထွန်စက်များ၏ အရည်အသွေးကို စိတ်မပူကြရန်နှင့် အရည်အသွေးပိုင်း အတွက် အာမခံကြောင်း စက်မှု လယ်ယာဦးစီးဌာနက ပြောဆိုသော်လည်း မည်သည့် နိုင်ငံထုတ် စက်ပစ္စည်းဖြစ်ကြောင်းကိုမူ ဖော်ပြခြင်း မရှိပါ။
ယခုစနစ်သည် စက်မှုလယ်ယာ ဦးစီးဌာနသို့ ဆက်သွယ်လာသည့် ကုမ္ပဏီများနှင့် ပူးပေါင်း၍ လယ်သမားများသို့ ရောင်းချခြင်း ဖြစ်ပြီး လယ်သမားများလိုချင်သည့် စက်အမျိုးအစား အားလုံး ရရှိနိုင်လိမ့်မည် မထင်ကြောင်း၊ သို့သော် ယခုကဲ့သို့ အရစ်ကျ စနစ်ဖြင့် ရောင်းချ မှု အပေါ်တွင်မှု ကြိုဆိုကြောင်း တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး အသင်း ဥက္ကဌ ဒေါက်တာ စိုးထွန်းက ပြောသည်။
“ဘယ်လိုပဲ ဖြစ်ဖြစ် ကောင်းတဲ့ စနစ်တခုပါ။ ကြိုဆိုရမှာပါ” ဟု ဒေါက်တာ စိုးထွန်းက ပြောသည်။
ဗုပ္ဗသီရိမြို့နယ်၊ ညောင်ပင်စုကြီး ကျေးရွာမှ လယ်သမားတဦးဖြစ်သူ ဦးသောင်းစိန်က “စစချင်း သိန်း ၃၀ လောက်က အဆင်မပြေဘူး။ ဖြစ်နိုင်ရင် ၄၊ ၅ သိန်းလောက်ဆိုရင်တော့ မဆိုးဘူး။ အရစ်ကျစနစ်ကိုတော့ ကြိုက်တယ်” ဟု ဦးသောင်းစိန်က ပြောသည်။
ယမန်နေ့က နေပြည်တော် Lake Garden ဟိုတယ်တွင် ကျင်းပခဲ့သည့် သဘောတူစာချွန်လွှာ လက်မှတ် ရေးထိုးပွဲ အပြီးတွင် Farmer Choice Co.,Ltd နှင့် Shwe Htwet Toe Co.,Ltd တို့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ မျှဝေခြင်းအစီအစဉ်အတွက် ကျပ်သိန်း ၃၅၀ လှူဒါန်းခဲ့ကြောင်း သိရသည်။