ဈေးကွက်အတွင်း ယနေ့ဒေါ်လာလဲလှယ်နှုန်း ပေါက်ဈေးသည် ညနေပိုင်း၌ အမေရိကန် ၁ ဒေါ်လာလျှင် ၁၄၂၈ ကျပ် ဈေးဖြစ်နေကြောင်း ဒေါ်လာရောင်းဝယ်လုပ်ကိုင်သူများထံမှ သိရသည်။
ယခုကဲ့သို့ ဒေါ်လာလဲလှယ်နှုန်း မြင့်တက်နေခြင်းသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၌ နိုင်ငံခြားအရန်ငွေ နည်းပါးနေခြင်း၊ ဈေးကွက်အတွင်း ကျပ်ငွေများနေခြင်း ၊ သွင်းကုန်အစားထိုး ကုန်ထုတ်ပစ္စည်း ထုတ်လုပ်နိုင်စွမ်းမရှိ၍ ဈေးကွက်အတွင်း ဒေါ်လာဝယ်လိုအား မြှင့်တက်နေခြင်းဖြစ်ကြောင်း ကမ္ဘာ့ဘဏ်လက်အောက်ရှိ International Finance Corporation ( IFC) က ဌာနေကိုယ်စားလှယ် မစ္စတာ ဗစ်(ခ်) ရမ်ကူးမားက ပြောသည်။
“ဗဟိုဘဏ်မှာ နိုင်ငံခြားအရန်ငွေက ၃ လစာပဲ ရှိတယ်။ ဈေးကွက်မှာ ကျပ်ငွေများနေတယ်။ ကျပ်ငွေတွေကို လျှော့ချဖို့ လိုတယ်။ ဒါကို IFC က အကြံဉာဏ်ပေးထားတယ်။ ထုတ်ကုန်ထုတ်လုပ်နိုင်စွမ်း မရှိသရွေ့ ဒေါ်လာဝယ်လိုအား မြင့်တက်နေဦးမှာ” ဟု မစ္စတာ ဗစ်(ခ်)ရမ်ကူးမားက ဆိုသည်။
ထို့အပြင် ဒေါ်လာဈေး မြင့်တက်နေခြင်းသည် အမေရိကန်သမ္မတသစ်အဖြစ် ရွေးချယ်ခံခဲ့ရသည့် ဒေါ်နယ်ထရမ့်၏ စီးပွားရေးကောင်းမွန်အောင် ပြုလုပ်သွားမည့် မူဝါဒများကြောင့် အမေရိကန်ဒေါ်လာဈေး ခိုင်မာနေကြောင်းနှင့် ပြည်တွင်းအနေဖြင့် ကုန်သွယ်ရေးလိုငွေ၊ ဘဏ္ဍာရေးလိုငွေ ကြီးမားနေရာတွင် လိုငွေများလျှော့ချနိုင်ရန်နှင့် ပို့ကုန် မြင့်တင်နိုင်ရေးသည် အရေးကြီးသည့် အချက်တချက်အနေဖြင့် ပါဝင်နေကြောင်း စီးပွားရေး ပေါ်လစီပိုင်း ပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောသည်။
“ကမ္ဘာမှာလည်း ဒေါ်လာတက်တယ်။ ပြည်တွင်းမှာက ပို့ကုန်များများမရှိတော့ နိုင်ငံခြား ပို့ကုန်ရငွေလည်း သိပ်များများ မရှိဘူး။ ရေတိုဖြေရှင်းရရင် ကုန်သွယ်ရေးမှာ မလိုအပ်တဲ့ ကုန်တွေလျှော့သွင်းရမယ်။ ဇိမ်ခံပစ္စည်းတွေ လျှော့ရမယ်။ ဒေါ်လာငွေများများနဲ့ ပေးသွင်းရမယ့်ပစ္စည်းတွေ ကန့်သတ်ဖို့ လိုတယ်”ဟု ၎င်းက ဆိုသည်။
ဒေါက်တာအောင်ကိုကိုက “ကျပ်ငွေတန်ဖိုးကျဆင်းတာ စိုးရိမ်စရာပါ။ အခြေခံစားသုံးကုန်တွေ ဈေးတက်လာနိုင်တယ်။ ဒါကို ဗဟိုဘဏ်ကနေ လက်ရှိမြန်မာကျပ်ငွေကို ထပ်မကျအောင် ဗဟိုဘဏ် အပါအဝင် စီမံဘဏ္ဍာ ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန စတဲ့ ဌာနတွေနဲ့ ပူးပေါင်းဖြေရှင်း သွားရမယ်” ဆက်ပြောသည်။
ယနေ့ (ဒီဇင်ဘာ ၁၅ ရက်) တွင် ပြင်ပဒေါ်လာဈေးကွက်၌ ၁ ဒေါ်လာလျှင် ၁၄၁၆ ကျပ် အရောင်းအဝယ်ရှိခဲ့ပြီး ညနေပိုင်း ဈေးပိတ်ခါနီးအချိန်၌ ၁ ဒေါ်လာလျှင် ၁၄၂၈ ကျပ် အထိ ဖြစ်ပေါ်သည်။
ဒေါ်လာဈေးမြင့်တက်မှုနှင့် ပတ်သက်ပြီး ပြင်ပငွေကြေးဈးကွက် လုပ်ကိုင်နေသူတဦးက “ကားမူဝါဒ ကန့်သတ်လိုက်တာကြောင့်ရယ်၊ ကမ္ဘာမှာ ဒေါ်လာဈေးက မာနေတာကြောင့်ရယ်၊ ဈေးကွက်မှာ ဒေါ်လာဈေး တက်နေတယ်။ ကုမ္ပဏီတွေရော တဦးချင်းတွေရော ဝယ်လိုအား တက်တယ်။ အဓိကတော့ ဘဏ်တွေက လိုသလောက် ထုတ်မရောင်းပေးနိုင်တာကြောင့်လည်း ပါတယ်။ သူတို့က ပေးနိုင်ရင် အပြင်ဈေးကွက်က ဒီလောက်ဖြစ်လာမှာ မဟုတ်ဘူး” ဟု ပြောသည်။
ပုဂ္ဂလိကဘဏ်များက ဒေါ်လာထုတ်ပေးနိုင်စွမ်း မရှိခြင်းနှင့် ပတ်သက်၍ ကမ္ဘောဇဘဏ်၏ အကြီးတန်း အကြံပေး ဦးသန်းလွင်က “ ပုဂ္ဂလိကဘဏ်တွေက အခုမှ နိုင်ငံခြားဈေးကွက်ကို စဝင်တာ။ နိုင်ငံခြားဘဏ်နဲ့ ပြိုင်လို့မရဘူး။ အဓိက အင်အားများတာ ဗဟိုဘဏ်ပဲ။ ပုဂ္ဂလိကဘဏ်တွေမှာ ထုတ်ပေးနိုင်တဲ့ အင်အားလည်း သိပ်မရှိဘူး။ အပြင်ဈေးကွက်က ပုဂ္ဂလိကဘဏ်တွေထက် ၁၀ ဆလောက် ပိုကြီးတယ်။ ထိန်းနိုင်တာက အစိုးရ၊ ဗဟိုဘဏ်က ပေါ်လစီနဲ့ပဲ ထိန်းရမှာ” ဟု ပြောသည်။
ဒေါ်လာဈေး မြင့်တက်နေပြီး ကျပ်ငွေတန်ဖိုးကျဆင်းနေမှုအပေါ် ငွေကြေးအာဏာပိုင် အဖွဲ့အစည်းတခုဖြစ်သည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ကြားဝင်ဖြေရှင်းပေးခြင်းကို မတွေ့ရကြောင်း၊ ကျပ်ငွေတန်ဖိုး ကျဆင်းခြင်း ဆက်လက် ဖြစ်ပေါ်ပါက အခြေခံကျသည့် လူသုံးကုန်ပစ္စည်းများ ဈေးမြင့်တက်လာပြီး စိုးရိမ်ရသည့် အနေအထားရှိကြောင်း စီးပွားရေးပညာရှင်များက ထောက်ပြပြောဆိုသည်။
ဈေးကွက်အတွင်း မြန်မာငွေကြေး ဖောင်းပွလာခြင်းကြောင့် ယခုရက်ပိုင်းအတွင်း အခြေခံကျသည့် စားသောက်ကုန် ပစ္စည်းများဖြစ်သည့် ဆန်တအိတ်လျှင် ယခင်ရောင်းဈေးထက် ကျပ်၂၀၀၀ အထိ ဈေးမြင့်လာကြောင်း၊ ဟင်းသီးဟင်းရွက် ဈေးနှုန်းများသည်လည်း ယခင်ဈေးနှုန်းထက် နှစ်ဆနီးပါး မြင့်တက်လာနေကြောင်း စားသုံးသူပြည်သူများက ပြောသည်။
“ဈေးက အကုန်တက်တယ်၊ ဆီဆိုရင် ပဲဆီပဲဖြစ်ဖြစ် စားသုံးဆီပဲဖြစ်ဖြစ် ၁ ပိဿာကို ဝယ်နေကျဈေးထက် ၃၀၀ တက်တယ်။ ဂေါ်ဖီပန်းပွင့်ဆို တပတ်အတွင်း တပွင့်ကို ၄၀၀ ကျပ် ကနေ ၇၀၀ ပေးဝယ်ရတယ်။ ချဉ်ပေါင်ဆို တစီး ၅၀ ကနေ ၁၀၀ ကျပ် ဝယ်ရတယ်။ ကိုယ်က ထမင်းဆိုင်ရောင်းနေတာကို ဈေးနှုန်းတက်တိုင်း ဈေးလိုက်တက်လို့ မရဘူး။ အခုတောင် အရောင်းအဝယ်တွေပါးတယ်” ဟု ပုဇွန်တောင်လမ်းမကြီးပေါ်တွင် ဖွင့်လှစ်ရောင်ချနေသည့် ထမင်းဆိုင်ပိုင်ရှင် တဦးက ပြောသည်။