ပြည်ပ ဘဏ်များတွင် ငွေစာရင်း ဖွင့်လှစ်ထားပါက ဗဟိုဘဏ်သို့ တပတ်အတွင်း တင်ပြရန် ဒီဇင်ဘာ ၅ ရက်နေ့က ညွှန်ကြားချက် ထုတ်ပြန် ထားသော်လည်း ပုဂ္ဂလိကအနေဖြင့် တင်ပြမှု မရှိသေးကြောင်း ဗဟိုဘဏ် ညွန်ကြားရေးမှူး ဦးဝင်းသော်က ပြောသည်။
ဦးဝင်းသော်က “ကျနော်တို့က တပတ်ပဲ အချိန်ပေးခဲ့တော့ အချိန်မရသေးတာလည်း ရှိမှာပါ၊ ဘဏ်တွေကလည်း ကြေညာတာ မကြာသေးဘူး၊ တင်ပြဖို့ အချိန်နောက်ကျတဲ့ အပေါ်မှာတော့ ဘာမှအရေးယူတာမှ မရှိသေးဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ဗဟိုဘဏ်အနေဖြင့် ဘဏ်နှင့် တိုက်ရိုက် သက်ဆိုင်သူများအပြင် ဘဏ်နှင့်ဆက်စပ်လျက် ပုဂ္ဂလိက ဖြစ်စေ၊ ကုမ္ပဏီ အဖွဲ့အစည်း အနေဖြင့်ဖြစ်စေ ပြည်ပတွင် ဘဏ်စာရင်း ဖွင့်လှစ်ထားပါက စာရင်း ရှင်းတမ်း အချက်အလက်များကို တင်ပြ ရန် ဘဏ် အသီးသီးသို့ ညွန့်ကြားချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ကမ္ဘောဇဘဏ် အကြီးတန်းအကြံပေး ဦးသန်းလွင်က “နိုင်ငံခြားမှာထားတဲ့ စာရင်းတွေ တင်ပြဖို့ဆိုတာ အပြောလွယ် သလောက် လုပ်ဖို့ခက်တယ်၊ ဘယ်သူက လွယ်လွယ်ကူကူ တင်ပြမှာလဲ၊ ဒီလို ပိုက်ဆံတွေ သွားဖွက်ထားတာက နိုင်ငံ တိုင်းမှာရှိပါတယ်၊ အရေးယူမယ် ဆိုတာကလဲ ဘာ အထောက်အထားနဲ့ လုပ်ကြမလဲ၊ ဒီလို အမိန့်ပေးတာထက် ဆွဲဆောင်တာ ပိုကောင်းမယ် ထင်တယ်။ ဒီငွေတွေ ပြန်ဝင်လာအောင် ဘယ်လိုလုပ်မလဲ၊ အခွန် ကင်းလွတ်ပေးတာမျိုး လား၊ တခုခုနဲ့ ဆွဲဆောင်တဲ့ပုံစံပေါ့”ဟု ပြောသည်။
ယင်းညွန်ကြားချက်သည် ပြည်တွင်း နိုင်ငံခြားငွေ ဈေးနှုန်း မြင့်မားနေခြင်းနှင့် ပို့ကုန် လုပ်ငန်းရှင်များ၏ ပြည်ပတွင် ဘဏ်စာရင်း ဖွင့်လှစ်ကာ ငွေဈေးကစားနေမှုများ ရှိပါက ကိုင်တွယ်ထိန်းချုပ်ရန် ဗဟိုဘဏ် အနေဖြင့် ကြိုပမ်းလာခြင်း ဖြစ်နိုင်ကြောင်း စီးပွားရေး ပညာရှင်များက သုံးသပ်ကြသည်။
ဗဟိုဘဏ်အနေဖြင့် ညွန်ကြားချက်အား လိုက်နာမှုမရှိသည့် ပြည်ပဘဏ်စာရင်း ဖွင့်လှစ်ထားသော ပုဂ္ဂလိက လုပ်ငန်း ရှင်များ အပေါ် ၎င်းတို့၏ ပုဂ္ဂလိက ကိစ္စဖြစ်သည့်အတွက် မည်သည့် အထောက်အထားဖြင့် ဖော်ထုတ် အရေးယူမည် ဆိုသည်ကိုလည်း ဘဏ်နှင့်သက်ဆိုင်သူများက မေးခွန်းထုတ်လျက် ရှိသည်။
အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်(AGD)မှ တာဝန်ရှိသူ ဦးပြည်စိုးထင်က “ပုဂ္ဂလိက စာရင်း ဖွင့်ထားသူတွေကတော့ ပေးချင်မယ်လို့ မထင်ပါဘူး၊ ပုဂ္ဂလိက ကိစ္စဖြစ်လို့ ပြည်ပဘဏ်တွေကိုလည်း အကောင့်စာရင်းတွေ ပေးပါလို့ သွားပြော လို့ မရဘူး၊ ပို့ကုန်လုပ်ငန်းရှင်တွေကို ပစ္စည်းတွေထွက်သွားပြီးရင် ဒေါ်လာတွေက ပြည်တွင်းပြန်ဝင်မလာဘဲ ပြည်ပက အကောင့်တွေမှာပဲ ရှိနေတယ်လို့ယူဆပြီး သိချင်တာလည်း ပါမှာပါ”ဟု ပြောသည်။
လက်ရှိတွင် ဘဏ်နှင့်တိုက်ရိုက် သက်ဆိုင်သူများက ပြည်ပဘဏ်စာရင်းများ တင်ပြမှုရှိနေသော်လည်း ပုဂ္ဂလိက အနေ ဖြင့် တင်ပြလာမှု မရှိသေးသည့်အတွက် သတ်မှတ်ရက်ကို ထပ်မံတိုးမြှင့်ပေးရန် စီစဉ်နေကြောင်းလည်း ဗဟိုဘဏ် က ပြောဆိုသည်။
လက်ရှိပြည်တွင်း ဒေါ်လာ ဈေးနှုန်းသည်လည်း စံချိန်တင် မြင့်တက်လျက်ရှိနေပြီး ယနေ့ နေ့လယ်ပိုင်းတွင်ပင် အမေရိကန် ၁ ဒေါ်လာလျှင် ပြင်ပပေါက်ဈေးမှာ ၁၄၄၃ ကျပ်အထိ ရှိနေကြောင်း သိရသည်။
ညွန်ကြားချက်အပေါ် လိုက်နာမှုမရှိပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၈ နှင့် ၄၂ တို့အရ အရေးယူမည်ဖြစ် ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
၎င်းပုဒ်မများအရ ပြစ်ဒဏ်ထိုက်သူကို ထောင်ဒဏ် ၃ နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ် နိုင်ကြောင်း ပြဌာန်းထားသည်။