နိုင်ငံတကာ ငွေကြေးထောက်ပံ့မှုများကို အသုံးချသွားမည့် မြန်မာနိုင်ငံတလွှားမှ အရေးတကြီး ဆောင်ရွက်ရမည့် ဖွံဖြိုးရေး စီမံကိန်းများ စာရင်းတခုကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရက စီစဉ်ပြီးဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယခုအပတ်အတွင်း နေပြည်တော်တွင် ပြုလုပ်သည့် အစည်းအဝေးတခုတွင် ပြောသည်။
ဒီဇင်ဘာလ ၁၂ ရက်နေ့က ပြုလုပ်ခဲ့သည့် ဖွံ့ဖြိုးမှုအကူအညီများ ညှိနှိုင်းရေးအဖွဲ့(DACU) နှင့် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်များအဖွဲ့ (CPG) ပထမအကြိမ် အစည်း အဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်ပါ သည်။
ဧပြီလတွင် NLD အစိုးရ တာဝန်ယူခဲ့သည့် အချိန်မှ စ၍ နိုင်ငံ အများအပြားက အကူအညီများပေးရန် ကမ်းလှမ်းလာခဲ့ သည်ဟု နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။ DACU နှင့် CPG အဖွဲ့များသည် အောက်တိုဘာလအတွင်း ထုတ် ပြန်ခဲ့သည့် တိုင်းပြည်၏ စီးပွားရေးမူဝါဒသစ်များနှင့် အညီ နိုင်ငံတကာ အကူအညီများကို မည်သည့်နေရာများတွင် မည်သို့ အသုံးချရမည်ကို စီမံခန့်ခွဲရန် ဖွဲ့စည်းတာဝန်ပေးအပ်ထားခြင်း ဖြစ်သည်။
ပထမဆုံး အကြိမ်အဖြစ် ကျင်းပခဲ့သည့် အဆိုပါ အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က အလုပ်အကိုင်နေရာများ ပိုမိုဖန်တီးပေးမည့်၊ မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်စေမည့် စီမံကိန်းများတွင်အသုံးချမည် ဟုလည်း ပြောကြားခဲ့သည်။
“အခြေခံအဆောက်အဦး ဖွံ့ဖြိုးရေး စီမံကိန်းတွေက မြန်မာနိုင်ငံမှာ အခုလိုအပ်နေတဲ့ အဓိက ကိစ္စတွေ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) ဒုတိယ ဥက္ကဌ ဒေါက်တာ မောင် မောင်လေးကပြောသည်။ “ဒီစီမံကိန်းတွေက မြန်မာနိုင်ငံရဲ့ စီးပွားရေး ကဏ္ဍအားလုံး အပေါ်မှာ သက်ရောက်ပါတယ်။ တကယ်လို့ ကျနော်တို့က စီးပွားရေးတွေအတွက် အတော်များများ အသုံးပြုနေရတဲ့ transaction cost တွေကို လျှော့ချနိုင်မယ်ဆိုရင် အရာရာက ပိုပြီးချောမွေ့သွားပါလိမ့်မယ်။ ကျနော်တို့ ကုန်စည် ဈေးနှုန်းတွေ လည်း ကျဆင်း သွားပါလိမ့်မယ်” ဟု သူကပြောသည်။
ကူညီထောက်ပံ့ငွေများကို လျှပ်စစ်စွမ်းအား၊ စွမ်းအင် နှင့် သယ်ယူ ပို့ဆောင်ရေးစီမံကိန်းများ အတွက် ဦးစားပေးသင့်သည် ဟုလည်း သူကပြောသည်။
“အစိုးရရဲ့ အဲဒီ စီမံကိန်းတွေက ပြည်သူလူထုအတွက်ပိုပြီး ပွင့်လင်းမြင်သာမှုရှိရပါမယ်” ဟု ဒေါက်တာ မောင်မောင်လေး ကပြောသည်။
အသစ် ဖွဲ့စည်းလိုက်သော DACU ၏ အဓိကတာဝန်မှာ အစိုးရနှင့် ညှိနှိုင်းဆွေးနွေးမှုများကို အခြေခံ၍ ဦးစားပေးကဏ္ဍများ နှင့် နောက်ထပ်ရရှိလာမည့် ဖွံ့ဖြိုးရေး အကူ အညီများအတွက် စီမံကိန်းများ သတ်မှတ်ရန် ဖြစ်သည်။ ဖွံ့ဖြိုးရေး အကူ အညီ များ နှင့် ပတ်သက်၍ အမျိုးသားအဆင့် မူဝါဒ တရပ်ကိုလည်း ရေးဆွဲပေးရမည် ဖြစ်သည်။
သို့သော်လည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ဖွံ့ဖြိုးရေး စီမံကိန်းများအတွက် မည်သည့် ဧရိယာများက ပထမဦးစား ပေး ဖြစ်လာမည်ကို ရည်ညွှန်းပြောဆိုသွားခဲ့ခြင်း မရှိပါ။
အမျိုသားဒီမိုကရေစီ အင်အားစုပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးခိုင်မောင်ရည်က အစိုးရ အနေဖြင့် နိုင်ငံတကာ အကူအညီများ မည်မျှ ဝင်ရောက်နေသည်ဆိုခြင်းနှင့် မည်သည့် နေရာများတွင် အလျှင်အမြန်ထောက်ပံ့ရန် လို အပ်နေသည်ဆိုခြင်းများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု ရှိရမည်ဟု ယူဆသည်။
“အစိုးရ ဝန်ကြီးဌာနတွေအနေနဲ့ သူတို့ရဲ့ တာဝန်တွေကို သူတို့ ကို ခွဲဝေချထားပေးတဲ့ ပုံမှန်နိုင်ငံတော် ဘတ်ဂျက် နဲ့ပဲ ဆောင်ရွက်နိုင်ပါတယ်။ နိုင်ငံတကာ ကူညီထောက်ပံ့ငွေက ကွဲပြားခြားနားပါတယ်။ အဲဒါတွေကို ဖွံ့ဖြိုးမှု အနည်းဆုံး နေ ရာတွေမှာ သုံးသင့်ပါတယ်။ အထူးသဖြင့် ပြည်တွင်း ပဋိပက္ခတွေကြောင့် ထိခိုက်နစ်နာသူတွေရှိနေတဲ့ နယ်စပ် ဒေသ တွေ မှာ ဖြစ်ပါတယ်” ဟု သူကပြောသည်။
DACU အဖွဲ့ဝင်များက တိုင်းပြည်၏ အခြေခံအဆောက် အဦးလိုအပ်ချက်များကို ဦးစားပေးသတ်မှတ်ရာတွင် အရေးပါသည့် နေရာမှ ပါဝင်ရမည် ဖြစ်သည်။ အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကဏ္ဍ နှင့် အလှူရှင်များကြားတွင် ပူးပေါင်း ဆောင်ရွက်မှု များပြုလုပ်သွားမည် ဖြစ်ကြောင်း အစိုးရပိုင် Global New Light of Myanmar သတင်းစာတွင် ဖော်ပြထားသည်။
NLD အစိုးရ တာဝန်ယူခဲ့သည့် အချိန်မှစ၍ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်၊ ဂျပန်၊ တရုတ် နှင့် အိန္ဒိယ စသည့် အဓိက စီးပွားရေးအင်အားကြီးနိုင်ငံ ၄ ခုသို့ ခရီးများသွားရောက်ခဲ့သည်။ ထိုခရီးစဉ်များအတွင်းတွင် အိမ်ရှင်နိုင်ငံများက ဒေါ်အောင်ဆန်းစုကြည်ကို အကူအညီပေးရန် ကတိပြုခဲ့ကြပြီး တရားဝင်ချေးငွေများလည်း ပေးအပ်ခဲ့ကြသည်။
သူ၏ ခရီးစဉ်အတွင်း တွင် အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများကို အဆုံးသတ်ပေးမည် ဖြစ်ကြောင်းပြောခဲ့သည်။ ဂျပန်နိုင်ငံက ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၇.၇၃ ဘီလီယံပေးမည် ဖြစ် ကြောင်း ကတိပြုခဲ့သည်။
တရုတ်နိုင်ငံတွင် Asia Infrastructure Investment Bank (AIIB) ဥက္ကဌက ချေးငွေ ထုတ်ပေး ရန် ဒေါ်အောင်ဆန်းစုကြည်ကို ကတိပေးခဲ့ပြီး သူက ဓာတ်ငွေ့လောင်စာသုံး ဓာတ်အားပေးစက်ရုံတခု တည်ဆောက်ရာ တွင် အသုံးပြုရန် ရည်ရွယ်ထားသည်။
အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်းတွင် ဘဏ်လုပ်ငန်း၊ လျှပ်စစ် စွမ်းအားနှင့် အာမခံလုပ်ငန်းကဏ္ဍများတွင် အနီးကပ် ပူးပေါင်းဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာတခုကို ဒေါ်အောင်ဆန်း စုကြည်လက်မှတ်ရေးထိုးခဲ့သည်။