“ရခိုင်ရိုးမတောင်တန်းနဲ့ ဆက်နေတဲ့ ချင်းတောင်တန်း၊ ကုလားတန်မြစ်နဲ့ မဏိပူရမြစ် စီးဆင်းနေ” ဆိုတဲ့ ဆလိုင်းသောနသီချင်းကိုနားထောင်ရင်းတောင်တွေကျော်ဖြတ်ပြီးဖုန်တထောင်းထောင်းထနေတဲ့ လမ်းပေါ် အချိန်ကြာမြင့်အောင် ဖြတ်သန်းခဲ့ရပါတယ်။
ရန်ကုန် ကနေ ၂၇ နာရီနီးပါးကားစီးလာပြီးနောက် မိုးလင်းစအချိန်မှာတော့ ကားကြီး၊ ကားငယ်တွေရာမောင်မြစ်ကိုဖြတ်ကူးဖို့ အတွက် ကူးတို့ ဇက်သင်္ဘောကိုစောင့်ဆိုင်းကြပါတယ်။
ရာမောင်တံတားရှိပေမယ့် တံတားကကြံ့ခိုင်မှုမရှိတာကြောင့် တံတားပေါ်ကိုကားတွေဖြတ်သန်းခွင့်မရှိဘူးလို့ သိရပါတယ်။
ရာမောင်တံတားကရခိုင်ပြည်နယ် နဲ့ ချင်းပြည်နယ် တောင်ပိုင်းသွားဖို့ အဓိကအားထားရာတံတားတစင်းလည်းဖြစ်ပါတယ်။
ချင်းပြည်နယ် တောင်ပိုင်းပလက်ဝမြို့ကိုသွားပြီးလည်ပတ်မယ်ဆိုရင်တော့ ရခိုင်ပြည်နယ် မြောက်ဦးကျောက်တော်၊ စစ်တွေမြို့ ဘက်ကသွားမှသာအဆင်ပြေမှာပါ။

ပလက်ဝမြို့ကိုရောက်ဖို့ ကား၊ လှေတွေနဲ့ ၃၆ နာရီကြာလမ်းပန်းဆက်သွယ်ရေးခက်ခဲစွာသွားလာရပါတယ်။
ကုလားတန် မြစ်ကြောရဲ့ အလွန်လှပတဲ့ ရှုခင်းတွေ၊ တောတောင်တွေကိုဆန်တက်ပြီးနောက်မှာတော့ “ကွန်ပရိုက်” ခူမီးချင်းတိုင်းရင်းသားတွေစုဝေးနေထိုင်တဲ့ ပလက်ဝမြို့ကိုရောက်ရှိပါမယ်။
ပလက်ဝမြို့ကချင်းပြည်နယ်ရှိမြို့တမြို့ ဖြစ်ပေမယ့် ချင်းပြည်နယ် ဘက်ကသွားလာလို့ မရတဲ့ မြို့၊ သီးသန့် ကမ္ဘာလို့ ချင်းတိုင်းရင်းသားအချင်းချင်းခေါ်ဝေါ်ကြတဲ့ မြို့တမြို့ပါ။
“ပလက်ဝမြို့ကအဆင်းရဲဆုံး။ အဓိကတော့ လမ်းပန်းကောင်းသွားရင် တိုးတက်သွားမယ်။ အခုပြည်ထောင်စုအစိုးရအဆင့်ကနေပြီးတော့ ပလက်ဝကနေမတူပီ၊ မင်းတပ်၊ ဟားခါးလမ်းကိုစဖောက်နေတယ်၊ ပြီးတော့ ပလက်ဝ၊ မတူပီအိန္ဒိယကိုဖောက်အောင်လုပ်မယ်” လို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးလျန်လွင်ကပြောပါတယ်။
စစ်တွေမှ ပလက်ဝလမ်း၊ ကန်ပတ်လက်မှ ပလက်ဝလမ်းပေါက်အောင် ဖောက်လုပ်ကာအိန္ဒိယနယ်စပ်ထိလမ်းပေါက် ကုန်သွယ် စီးဆင်းနိုင်အောင် ကုလားတန်မြစ်ကိုအခြေခံရမယ်။ ကုလားတန် စီမံကိန်းပြီးဆုံးတဲ့နောက် ပလက်ဝမြို့ ဖွံ့ဖြိုးလာမယ်လို့လည်းဦးလျန်လွင်ကသုံးသပ်ပါတယ်။

ချင်းပြည်နယ်မှာလမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် ကျန်းမားရေး၊ စီးပွားရေး၊ ပညာရေးကဏ္ဍတွေကဘက်ပေါင်းစုံမှာခက်ခဲနေပါတယ်။ စီမံကိန်းတည်ရှိတဲ့ ပလက်ဝမြို့ကိုချင်းပြည်နယ် အတွင်းရှိတချို့မြို့တွေကိုသွားလာဖို့ လမ်းမရှိဘဲရန်ကုန်၊ မန္တလေးကနေတဆင့် ခက်ခက်ခဲခဲသွားလာနေရပါတယ်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲပါတဲ့ လေးမြို့ကိုသွားဖို့ အတွက် ၂ ရက်ကြာပြီးလစဉ် ငွေထုတ်ဖို့ ခက်ခဲတာတွေ၊ လမ်းသွားလာမှုမှာကားတတန်၊ လှေတတန် ခက်ခဲသွားလာရတဲ့အတွက် စိတ်ပင်ပန်းနေရပါတယ်လို့ လေးမြို့နယ်မှာစာသင်ကြားပေးနေတဲ့ ကျောင်းဆရာမတွေကပြောပါတယ်။
“ကျမတို့ လစာထုတ်ရင် ပလက်ဝကိုသွားဖို့ အချိန်ကုန် ငွေကုန်တယ်။ လေးမြို့ကနေမြောက်ဦးကိုလာရတယ်။ မြောက်ဦးကနေကျောက်တော်၊ ကျောက်တော်ကနေမှ ပလက်ဝအသွားအပြန် ၄ ရက်လောက် အချိန်ကြာတယ်” လို့ ပလက်ဝမြို့နယ် နန်းမနူးကျေးရွာတွင် စာသင်ကြားပေးနေတဲ့ ဆရာမသင်းသင်းမော်ကပြောပါတယ်။
လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့် ၂ လလျှင်တကြိမ် လစာထုတ်ဖြစ်ကြောင်း၊ ရတဲ့လစာ ၃ ပုံ ၁ ပုံကလမ်းစရိတ် ဖြစ်နေကြောင်းဆရာမသင်းသင်းမော်ကဆိုပါတယ်။
အိန္ဒိယ – မြန်မာကုန်သွယ်ရေးအဓိကလမ်းကြောင်းဖြစ်တဲ့ ကုလားတန် မြစ်ဆိပ်ကမ်းစီမံကိန်းကိုလာမယ့်နှစ်မှာအိန္ဒိယအစိုးရကအပြီးတည်ဆောက်သွားမှာဖြစ်ပြီးချင်းပြည်နယ်အတွင်းလမ်းပန်းဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်လာမယ်လို့ ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌဦးဇိုဘွဲ့ကပြောပါတယ်။
“ကုလားတန် စီမံကိန်းကကျနော်တို့ ပလက်ဝအတွက် အရမ်းကိုကောင်းမွန်စေတဲ့ စီမံကိန်းတခုပါ။ ဒီစီမံကိန်းပြီးရင်တော့ ချင်းပြည်နယ် ထွက်ကုန်တွေလည်းအိန္ဒိယကိုပို့လို့ရမယ်။ ပလက်ဝမြို့နယ်ကလမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ နေရာပါ” လို့ ဦးဇိုဘွဲ့ကဆိုပါတယ်။
ကုလားတန် စီမံကိန်းကိုအိန္ဒိယအစိုးရဘတ်ဂျက်နဲ့ တည်ဆောက်ပြီးစီမံကိန်းကိုဆက်သွယ်မယ့် ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် လမ်းကြောင်းကိုတော့ အစိုးရဘတ်ဂျက်ဖြင့် သုံးစွဲသွားမယ်လို့ ဦးဇိုဘွဲ့ကပြောပါတယ်။
ကုလားတန် စီမံကိန်းဆိပ်ကမ်းပြီးဆုံးရင် ပလက်ဝ – ဆမီး – မတူပီ – ဟားခါးကားလမ်း၊ ပလက်ဝ – ဆမီး – မတူပီ – မင်းတပ် – ကန်ပက်လက် ကားလမ်းမှတဆင့် ဟားခါး-ထန်တလန်-တီးတိန်- တွန်းဇံကားလမ်းတွေယခုအစိုးရလက်ထက်မှာပေါ်ပေါက်လာမယ်လို့လည်းချင်းပြည်နယ် အစိုးရကဆိုပါတယ်။
ကုလားတန် စီမံကိန်းကအိန္ဒိယအရှေ့မြောက် ပြည်နယ်ကိုချိတ်ဆက်မယ့် စီမံကိန်းတခုဖြစ်ပြီးအိန္ဒိယ၏ အကျိုးစီးပွားအဓိကကျမည့် စီမံကိန်းတခုဖြစ်ပါတယ်။
“ကုလားတန် ဆိပ်ကမ်းကရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ကကုန်ပစ္စည်းတွေကိုအိန္ဒိယနိုင်ငံကိုတင်ပို့မှာဖြစ်ပါတယ်။ ချင်းပြည်နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းအတွက် ဆက်သွယ်ရန် လမ်းကြောင်းကိုဖောက်လုပ်သွားမယ်လို့လည်းချင်းပြည်နယ် အစိုးရအဖွဲ့ စီးပွားစီမံရေးရာဝန်ကြီးဦးဆလိုင်းအိုက်ဇက်ခင်ကပြောပါတယ်။
ကုလားတန် စီမံကိန်းဟာအထူးသဖြင့် ဆိပ်ကမ်းကိုချင်းပြည်နယ်၏ အကျိုးစီးပွားဖြစ်အောင် စဉ်းစားရကြောင်း၊ ချင်းပြည်နယ်အစိုးရကရင်းနှီးမြုပ်နှံမှုတွေဖိတ်သွားမှာဖြစ်ပြီးလိုအပ်ချက် အခြေခံကာကိုက်ညီတဲ့ စီးပွားစီမံကိန်းကိုလုပ်ဆောင်သွားမယ်လို့လည်းသိရပါတယ်။
“လမ်းပန်းဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်လာပြီးဒေသထွက်ကုန်များတင်ပို့နိုင်မှာကိုတော့ ကြိုဆိုပါတယ်။ ဒါပေမယ့် ဒေသခံတွေအနေနဲ့ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ လူမှုရေးပြဿနာများဝင်လာမှာကိုတော့ စိုးရိမ်နေပါတယ်လို့” ပလက်ဝမြို့ ခူမီးရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌဦးစနိအောင်ကပြောပါတယ်။
ချင်းပြည်နယ် ပလက်ဝမြို့ကတခြားချင်းပြည်နယ် မြို့နယ်ကိုဆက်သွယ်ရန် လမ်းကြောင်းမှာယနေ့ ချိန်ထိမရှိသေးတာကြောင့် ဖောက်လုပ်ရန် အတွက် စတင်အကောင်အထည် ဖော်နေပြီလို့ သိရပါတယ်။
ယခင်ကပလက်ဝထွက်ကုန်များကိုရခိုင်ပြည်နယ် စစ်တွေမြို့၊ ကျောက်တော်မြို့ ဈေးကွက်သို့သာတင်ပို့ ရောင်းချခဲ့ရပါတယ်။
အိန္ဒိယ – မြန်မာကားလမ်း၊ ကုလားတန်မြစ် ဘက်စုံစီမံကိန်းပြီးဆုံးသွားမည် ဆိုပါကဒေသခံတိုင်းရင်းသားများအလုပ်အကိုင် မရရှိဘဲတခြားလူမျိုးမှာရသွားမည်ကိုစိုးရိမ်နေကြောင်း၊ လူနေမှု ပြဿနာဖြစ်ပွားမည်ကိုစိုးရိမ်နေကြောင်းပလက်ဝဒေသခံတွေကတော့ ပြောကြပါတယ်။
ပလက်ဝမြို့နယ်အတွင်းမှာနိုင်ငံခြားခရီးသွားဧည့်သည်တွေလာရောက် လည်ပတ်နိုင်ဖို့ အတွက်လည်းချင်းပြည်နယ် အစိုးရကဆောင်ရွက်မှုတွေပြုလုပ်နေကြောင်းဦးဆလိုင်းအိုက်ဇက်ခင်ကဆိုပါတယ်။
မြန်မာ – အိန္ဒိယ ၂ နိုင်ငံသဘောတူညီချက်အနေနဲ့ ကုလားတန် မြစ်စီမံကိန်းကို ၂၀ဝ၈ ခုနစ်တွင် စတင် လက်မှတ် ရေးထိုးခဲ့ကြပြီး ၂၀၁၇ ခုနစ်မှာအပြီးတည်ဆောက်သွားမယ်လို့လည်းသိရပါတယ်။
စီမံကိန်းပြီးဆုံးရင်တော့ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာပြီး၊ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးအခွင့်အလမ်းများပိုမိုကောင်းမွန်လာမယ်လို့ ဒေသခံတွေက မျှော်လင့်နေကြပါတယ်။