ပြောင်းစိုက်ပျိုးသည့် ဧရိယာ များပြားလာခြင်း နှင့် ဒေသတွင်း အိမ်နီးချင်းနိုင်ငံများမှ ဝယ်လိုအား မြင့်တက်လာခြင်းတို့ကြောင့် ၂၀၁၆-၁၇ ဈေးကွက်နှစ် အတွင်း မြန်မာ့ပြောင်းထွက်နှုန်း စုစုပေါင်း ၆ ရာခိုင်နှုန်း တိုးတက်လာမည်ဟု အမေရိကန် စိုက်ပျိုးရေးဌာနမှ Foreign Agriculture Services (FAS) ၏ ဒီဇင်ဘာလ ၂ ရက်နေ့ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ပြောင်းအဓိကစိုက်ပျိုးသည့် ဒေသမှာ နိုင်ငံ၏ အလယ်ပိုင်းတွင် ရှိပြီး အထူးသဖြင့် ရှမ်းပြည်နယ်တွင် ဖြစ်သည်။ ရှမ်းပြည်နယ်တွင် ပြောင်းက စိုက်ပျိုးထုတ်လုပ်မှု စုစုပေါင်း၏ ၅၂ ရာခိုင်နှုန်း ရှိသည်။
ပြောင်းစိုက် တောင်သူ အများစုမှာ နိုင်ငံခြားကုမ္ပဏီများက ပံပိုးသော သို့မဟုတ် ရောင်းချသော ထွက်နှုန်းမြင့် စပ်မျိုးစေ့များကို အသုံးပြုကြသည် ဟု အမေရိကန် စိုက်ပျိုးရေးဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာပြောင်းစိုက်တောင်သူ ၉၀ ရာခိုင်နှုန်းခန့်က မျိုးစေ့ထုတ်လုပ်သူများ သို့မဟုတ် အစိုးရ ထံမှ မျိုးစပ်ပြောင်းမျိုးစေ့များ ဝယ်ယူ အသုံးပြကြသည်ဟု အစီရင်ခံစာက ဆိုသည်။ အခြားတောင်သူများမှာ ယခင်နှစ်ရာသီက သိမ်းဆည်းထားသည့် မျိုးစေ့များကို အသုံးပြုကြသည်။
ပြည်တွင်းလိုအပ်ချက်ကို ပြည့်မီရန် မြန်မာနိုင်ငံမှ ပြောင်းစိုက်တောင်သူများ အတွက် နှစ်စဉ် ပြောင်းမျိုးစေ့ တန် ၅၀၀၀ မှ ၆၀၀၀ အထိ လိုအပ်သည်။
မြန်မာနိုင်ငံမှ မျိုးစေ့ကုမ္ပဏီ အများစုကို ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများက ပိုင်ဆိုင်ထားကြသည်။ စိုက်ပျိုးရေးလုပ်ငန်းအတွင်းမှ သတင်းရင်းမြစ်များ၏ အဆို အရ ထိုင်းနိုင်ငံမှ Charoen Pokphand Group (CP) ၏ လုပ်ငန်းခွဲတခု ဖြစ်သည့် Myanmar CP Livestock Co. (MCPLC) က မြန်မာနိုင်ငံမှ ပြောင်းမျိုးစေ့ဈေးကွက်၏ ၆၀ ရာခိုင်းနှုန်းမှ ၇၀ ရာခိုင်နှုန်းအတွင်း ထိန်းချုပ်ထားသည်ဟု သိရသည်။ MCPLC က ပြည်တွင်း စိုက်ပျိုးသူများကို ကန်ထရိုက်ပေး၍ စိုက်ပျိုးခြင်းဖြင့် မျိုးစပ် ပြောင်းမျိုးစေ့များ ထုတ်လုပ်သည်။ အဓိက အားဖြင့် ရှမ်းပြည်နယ် တောင်ပိုင်းတွင် ဖြစ်သည်။
မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း ကလည်း ကိုယ်ပိုင်ပြောင်းမျိုးစေ့များကို ကိုယ်တိုင်သုနေသနပြုလုပ်၍ ထုတ်လုပ်ရောင်းချ သည်။ ပြောင်းဈေးကွက်တွင် အစိုးရက ဈေးကွက်ဝေစု ၈ ရာခိုင်နှုန်းခန့် ထိန်းချုပ်ထားသည်ဟု ခန့်မှန်းရပါသည်။ အစိုးရ က ထုတ်လုပ်ရောင်းချသည့် မျိုးစေ့များကို ရေဆင်းမျိုး ဟု သိကြပြီး ပုဂ္ဂလိက ကုမ္ပဏီများက ရောင်းချသည့် မျိုးစေ့များ ထက် ဈေးနှုန်းချိုသာပါသည်။
အစိုးရ၏ တရားဝင် သတင်းအချက်အလက်များ မရရှိသော်လည်း ကုန်သွယ်ရေး သတင်းရင်းမြစ်များ၏ အဆိုအရ စိုက်ပျိုးစရိတ် နည်းပါးမှုနှင့် အခြားသီးနှံများ ဖြစ်သော အာလူးနှင့် ကြက်သွန်ဖြူတို့နှင့် စာလျှင် အမြတ်အစွန်း ပိုမို ရရှိ နိုင်ခြင်းတို့ကြောင့် လတ်တလောနှစ်များအတွင်း မြန်မာနိုင်ငံတွင် ပြောင်းစိုက်ပျိုးသည့် ဧရိယာ မှန်မှန်တိုးလာနေသည် ဟု သိရသည်။ ၂၀၁၅-၁၆ ဈေးကွက်နှစ် နှင့် ၂၀၁၆-၁၇ ဈေးကွက်နှစ်များတွင် မြန်မာနိုင်ငံမှ မွေးမြူရေးလုပ်ငန်း ကဏ္ဍ(အထူး သဖြင့် ကြက်နှင့် ဝက်မွေးမြူရေး) တိုးတက်လာသည်နှင့် အညီ ပြည်တွင်း စားသုံးမှုကလည်း တိုးတက်လာမည်ဟု မျှော် လင့်ရသည်။
တိရိစ္ဆာန် အစားအစာ ထုတ်လုပ်ရေးတွင် ပြောင်းကို အသုံးပြုမှုက ၂၀၁၄-၁၅ ဈေးကွက်နှစ်တွင် တန်ချိန် ၆၀၀၀၀၀ ရှိခဲ့ရာမှ ၂၀၁၅-၁၆ ဈေးကွက်နှစ်တွင် တန်ချိန် ၈၀၀၀၀၀ အထိတိုးတက်လာမည်ဟု ခန့်မှန်းသည်။ တိရိစ္ဆာန် အစားအစာ ထုတ် လုပ်ရာတွင် အဓိက ပါဝင်ပစ္စည်းဖြစ်သော ဆန်ကွဲနေရာတွင် ပြောင်းကို အစားထိုးအသုံးပြုလာဖွယ်ရှိသည့် အတွက် ၂၀၁၆-၁၇ ဈေးကွက်နှစ်တွင် တန်ချိန် ၈၅၀၀၀၀ အထိ မြင့်တက်လာဖွယ်ရှိသည်ဟုလည်း မျှော်လင့်ရသည်။ တိရိစ္ဆာန် အစားအစာ ထုတ်လုပ်ရာတွင် အမျိုးအစားကို လိုက်၍ ပြောင်းပါဝင်မှုက ၂၀ ရာခိုင်နှုန်းမှ ၄၅ ရာခိုင်နှုန်း အထိရှိသည်။
မြန်မာနိုင်ငံတွင် ပြည်တွင်း ပြောင်းထုတ်လုပ်မှု၏ ၃၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းကို တိရိစ္ဆာန် အစားအစာထုတ်လုပ် ရာ တွင် အသုံးပြုပြီး ၅ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းကို မျိုးစေ့ချန်ရန်၊ အစားအစာနှင့် အရက် ထုတ်လုပ်ရန် အသုံးပြုသည်ဟု ကုန်သွယ်ရေး သတင်းရင်းမြစ်များက ခန့်မှန်းသည်။
မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် ပြောင်းအများစုကို တရုတ်နိုင်ငံသို့ တင်ပို့ပါသည်။
Ref: www.world-grain.com