စီးပွားရေး

တဦးချင်းကားတင်သွင်းခွင့် ပိတ်၊ ကားဈေး ထိုးတက်ပြီး ဒေါ်လာဈေး ကျဆင်းလာ

တဦးချင်း မော်တော်ယာဉ်တင်သွင်းခွင့် လျှောက်ထားမှုများကို ယနေ့မှစတင်၍ ပိတ်ပင်လိုက်ပြီဖြစ်သဖြင့် ကားဈေးနှုန်း ထိုးတက်လာပြီး ဒေါ်လာလဲနှုန်း ပေါက်ဈေးမှာ ၁ ဒေါ်လာလျှင် ၁၃၉၀ ကျပ်သို့ ပြန်လည်ကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

ရန်ကုန်တိုင်း ကားရောင်းဝယ်ရေးအသင်းဥက္ကဌ ဦးအောင်သန်းဝင်းက “တဦးချင်း ကားတင်သွင်းတဲ့ စလစ်တွေ ပိတ်လိုက်တာကြောင့် ဖရီးပါမစ်နဲ့သွင်းရတဲ့ ကားဈေးတွေ ထိုးတက်သွားတယ်။ စလစ်ကပ်ရမယ့် ကားတွေလည်း မဖြစ်မနေ စလစ်ကပ်ရမယ်ဆိုတော့ ပေါက်ဈေးထက် စလစ်ဈေးက မတန်တဆပေး ဝယ်ကပ်နေရတော့ ကားဈေးတွေ ထိုးတက်ကုန်တာ။ စလစ်တစောင်ကို  ကျပ်သိန်း ၃၀  လောက် တက်သွားတယ်” ဟု ပြောသည်။

ထိုသို့တဦးချင်း မော်တော်ယာဉ် တင်သွင်းခွင့် ပိတ်လိုက်ခြင်းကြောင့် ကားလောကအတွင်း ရိုက်ခတ်မှုများ ကြီးကြီးမားမား ဖြစ်ပေါ်လာပြီး ဖရီးပါမစ်စလစ်ဈေးနှုန်း အဆမတန် မြင့်တက်လာရာမှ ကားဈေးနှုန်းကိုပါ တွန်းတင်လိုက်သကဲ့သို့ ဖြစ်သွားကြောင်း ၎င်းက ရှင်းပြသည်။

တဦးချင်း ကားတင်သွင်းခွင့် ပိတ်မည့်ဆိုသည့်သတင်း ထွက်ပေါ်လာပြီးနောက် ၁ ဒေါ်လာလျှင် ၁၄၀၀ ကျော် အထိ စံချိန်တင် မြင့်တက်ခဲ့သော ဒေါ်လာဈေးနှုန်းသည် ဒီဇင်ဘာ ၁၉  ရက်တွင် ရုတ်တရက်ထိုးကျခဲ့ပြီး ပြင်ပဈေးကွက်၌ ၁ ဒေါ်လာလျှင် ၁၃၇၀ ကျပ်သို့ ရောက်ရှိခဲ့သည်။

အစိုးရသစ်လက်ထက်၌ ဒေါ်လာဈေးနှုန်း စံချိန်တင် မြင့်တက်ခြင်းအပေါ် ဝေဖန်မှုများ ရှိနေခြင်းကြောင့် ထိုကိစ္စအပေါ် ဖြေရှင်းနိုင်ရန် ဆောင်ရွက်ချက်တခုအဖြင့် အစိုးရက တဦးချင်းကားတင်သွင်းခွင့်ကို ပိတ်လိုက်ခြင်းဖြစ်ကြောင်း NLD ဗဟိုစီးပွားရေးကော်မတီအဖွဲ့ဝင် ဦးရဲမင်းဦးက ပြောသည်။

“ဒေါ်လာအသုံးတွေကို လျှော့ချတာကို ကာလတခုအထိ ထိန်းထားရမယ်။ မတ်လ အထိပေါ့။ လက်ကြီးသမား ဝယ်လက်တွေ အရောင်းအဝယ်သမားတွေ အားလုံးတန့်သွားပြီ။ ဒါက မြန်မာငွေတန်ဖိုးတက်လာလို့ ဒေါ်လာဈေးကျတာ မဟုတ်ဘူး။ မြန်မာငွေတန်ဖိုး တက်လာအောင် အစိုးရက လုပ်ရမယ်။ အခု လက်ကြီးသမားတွေက ကစားနေတာ။ ရေရှည်မှာ အကျိုးမရှိဘူး။ ဒီလိုကျနေတာကို သူတို့အချင်းချင်း ပြန်ဆွဲတင်လို့ရတယ်။ စောင့်ကြည့်ရမယ်” ဟု ဦးရဲမင်းဦးက ဆိုသည်။

ဒေါ်လာဈေး အဓိကမြင့်တက်လာရသည့် အကြောင်းအရင်းနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း ကားရောင်းဝယ်ရေးအသင်း ဥက္ကဌ ဦးအောင်သန်းဝင်းက “ အဓိက ကားတွေဝယ်တာလည်း ပါတယ်။ ကားသမားတွေက ၁ စီးကို ဒေါ်လာ ၅,၀၀၀ နှုန်း အနည်းဆုံးနဲ့ ဝယ်သွင်းရတယ်။  စလစ်တွေ ဝယ်ကပ်နေရတာ။ ကားသမားတွေ ဝယ်နေတဲ့ ပိုက်ဆံကြောင့် ဒေါ်လာဈေး တက်တာလည်း ပါတယ်။ တချို့ နိုင်ငံခြားဘဏ် အကောင့်ရှိတဲ့သူတွေလည်း ဒေါ်လာကို အရောင်းအဝယ် လုပ်နေကြတာလည်း ပါတယ်။ ဒါကြောင့် ဒေါ်လာအတက်အကျ ကြမ်းတာပါ” ဟု ပြောသည်။

ယနေ့တွင် ဖြစ်ပေါ်နေသည့် ဗဟိုဘဏ်က သတ်မှတ်သည့် ဒေါ်လာလဲလှယ်နှုန်း ပေါက်ဈေးသည် ၁ ဒေါ်လာလျှင် ၁၃၇၅ ကျပ်ရှိပြီး၊ ပြင်ပဈေးကွက်၌ ၁ ဒေါ်လာလျှင် ၁၃၉၀ ကျပ်၊ earning ဈေးကွက်တွင် ၁ ဒေါ်လာလျှင် ၁၄၀၀ ကျပ် ရှိနေကြောင်း သိရသည်။

“ဈေးကွက်ထုံးစံက တခုဆို အကုန်လိုက်ကျတယ်။ ဝယ်သူ မရှိဘူး။ ကားကလည်း အဝယ်တော်တော် ပျောက်သွားတယ်။ ဒီဇင်ဘာ ၁၉ ရက်ကဆို မနက်ပိုင်းမှာ ဒေါ်လာဈေးက ၁ ဒေါ်လာကို ၁၄၀၀ ကျပ်ကနေ ညနေပိုင်းလည်းရောက်ရော ၁၃၇၀ ကျပ်ကို ရုတ်တရက် ထိုးကျသွားတယ်” ဟု ပြင်ပငွေကြေးလဲလှယ်ရေးဈေးကွက် လုပ်ကိုင်သူတဦးက ပြောသည်။

Loading