သီလဝါအထူးစီးပွားရေးဇုန်၌ ပြည်ပရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ထားသည့်ပမာဏ အမေရိကန်ဒေါ်လာ သန်း ၉၀၀ ကျော် အထိ ရှိနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင် (MIC ) က ထုတ်ပြန်သည်။
“ဇုန်စတင်ဖွင့်ချိန်ကနေ ယခုချိန်ထိ ဝင်ရောက်ထားတဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်းပေါင်း ၉၀၃ သန်း ရှိတယ်” ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးကပြောသည်။
သီလဝါ အထူးစီးပွားရေးဇုန် စတင်လည်ပတ်သည့် ၂၀၁၄ – ၂၀၁၅ ခုနှစ်မှ ၂၀၁၆ -၂၀၁၇ ခုနှစ်အထိ လုပ်ငန်းပေါင်း ၇၅ ခု ကို ခွင့်ပြုခဲ့ပြီး၊ နိုင်ငံပေါင်း ၁၇ နိုင်ငံက ဝင်ရောက်ရင်းနှီးမြှုပ်နှံထားကြောင်းနှင့် စီးပွားဇုန်အတွင်း စက်ရုံပေါင်း ၁၉ ရုံ လည်ပတ်နေပြီဖြစ်ကြောင်း MIC မှ သိရသည်။
သီလဝါ အထူးစီးပွားရေးဇုန်၌ ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်ထားပြီး ဟောင်ကောင်၊ တရုတ်၊ ကိုးရီးယား၊ စင်္ကာပူနှင့် အမေရိကန်နိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
၂၀၁၆ -၂၀၁၇ ယခုဘဏ္ဍာနှစ်အတွင်း သီလဝါ အထူးစီးပွာရေးဇုန်သို့ ဝင်ရောက်လာသည့် ပြည်ပရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာသန်း ၁၉၀ ရှိကြောင်း ဦးအောင်နိုင်ဦးက ပြောသည်။
သီလဝါ စီးပွားရေးဇုန်တွင် ကဏ္ဍအလိုက် ခွင့်ပြုပေးထားသည့် ရင်းနှီးမြှုပ်နှံမှုများမှာ စက်မှုကဏ္ဍတွင် ၇၆ ဒသမ ၃၈ ရာခိုင်နှုန်း၊ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် ၇ ဒသမ ၇၂ ရာခိုင်နှုန်း၊ ဝန်ဆောင်မှု ကဏ္ဍတွင် ၇ ဒသမ ၄၄ ရာခိုင်နှုန်း၊ အိမ်ခြံမြေ ကဏ္ဍတွင် ၂ ဒသမ ၄၄ ရာခိုင်နှုန်း ၊ရောင်းဝယ်ရေး ကဏ္ဍတွင် ၆ ဒသမ ၀ ရာခိုင်နှုန်း ဝင်ရောက် မြှုပ်နှံထားကြောင်း MIC ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၁၆- ၂၀၁၇ ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၃,၄၆၀ ရှိပြီး၊ သီလဝါ အထူးစီးပွားရေးဇုန်၌ ယခုဘဏ္ဍာနှစ်အတွင်း ဝင်ရောက်ထားသည့် ပမာဏ အမေရိကန်ဒေါ်လာ ၁၉၀ ထည့်ပေါင်းပါက စုစုပေါင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၅ ဘီလီယံကို ခွင့်ပြုထားပြီးဖြစ်ကြောင်း ဦးအောင်နိုင်ဦးက ပြောသည်။
“မနှစ်က အနေအထားနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အလားတူကာလမှာ အမေရိကန် ဒေါ်လာ ၄ ဒသမ ၉၆ ဘီလီယံ ခွင့်ပြုနိုင်ခဲ့တဲ့အတွက် နှိုင်းယှဉ်မယ်ဆိုရင် ဒီဘဏ္ဍာနှစ်မှာ ရင်းနှီးမြှုပ်နှံမှုက အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ လျော့နည်းပါတယ်” ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။
သီလဝါ အထူးစီးပွားရေးဇုန်ကို ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၃၀ ရက်က မြန်မာအစိုးရနှင့် ဂျပန်အစိုးရတို့က နှစ်နိုင်ငံ ဖက်စပ် ပူးပေါင်း အကောင်အထည်ဖော်ခဲ့သည့် စီမံကိန်းတခုဖြစ်ပြီး မြန်မာဘက်မှ ၅၁ ရာခိုင်နှုန်း၊ ဂျပန် ဘက် မှ ၄၉ ရာခိုင်နှုန်း ထည့်ဝင်ခဲ့ခြင်း ဖြစ်သည်။
မြန်မာဘက်မှ ၅၁ ရာခိုင်နှုန်းတွင် မြန်မာသီလဝါ အထူးစီးပွားရေးဇုန် ဟိုးလ်ဒင်းကုမ္ပဏီက ၄၁ ရာခိုင်နှုန်းနှင့် သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီက ၁၀ ရာခိုင်နှုန်း ထည့်ဝင်ထားခြင်း ဖြစ်ကြောင်း သိရသည်။
ဂျပန်ဘက်ကမှ ၄၉ ရာခိုင်နှုန်းတွင် ဆူမီတိုမို၊ မစ်ဆူဘီရှီနှင့် မာရူဘီနီ ကုမ္ပဏီ ၃ ခု ပေါင်းဖွဲ့ထားသော MMS Thilawa Development Co.ltd မှ ၃၉ ရာခိုင်နှုန်းနှင့် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ JICA မှ ၁၀ ခိုင်နှုန်း ထည့်ဝင်ခဲ့သည်။