စတုတ္ထမြောက် အဓိကဆက်သွယ်ရေး ကုမ္ပဏီတခုသည် ယခုနှစ် မကုန်မီ မြန်မာမိုဘိုင်းဖုန်း ဈေးကွက်သို့ ဝင်ရောက် လာဖွယ် ရှိသည်။
၂၀၁၄ ခုနှစ်မှစ၍ မိုဘိုင်းဆက်သွယ်ရေး ကုမ္ပဏီ ၃ ခု ဖြစ်သည့် နော်ဝေမှ Telenor ၊ ကာတာမှ Ooredoo နှင့် တစိတ်တပိုင်းအားဖြင့် အစိုးရပိုင်ဖြစ်သည့် MPT တို့သည် မြန်မာနိုင်ငံမှ အသုံးပြုသူများကို တန်ဖိုနည်းဆင်းကဒ် ရောင်းချခွင့် ရရှိခဲ့ပြီး လုပ်ငန်း လည်ပတ်နေကြသည်။
ယခုအခါ စတုတ္ထမြောက် ဖုန်းကုမ္ပဏီ တခုသည် လုပ်ငန်းစတင်ရန် ပြင်ဆင်နေသည်။ ထိုအမည် မပေးရသေးသော ဆက်သွယ်ရေး ကုမ္ပဏီကို ဗီယက်နမ်နိုင်ငံ၏ Viettel နှင့် Myanmar National Telecom Holding Public Company ဟု ခေါ်သော ပြည်တွင်းကုမ္ပဏီ ၁၁ ခုတို့၏ လုပ်ငန်းစု အကြား ဖက်စပ် လုပ်ငန်းအဖြစ် ဆောင်ရွက်မည် ဖြစ်သည်။ ထိုကုမ္ပဏီ သစ်မှာလည်း အစိုးရထံမှ လိုင်စင် တပတ်အတွင်း ရပြီး လုပ်ငန်းများ အမြန်ဆုံး စတင်မည်ဟု မျှော်လင့်ရသည်။
“အစိုးရ ဝန်ကြီးဌာနက ဆက်သွယ်ရေး ကုမ္ပဏီသစ်အတွက် လိုင်စင်ချပေးဖို့ အတည်ပြုပြီး သွားပြီ” ဟု မြန်မာ့စာတိုက်နှင့် ဆက်သွယ်ရေးဌာန အမြဲတမ်းအတွင်းဝန် ဦးချစ်ဝေက ပြောသည်။ “အသေးစိတ်တွေ ထပ်ဆွေးနွေးဖို့တော့ လိုသေးတယ်။ ဒါပေမယ့် ဒီနှစ် မကုန်ခင် လိုင်စင်ချပေးဖြစ်မယ် ထင်တယ်” ဟု သူက ဆက်ပြောသည်။
Viettel သည် ထိုကုမ္ပဏီသစ်၏ ရှယ်ယာ ၄၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး မြန်မာက လုပ်ငန်း ၅၁ ရာခိုင်နှုန်းကို ပိုင်သည်။
“လိုင်စင် ချထားပေးမယ့် ရက်တော့ မသတ်မှတ်ရသေးပါဘူး” ဟုလည်း သူက ဆက်ပြောသည်။
ဆက်သွယ်ရေး ကုမ္ပဏီသစ် မြန်မာဈေးကွက်သို့ ဝင်မလာမီကပင် လက်ရှိ ဆက်သွယ်ရေး လုပ်ငန်းများသည် ၎င်းတို့၏ စီပွားရေး လုပ်ငန်း သေနင်္ဂဗျူဟာများကို အားဖြည့်ရန် ကြိုးစားနေကြသည်။ ထိုဆက်သွယ်ရေး ကုမ္ပဏီကြီး ၃ ခု အနက် MPT သည် ဈေးကွက်ဝေစုအရ ဦးဆောင်နေပြီး လူဦးရေ ၂၁ သန်းကို ဝန်ဆောင်မှု ပေးနေသည်။ Telenor မှာ အသုံးပြုသူ ၁၈ သန်းခန့် ရှိပြီး Ooredoo မှာ အသုံးပြုသူ ၁၀ သန်းကျော် ရှိသည်။ မြန်မာနိုင်ငံ၏ လူဦးရေမှာ ၅၃ သန်းရှိသည်။
ဆက်သွယ်ရေး ကုမ္ပဏီသစ်သည် မကြာမီ လုပ်ငန်းစတင်မည် ဖြစ်၍ MPT သည် ဈေးကွက်တွင် ပိုမိုပြင်းထန်စွာ ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည်။ MPT သည် ဝန်ဆောင်မှုနှင့် ကွန်ရက်ကို ချဲ့ထွင်နေသည် ဟု MPT ၏ စီးပွားရေး အရာရှိချုပ် Koichi Kawase က ဧရာဝတီသတင်းဌာနကို ပြောသည်။
“သုံးစွဲသူ အရေအတွက် အရ ကြည့်ရင် ဆက်သွယ်ရေး ကုမ္ပဏီ ၃ ခုရဲ့ ဖောက်သည်တွေဟာ လူဦးရေရဲ့ ရာနှုန်းပြည့် နီးပါး ဖြစ်နေပြီ။ ဒါကြောင့်လာမယ့်နှစ် မတ်လကုန်ကျရင် ကျနော်တို့ရဲ့ ကွန်ရက်ဧရိယာက လူဦးရေရဲ့ ၉၈ ရာခိုင်နှုန်းကို လွှမ်းခြုံနိုင်တော့မှာ” ဟု သူက ပြောသည်။
“စတုတ္ထမြောက် ဆက်သွယ်ရေးကုမ္ပဏီ ရောက်လာတာနဲ့ အတူ ကျနော်တို့ ကလည်း ခြေလှမ်းသစ် လှမ်းပြီ။ ဒါကြောင့် ကွန်ရက်ကို ချဲ့မယ်။ ဝန်ဆောင်မှု အရည်အသွေးကို အခုပိုပြီး အာရုံစိုက်မယ်” ဟုလည်း Koichi Kawase က ဆိုသည်။
MPT နှင့် ၎င်း၏ ဂျပန်စီးပွားဘက် KDDI တို့သည် လာမည့် ဆယ်နှစ် အတွင်း မြန်မာဈေးကွက်တွင် အမေရိကန်ဒေါ်လာ သန်း ၂ ထောင် ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသည် ဟု ထိုကုမ္ပဏီက ပြောသည်။ MPT သည် မြန်မာနိုင်ငံတွင် အကျယ်ပြန့် ဆုံးသော ဆက်သွယ်ရေး ကုမ္ပဏီဖြစ်ပြီး အခြေခံအဆောက်အအုံ ဖွံ့ဖြိုးမှု အခြားဆက်သွယ်ရေး ကုမ္ပဏီများကို ဦးဆောင်နေသည်။ ထပ်မံရင်းနှီးမြှုပ်နှံမှုများသည် ၎င်း၏ ဈေးကွက်ရှယ်ယာကို တောင့်တင်းစေရန် နည်းလမ်းအဖြစ် MPT က ရှုမြင်သည်။
“ဒီ အမေရိကန်ဒေါ်လာ သန်း ၂ ထောင် ရင်းနှီးမြှုပ်နှံမှုက အဆင့်လိုက် လုပ်သွားမှာပါ။ ပြီးတော့ ဈေးကွက်က တောင်းဆိုလာရင် ထပ်ပြီး မြှုပ်နှံဦးမှာပါ” ဟု Koichi Kawase က ပြောသည်။
ထိုဒေါ်လာ သန်း ၂ ထောင် ရင်းနှီးမြှုပ်နှံမှု၏ တစိတ်တပိုင်းကို တာဝါတိုင်များ တည်ဆောက်ရန်သုံးမည်ဟု MPT က ပြောသည်။ သို့သော် နိုင်ငံတဝှမ်းတွင် တာဝါတိုင် မည်မျှ တည်ဆောက်ထားသည်ကိုမူ ဖွင့်ဟပြောကြားခြင်း မရှိပေ။
အလားတူပင် ကာတာပိုင် Ooredoo ကလည်း ၎င်း၏ ဆက်သွယ်ရေး ကွန်ရက်ကို ချဲ့ထွင်နေပြီး တနိုင်ငံလုံးတွင် 4G ကွန်ရက်ကို တိုးချဲ့နေသည်။
နော်ဝေမှ တယ်လီနောကလည်း ဆက်သွယ်ရေး ကွန်ရက်ကို တိုးချဲ့နေသည်။ ၎င်းတို့၏ ကုမ္ပဏီသည် သုံးစွဲသူ ၁၈ သန်းကို အသံနှင့် ဒေတာ (အချက်အလက်) ဝန်ဆောင်မှု ပေးနေသည်ဟု တယ်လီနော၏ အမှုဆောင်အရာရှိချုပ် Lars Erik Tellman က ဧရာဝတီသို့ လွန်ခဲ့သော အပတ်က ပြောသည်။ Telenor သုံးစွဲသူများ၏ ၆၄ ရာခိုင်နှုန်းမှာ လက်ရှိ ဒေတာသုံးစွဲနေသူများ ဖြစ်သည်ဟု ဆိုသည်။
“ဈေးကွက်ထဲကို ဘယ်လို ယှဉ်ပြိုင်မှုမျိုးပဲ ဝင်ရောက် လာလာ ပိုမိုကောင်းမွန်လာဖို့ ဖြစ်တယ်လို့ မြင်ပါတယ်။ ယှဉ်ပြိုင်မှု တွေကနေ ဆန်းသစ်တီထွင်မှုနဲ့ စိတ်ကူးသစ်တွေ ရလာစေပြီး ကျနော်တို့ကို ပိုမိုကောင်းမွန်လာစေမှာ ဖြစ်တယ်”
Telenor သည် လွန်ခဲ့သည့် ၂ နှစ် အတွင်း မြန်မာနိုင်ငံတွင် ဒေါ်လာသန်း ၁၅၀၀ မြှုပ်နှံခဲ့ပြီး ဖြစ်ကာ ဈေးကွက်လိုအပ်ချက် အပေါ် မူတည်ပြီး ထပ်မံရင်းနှီးမြှုပ်နှံမည်ဟု Tellman က ပြောသည်။