တန်ဖိုးသင့်လူသုံးကုန် ပစ္စည်းတွေနဲ့ အိမ်အသုံးအဆောင် ပစ္စည်းတွေကို လက်လီလက်ကား ရောင်းချနေတဲ့ “၅၀၀၀ ကျပ်” ဆိုင်တွေကို ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်း အစိုးရတာဝန်ရှိသူတွေက စစ်ဆေးမှုတွေ ဆက်တိုက်ဆောင်ရွက် နေပါတယ်။
ဒီလို “၅၀၀၀ ကျပ်” ဆိုင်လို့လူသိများတဲ့ ဆိုင်တော်တော်များများကို မြန်မာနိုင်ငံရဲ့ အစည်ကားဆုံးမြို့ကြီး ၂ မြို့ဖြစ်တဲ့ ရန်ကုန်နဲ့ မန္တလေးမြို့အပြင် တခြားပြည်နယ်တွေမှာလည်း ဖွင့်လှစ်ရောင်းချနေပါတယ်။ ကုန်ပစ္စည်းအမျိုးမျိုးကို စားသုံးသူတွေ တတ်နိုင်လောက်တဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချနေတာကြောင့် လူကြိုက်များပါတယ်။
ရန်ကုန်မြို့မှာရှိတဲ့ ဒီ ၅၀၀၀ ကျပ် ဆိုင်တွေနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပန်းဘဲတန်းမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက အောက်တိုဘာလတုန်းက မေးခွန်းတခု မေးခဲ့ပါတယ်။
အဲဒီလုပ်ငန်းတွေမှာ မြန်မာနိုင်ငံသား မဟုတ်တဲ့ တရုတ်နိုင်ငံသားတွေက တွင်တွင်ကျယ်ကျယ် ဖွင့်လှစ်လုပ်ကိုင် ရောင်းချနေတာတွေဟာ ဥပဒေနှင့် ညီညွတ်မှုရှိမရှိကို စစ်ဆေးပေးဖို့ ဦးသိန်းနိုင်ဦးက ရန်ကုန်တိုင်းဒေသကြီး အစိုးရကို မေးမြန်းခဲ့တာပါ။
ဒီလုပ်ငန်းတွေက နိုင်ငံခြားသားတွေ လုပ်ပိုင်ခွင့်ရှိတဲ့ လုပ်ငန်းအမျိုးအစား ဟုတ်မဟုတ်၊ ဥပဒေနဲ့ ညီမညီ စစ်ဆေးဖို့အတွက် ဒေသအာဏာပိုင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ကို ရန်ကုန်တိုင်းလွှတ်တော်က ဖွဲ့ပေးခဲ့ပါတယ်။
ဒီဇင်ဘာလလယ်ပိုင်းက လူဝင်မှုကြီးကြပ်ရေး၊ ရဲတပ်ဖွဲ့နဲ့ အစိုးရဌာနတာဝန်ရှိသူတွေက မန္တလေးတိုင်းထဲက ၅၀၀၀ ကျပ် ဆိုင်တွေကို စတင်စစ်ဆေးမှု ပြုလုပ်ခဲ့ကြပါတယ်။
ဒီလိုစစ်ဆေးမှုတွေ ပြုလုပ်နေပေမယ့် အရေးယူဆောင်ရွက်မှာ မဟုတ်ပါဘူးလို့ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ဧရာဝတီကို ပြောပါတယ်။ “ဒါက ပညာပေးကာလလို့ သတ်မှတ်ထားလို့ပါ” လို့ သူက ဆိုပါတယ်။
အောက်တိုဘာလက အတည်ပြု ပြဋ္ဌာန်းလိုက်တဲ့ ၂၀၁၆ ခုနှစ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် ကန့်သတ်မှုအချို့ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားတာ တွေ့ရပါတယ်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ရဲ့လက်ရှိလုပ်ထုံးလုပ်နည်းတွေကလည်း နယ်ပယ်ကျယ်ပြန့်လှပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု သို့မဟုတ် အကျိုးတူဖက်စပ် လုပ်ငန်းများအတွက် လုပ်ကိုင်နိုင်တဲ့ စီးပွားရေးလုပ်ငန်း ပုံစံတွေကို အသေးစိတ်ဖော်ပြပေးမယ့် ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေက လာမယ့် ၂၀၁၇ ခုနှစ် အစောပိုင်းလောက်မှာ တင်သွင်းနိုင်ပြီး၊ ပြည်တွင်းက အသေးစားအလတ်စား စီးပွားရေး လုပ်ငန်းတွေကို အတိအလင်း ကာကွယ်ပေးမယ့် နည်းလမ်း ဒါမှမဟုတ် ကန့်သတ်မှုတွေလည်း ပါလာနိုင်ပါတယ်။
လက်ရှိအချိန်မှာ လက်လီလက်ကား အရောင်းလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိရန် ဌာနအသီးသီးက ခွင့်ပြုချက်တွေ ယူရဖို့လိုအပ်ပြီး၊ အဲဒီလိုင်စင်တွေကို မိမိနိုင်ငံသားတွေကိုပဲ ထုတ်ပေးတယ်လို့ DICA ရဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးစန်းမြင့်က ပြောပါတယ်။
ရန်ကုန်မြို့မှာ လက်လီအရောင်းလုပ်ငန်းအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရဲ့ လုပ်ငန်းလိုင်စင် ရယူရပါတယ်။
လက်ရှိအချိန်မှာ ၅၀၀၀ ကျပ် ဆိုင်တွေကို စစ်ဆေးနေရာမှာ လုပ်ငန်းလိုင်စင်မှာ ဖော်ပြထားတဲ့ မြန်မာနိုင်ငံသားတွေက အဲဒီဆိုင်တွေကို အမှန်တကယ် ပိုင်ဆိုင်ခြင်း ရှိမရှိနဲ့ ဆိုင်တွေမှာထိုင်နေကြတဲ့ တရုတ်နိုင်ငံသားတွေဟာ တရားဝင်ဗီဇာ စည်းကမ်းနဲ့အညီ လုပ်ကိုင်နေခြင်း ဟုတ်မဟုတ်ကို အဓိကထား စစ်ဆေးနေတာပဲ ဖြစ်ပါတယ်။
ပန်းဘဲတန်းမြို့နယ် အတွင်းမှာရှိတဲ့ ၅၀၀၀ ကျပ်ဆိုင် အနည်းငယ်သို့ ကနဦး သွားရောက်စစ်ဆေးတဲ့ အခါမှာ လူမှုရေးဗီဇာတွေနဲ့ လာရောက်နေထိုင်ကြသူတွေ ဆိုတာကို တွေ့ရှိရပြီးတော့၊ ဗီဇာစည်းကမ်းတွေနဲ့ ကိုက်ညီမှု မရှိတာကို တွေ့ခဲ့ရတယ်လို့ စစ်ဆေးရေးအဖွဲ့မှာ ပါဝင်တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောပါတယ်။
NLD ပါတီ ကျောက်တံတားမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်ရဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက အလားတူ ဖြစ်ရပ်မျိုးကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့တွင်းက စမ်းချောင်းမြို့နယ်နဲ့ လသာမြို့နယ် အတွင်းက ၅၀၀၀ တန် ဆိုင်မှာ အလုပ်လုပ်နေကြတဲ့ မန်နေဂျာ၊ ဝန်ထမ်း (တရုတ်နိုင်ငံသားများ) တွေကို ဧရာဝတီက သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပေမယ့် ဝန်ထမ်းအများစုက မှတ်ချက်ပေးဖို့ ငြင်းဆိုကြပါတယ်။
သူတို့တွေဟာ မြန်မာစကား သို့မဟုတ် အင်္ဂလိပ်စကား နှစ်မျိုးလုံး မပြောဆိုနိုင်ကြတာကြောင့် အင်တာဗျူးလုပ်ရာမှာ ဘာသာစကား အခက်အခဲ ဖြစ်ခဲ့ရပါတယ်။ တရုတ်အမျိုးသမီး ဝန်ထမ်းတဦးက လက်ရှိဆိုင်မှာ လုပ်နေတာ ၄ လလောက် ရှိနေပြီဖြစ်ကြောင်းနဲ့ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ အလည်အပတ် ဗီဇာနဲ့လာလုပ်တဲ့ အကြောင်းကို စကားပြန်က ကူညီပေးလို့ သိရှိခဲ့ရပါတယ်။
ရန်ကုန်တိုင်းလွှတ်တော်က ဖွဲ့စည်းပေးခဲ့တဲ့ စစ်ဆေးရေး ကော်မတီက ၅၀၀၀ ဆိုင်တွေနဲ့ပတ်သတ်တဲ့ အစီရင်ခံစာကို လာမည့်နှစ်အစောပိုင်းမှာ လွှတ်တော်ကို တင်ပြသွားမယ်လို့ ဦးသန်းနိုင်ဦးက ဆိုပါတယ်။