ဘီလီယံနှင့် ချီနေသည့် ကုန်သွယ်ရေး လိုငွေပြမှုကို ဖြေရှင်းရန် ပြည်ပမှ ဇိမ်ခံပစ္စည်းများ တင်သွင်းမှုအား ကန့်သတ်ထိန်းချုပ်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စီစဉ်နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
အလှကုန်ကဲ့သို့ ဇိမ်ခံပစ္စည်းများ တင်သွင်းမှု လျှော့ချမည် ဖြစ်ပြီး လေဆိပ်များရှိ Duty Free ဆိုင်များတွင် ရောင်းချနေသည့် အရက်၊ စီးကရက်များကိုလည်း အခွန် စနစ်တကျ ပြန်လည် ကောက်ခံရန် စီစဉ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှာ ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်လွင်က ဧရာဝတီသို့ ပြောသည်။
“Duty Free Shop ဆိုင်အားလုံးကို သူတို့လိုချင်တိုင်း လျှောက်ခွင့်ပေးနေမယ်ဆိုရင် ကုန်သွယ်မှုလိုငွေ ဖြစ်လာမယ်။ နောက် တခုကလည်း သိန်းနဲ့ချီပြီး ပေးရတဲ့ အလှကုန်ပစ္စည်းတွေ ရှိတယ်။ မသွင်းရဘူးလို့ လုံးဝ ကန့်သတ်မှာတော့ မဟုတ်ပါဘူး။ ထိန်းချုပ်မယ်ဆိုတာက လျှော့ချပစ်ဖို့ပါ” ဟု ဦးခင်မောင်လွင်က ပြောသည်။
၄င်းကဆက်၍ “ရည်ရွယ်ချက်ကတော့ ကုန်သွယ်မှု လိုငွေ လျှော့ချပစ်ဖို့ပါ။ နိုင်ငံကလည်း ကုန်သွယ်မှု လိုငွေက ဖြစ်လာတာ ကြာပါပြီ။ ပြီးခဲ့တဲ့ နှစ်ကဆိုရင်လည်း ကုန်သွယ်မှု လိုငွေ ဖြစ်တယ်။ ဒီနှစ်လည်း ကုန်သွယ်မှု လိုငွေ ဖြစ်နေတယ်။ မနှစ်ကနဲ့စာရင် နည်းတာပဲ ရှိပါတယ်။ လိုငွေက နှစ်စဉ် ဘီလီယံနဲ့ ချီပြီး ရှိနေတာပါ” ဟု ပြောသည်။
ကုန်သွယ်မှု လိုငွေကို လျှော့ချနိုင်ရန် မလိုအပ်သည့် ပစ္စည်းများကို မတင်သွင်းမိရန် လိုကြောင်း၊ တင်သွင်းမှုတချို့ကို ထိန်းချုပ်နိုင်မည် ဆိုပါက ကုန်သွယ်မှု လိုငွေအတွက် အချိန်မီ ဆောင်ရွက်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြောသည်။
တိုင်းပြည်တွင် နိုင်ငံခြားသို့ တင်ပို့နိုင်သည့် အရည်အသွေးမြင့် ထုတ်ကုန်ပစ္စည်း မရှိသည့်အခါ ပြည်ပ ပို့ကုန် အားနည်း၍ ပြည်တွင်းသို့ သွင်းကုန် အရမ်းများလာသဖြင့် ယခုကဲ့သို့ ပြဿနာ ဖြစ်ရခြင်း ဖြစ်ပြီး ယခုကဲ့သို့ ထိန်းချုပ်ရန် ကြိုးစားခြင်းကို ကြိုဆိုကြောင်း ပါရမီ အုပ်စု ကုမ္ပဏီ အကြံပေး ဦးတင်ချိုက ဧရာဝတီသို့ ပြောသည်။
“အရေးပါတဲ့ ပစ္စည်းတွေ ဝယ်ဖို့ လှဖို့ပဖို့ ပစ္စည်းတွေမှာ ပိုက်ဆံ မသုံးချင်တဲ့ သဘောပါပဲ။ ဘယ်လောက်အထိ ထိန်းချုပ်နိုင်မလဲ။ ဘယ်လို နည်းလမ်းတွေနဲ့ ထိန်းချုပ်မလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီး အောင်မြင်မလား၊ မအောင်မြင်ဘူးလား ဆိုတာ အဲဒီရလဒ် အပေါ်မှာ တည်တယ်” ဟု ဦးတင်ချိုက ပြောသည်။
၄င်းက ဆက်၍ “နည်းကောင်း စနစ်ကောင်းတွေနဲ့ ထိန်းချုပ်ဖို့ လိုတယ်။ ထိန်းချုပ်ဖို့ လိုနေတာတော့ အမှန်ပဲ။ မဟုတ်ရင် တနေ့နေ့ တချိန်ချိန်မှာ ဒုက္ခရောက်မယ်။ ၂၀၁၇ ဖေဖော်ဝါရီနဲ့ မတ်လောက်တောင် ခံမှာမဟုတ်ဘူး။ ဒီပုံစံအတိုင်း သွားနေရင်။ ဒီအတိုင်း ထိုင်ကြည့်နေတာထက် တခုခုလုပ်ဖို့ ကြိုးစားတာကို ဝမ်းသာတယ်” ဟု ပြောသည်။
သို့သော် ဝယ်လိုအားနှင့် ရောင်းလိုအားအရ ဖြစ်ပေါ်နေသည့် ဖြစ်စဉ်တခုကို သွား၍ ပိတ်ပင်သည့် အခါမျိုးတွင် ဈေးအလွန် ကြီးမြင့်ပြီး ခုတ်ရာတခြား ရှရာတခြား ဖြစ်မည်ကို စိုးရိမ်ကြောင်း၊ လိုငွေကို အစိုးရက ငွေရင်း စိုက်ထုတ်သုံးစွဲနေ၍ မြန်မာ ကျပ်ငွေ တန်ဖိုးမှာလည်း ကျဆင်းလာကြောင်း ဦးတင်ချိုက ပြောသည်။
“မလိုတဲ့ပစ္စည်းတွေ အလျှံပယ် တင်သွင်းနေတာကို မထိန်းချုပ်နိုင်ရင် အဲဒီလို ကိစ္စတွေမှာ ကျနော်တို့ ဒေါ်လာတွေ စီးမျောပြီးတော့ ပါသွားတာပေါ့။ အဲဒီထက် အရေးကြီးတာက ကုန်ကြမ်းတွေ၊ ဆေးဝါးတွေကို နိုင်ငံခြားကနေ ဝယ်ရတယ်။ အဲဒါတွေ ဝယ်ဖို့ ဒေါ်လာပြတ်သွားရင် ကျနော်တို့ ဒုက္ခရောက်မယ်” ဟု ဦးတင်ချိုက ပြောသည်။
ကုန်သွယ်ရေး လိုငွေမှာ နှစ်စဉ် မြင့်တက်လျက်ရှိပြီး ယခုနှစ်တွင်လည်း လိုငွေပြနေသဖြင့် အချိန်မီ ထိန်းချုပ်နိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက နည်းလမ်းရှာနေခြင်း ဖြစ်သည်ဟု သိရသည်။