၂၀၁၆ မြန်မာ့စီးပွားရေးကို နောက်ပြန်ကြည့်မိရင် ဒေါ်လာငွေကြေး ရောင်းဝယ်ရေးမှာ မြန်မာကျပ်ငွေတန်ဘိုး အလျင်အမြန် ကျဆင်းနေမှုက အရိပ်မိုးနေပြီး ၂၀၁၇ စီးပွားရေးမှာလည်း ဒီပြဿနာ ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ မေးခွန်းက ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။
ပြည်ပမှာ နိုင်ငံခြားငွေ ဘဏ်စာရင်းဖွင့်လှစ်ခြင်းကို ဥပဒေနဲ့ အညီဆောင်ရွက် သွားမှာ ဖြစ်ပြီး လိုက်နာဖို့ ပျက်ကွက်တဲ့သူတွေကို နိုင်ငံခြားငွေစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ(၃၈) ၊ ပုဒ်မ(၄၂) တို့အရ အရေးယူသွားမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့တဲ့ နောက်ပိုင်းမှာတော့ တဒေါ်လာကို ၁၄၇၀ ကျပ်အထိ ရောက်သွားတဲ့ ဒေါ်လာဈေးဟာ ၁၄၀၀ ကျပ်လောက်မှာ ပြန်ငြိမ်သွားတာ တွေ့ရပါတယ်။
မြန်မာပြည်ရဲ့ တရားဝင်ဈေးကွက်မှာ ဒေါ်လာလှည့် ပတ်စီးဆင်းနေတဲ့ ပုံစံက ဗဟိုဘဏ်ကနေ ပုဂ္ဂလိက ဘဏ်တွေကို နေ့စဉ်လေလံပစ်ပေးပြီး ဘဏ်တွေအနေနဲ့ အပေါင်း ၀ ဒဿမ ၈ ရာနှုန်း၊ အနုတ် ၀ ဒဿမ ၈ ရာနှုန်း ကြားမှာ ကစားလို့ရတဲ့ နှုန်းထား တခုနဲ့ ပြန်ရောင်းပေးရတဲ့ တဲ့ပုံစံဖြစ်ပါတယ်။ ဒါပေမယ့် ဘဏ်တွေက ပြင်ပနဲ့ ဈေးကွက်ချင်း ယှဉ်လို့မရဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ ထုတ်မရောင်းကြပါဘူး။ ဒါကြောင့်လည်း ဗဟို ဘဏ်က ထုတ်ရောင်းပေးသမျှ လူတွေလက်ထဲ မရောက်တော့ပါဘူး။
လိုတဲ့သူက ပြင်ပဈေးကွက်ကိုပဲ အားကိုးရတဲ့အတွက် ပြင်ပဈေးကွက်က သိသိသာသာ အားကောင်းနေတာက အမှန်တရားပါ။ ဒါ့ကြောင့် ငွေကြေးလဲလှယ်နှုန်းကို တကယ်သတ်မှတ်နေတာ ဗဟိုဘဏ်မဟုတ်ဘဲ ပြင်ပဈေးကွက် ဖြစ်ပါတယ်။ ဒါဟာ ပြင်ပဈေးကွက်မှာ မမြင်နိုင်တဲ့လက်တွေကသာ အမှန်တရားဆိုတဲ့ အဒမ်စမစ်ရဲ့ အယူအဆကို ယုံကြည်အကောင်အထည်ဖော်နေတာလား။ ဈေးကွက်သည်သာ အစစ အခရာလား။ မက်ခရိုစီးပွားရေးမှာ ဗဟိုဘဏ်ရဲ့ အခန်းကဏ္ဍ ဘာမှ မလိုတော့ဘူးလား။
ဗဟိုဘဏ်က ငွေကြေးလဲလှယ်ရေး ဈေးကွက်ကို လိုအပ်တဲ့ ကြားဝင်စွက်ဖက်တာ လုပ်သင့်တယ်လို့ ဒေါက်တာအောင်ကိုကို (စီးပွားရေးပေါ်လစီ) က မှတ်ချက်ပေးခဲ့ပါတယ်။
“ဗဟိုဘဏ်က နေ့စဉ် Option လုပ်ပေးနေပေမယ့် ဒီဘဏ်တွေက ပြင်ပကို ထုတ်ရောင်းတဲ့ ပမာဏ တော်တော်ကို နည်းပါတယ်။ Option လုပ်တယ်ဆိုတာက ဈေးကွက်ထဲကို ပြန်ရောင်းပေးဖို့ လုပ်တာပါ။ ပြန်မရောင်းပေးဘူးဆိုရင် ဘာအဓိပ္ပါယ် ရှိတော့မှာလဲ၊ ဘဏ်တွေအတွက် လုပ်ပေးသလိုပဲ ဖြစ်သွားလိမ့်မယ်” လို့ ဒေါက်တာ အောင်ကိုကို (စီးပွားရေး ပေါ်လစီ) က ဆိုပါတယ်။
ဒါ့ကြောင့် ဗဟိုဘဏ်ရဲ့ သတ်မှတ်နှုန်းနဲ့ ပြင်ပဈေးကွက် ပေါက်ဈေးကြား ကွာဟမှုနည်းအောင် လုပ်ရမှာ ပထမဦးစားပေး ဖြစ်လာစေပါတယ်။ ဗဟိုဘဏ်အနေနဲ့ ငွေကြေးလဲလှယ်ရေး ပြင်ပဈေးကွက်ရဲ့ စိန်ခေါ်မှုကို တောင့်ခံဖို့ နိုင်ငံခြားအရံငွေ ထပ်မံဖြည့်တင်း ဝင်ရောက်လာနိုင်ရေး ရေရှည်အစီအမံတွေ ခိုင်ခိုင်မာမာ စတင်နိုင်ရေး အစိုးရကို ဖိအားပေးဖို့ လိုပါတယ်။
မြင့်မားနေဆဲ ကုန်သွယ်မှုလိုငွေ
သွင်းကုန်အစားထိုး ကုန်ထုတ်ပစ္စည်း ထုတ်လုပ်နိုင်စွမ်း မရှိတာကြောင့် ဈေးကွက်အတွင်း ဒေါ်လာဝယ်လိုအား မြှင့်တက်နေတာကိုလည်း အရေးတယူ စဉ်းစားဆောင်ရွက်ချိန် တန်ပါပြီ။ ကုန်သွယ်မှုလိုငွေတွေ ဆက်တိုက်ပြနေတာဟာ ဒေါ်လာဈေး တက်ရတဲ့ အဓိက အကြောင်းရင်း ဖြစ်ပါတယ်။
ပြည်ပ ကုန်သွယ်မှုမှာ လက်ရှိဘဏ္ဍာနှစ်ရဲ့ ကုန်သွယ်မှု ပမာဏ ၁၈ ဘီလျံ ရှိနေပြီး ကုန်သွယ်မှု လိုငွေ အမေ ရိကန်ဒေါ်လာ ၃ ဒဿမ ၂ ဘီလျံ ကျော်ရှိနေတယ်လို့ သိရပါတယ်။ ရသုံးမှန်းချေမှာ ဘဏ္ဍာနှစ်ကုန်အထိ ကုန်သွယ်မှု လိုငွေကို ၃ ဒဿမ ၁ ဘီလျံမှန်းထားတဲ့အတွက် ခန့်မှန်းထားတာထက် ပိုမြင့်တက်နေပါတယ်။
ဗဟို စာရင်းအင်းအဖွဲ့က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေ အရဆိုရင်တော့ ယခင် အစိုးရလက်ထက် ၂၀၁၂ – ၁၃ ဘဏ္ဍာ နှစ်ကနေ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အထိ စုစုပေါင်း ကုန်သွယ်မှုလိုငွေ ၁၃ ဘီလျံကျော် ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ ဒီဇင်ဘာလ ၇ရက်နေ့က ထုတ်ပြန်ချက်အရ နိုင်ငံခြား အရံငွေကြေး အမေရိကန် ဒေါ်လာ ၁၀ ဒဿမ ၀၃ ဘီလျံ ရှိနေပါတယ်။ဒီအထဲမှာ ဗဟို ဘဏ်မှာ လက်ဝယ် ရှိ တဲ့ ပမာဏဟာ ၅ ဒဿမ ၄၉ ဘီလျံဖြစ်ပြီး Private sector လက်ထဲမှာ ရှိနေတဲ့ ပမာဏက ၄ ဒဿမ ၅၄ ဘီလျံဖြစ်ပါတယ်။ တနည်းအားဖြင့် ဒီပမာဏဟာ နိုင်ငံပိုင်ဘဏ်တွေနဲ့ ပုဂ္ဂလိက ပိုင်ဘဏ်တွေမှာ ရှိတဲ့ ပမာဏဖြစ်ပါတယ်။
ဗဟိုဘဏ်မှာ ရှိတဲ့ reserve money ပမာဏဟာ အနည်းဆုံးသွင်းကုန်ရဲ့ သုံးလစာရှိရမယ်ဆိုတဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ IMF ရဲ့ ပြဌာန်းချက်က ထည့်စဉ်းစားစရာပါ။ လက်ရှိကုန်သွယ်မှုကို လေ့လာကြည့်ရင် ကုန်သွယ်မှု ပမာဏ ၁၈ ဘီလျံမှာ ပို့ကုန်ပမာဏ ၇ ဒဿမ ၇ ဘီလျံဖြစ်ပြီး သွင်းကုန်က ၁၀ ဒသမ ၀၉ ဘီလျံ ဖြစ်နေပါတယ်။
တလကို တစ်ဘီလျံ နီးပါးတင်သွင်းနေရတဲ့အတွက် လက်ရှိ အရံငွေကြေးဟာ လုံလောက်တဲ့ ငွေကြေးလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ဈေးကစားမှုတွေ ဖြစ်လာရင်တော့ ဗဟိုဘဏ်အနေနဲ့ ကိုင်တွယ် ဖြေရှင်းနိုင်မယ့် အနေအထားတော့ ရှိပါ့မလား ဆိုတာတော့ ပြောဖို့ခက်နေပါတယ်။
မြင့်မားနေတဲ့ ဘတ်ဂျက်လိုငွေ
ဒီကျပ်ငွေတန်ဖိုး ကျဆင်းရခြင်း အကြောင်းများစွာထဲမှာ အစိုးရရဲ့ ဘတ်ဂျတ်လိုငွေ ပြနေတာလည်း ထည့်စဉ်းစားရပါမယ်။ ဗဟိုဘဏ်မှာ ငွေမရှိရတဲ့ကြားထဲ အစိုးရကလည်း ငွေလိုနေတာက နာတာရှည်ဖြစ်နေပါပြီ။
ကောင်းသတင်းက အရင် ပိတ်ဆို့ခံစီးပွားရေးတုန်းက အစိုးရ လိုငွေကို ဗဟိုဘဏ်က ရိုက်ထုတ်ပေးစရာ မလိုဘဲ နိုင်ငံတကာက ချေးယူနိုင်ပါပြီ။ ဒါပေမယ့် ချေးငွေများလာပြီး ပြန်ဆပ်နိုင်ရေးကလည်း ရေရှည်လုပ်ငန်းစဉ် ဖြစ်လာနေပါတယ်။
၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရဲ့ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းမှာ အစိုးရ အဖွဲ့က ကျပ် ၁၃၅၄ ဒဿမ ၆၁၄ ဘီလျံ တင်ပြ တောင်းခံခဲ့တာကို ပြည်ထောင်စုလွှတ်တော်က ကျပ် ၇၀ ဒဿမ ၄၄၅ ဘီလျံ သာ လျှော့ချပြီး အတည်ပြုခဲ့ပါတယ်။
ဝန်ကြီးဌာနတွေရဲ့ ရံပုံငွေ တင်ပြတောင်းခံမှု အချို့ဟာ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းဘောင်တွေကို ကျော်လွန်နေတာ စိစစ်တွေ့ရှိရတဲ့အကြောင်း ပြည်သူ့ လွှတ်တော် အရအသုံးငွေများ စိစစ်ရေးပူးပေါင်းအဖွဲ့ဝင် ဦးစိုးအောင်နိုင်က ပြောပါတယ်။
တက်လာတဲ့ အစိုးရအဆက်ဆက် ဘတ်ဂျက်လိုငွေ ဆက်တိုက်ပြနေတဲ့အတွက် မြန်မာနိုင်ငံဟာ ပြည်ပကြွေးမြီမြင့်မားနေတဲ့ နိုင်ငံလို့ပြောရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန်လက်ထက်မှာလည်း ငါးနှစ်အတွင်း ဘတ်ဂျက်လိုငွေ ကျပ်ဘီလျံ ၁၁၀၀၀ (သောင်းတစ်ထောင်) ဝန်းကျင် ရှိခဲ့ပါတယ်။ လက်ရှိ အစိုးရလက်ထက်မှာတော့ ဘဏ္ဍာနှစ် တနှစ်ထဲမှာ ဘတ်ဂျက်လိုငွေ ကျပ်ဘီလျံ ၄၀၀၀ ကျော်ရှိနေပါတယ်။
“ ဝန်ကြီးဌာနတွေ လျှော့လိုက်တာကတော့ ဘဏ္ဍာရေးလိုငွေကို လျှော့ချဖို့ပါ။ အရင်က ၃၆ ခုရှိတာကနေ အခု ၂၂ ခုပဲ ရှိပါတယ်။ ဒီလို ဝန်ကြီးဌာန အရေအတွက် လျော့သွားတယ်ဆိုတာ Decision Maker အရေ အတွက်ပဲ လျော့သွားတာ။ ဝန်ထမ်းဦးရေကျတော့ မလျော့ဘူးဖြစ်နေတယ်။ ဘတ်ဂျက်လိုငွေပြတဲ့အထဲမှာ အဲဒီအချက် လည်း ပါပါတယ်” လို့ ဒေါက်တာအောင်ကိုကိုက ပြောပါတယ်။
၂၀၁၆ ခုနှစ် စက်တင်လာလ ၃၀ ရက်နေ့အထိ ချေးယူထားတဲ့ ပြည်ပကြွေးမြီငွေပမာဏကတော့ အမေရိကန် ဒေါ်လာ ၉ ဒဿမ ၅၃၄ ဘီလျံ ရှိတဲ့အကြောင်း စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောထားပါတယ်။
သမ္မတ ဦးသိန်းစိန်လက်ထက် (၂၀၁၁-၂၀၁၂ မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်) မှာ ချေးယူခဲ့ ငွေက ၁ ဒဿမ ၉၇၈ ဘီလျံဖြစ်ပြီးတော့ လက်ရှိအစိုးရလက်ထက်မှာ ချေးယူထားတဲ့ငွေကအမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်၊ ယူရို ၂၅ သန်းနဲ့ ဂျပန်ယန်း ၁၂၅ ဘီလျံဖြစ်တယ်လို့ သိရပါတယ်။
ထင်သလောက်ဝင်မလာတဲ့ ရင်းနှီးမြုပ်နှံမှု
ပိတ်ဆို့ထားတာ ပွင့်သွားလို့ ကောင်းတာက ချေးယူနိုင်မှုအပြင် ဝင်လာမယ့် ရင်းနှီးမြှုပ်နှံမှုပါ။
ဒါပေမယ့် လက်ရှိဘဏ္ဍာနှစ်မှာ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြုပ်နှံမှု ( FDI) တွေ ယခင်နှစ်ကထက် အဝင်နည်းနေပါတယ်။ ပြီးခဲ့တဲ့ နှစ်မှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ၈ ဘီလျံ ဝင်ရောက်ခဲ့ပေမဲ့ လက်ရှိဘဏ္ဍာနှစ် ကုန်ဆုံးဖို့ လေးလအလိုမှာ ရင်းနှီးမြုပ်နှံမှု ပမာဏက ၃ ဒဿမ ၂ ဘီလျံကျော်သာ ဝင်ရောက်ခဲ့ပါသေးတယ်။
လုပ်ငန်းထူထောင်ရာမှာ အဓိကကုန်ကျစရိတ်ဖြစ်တဲ့ မြေဈေးတွေကို ချမပေးနိုင်တာ၊ နိုင်ငံရဲ့စာရင်း ဇယား အချက်အလက်တွေကို ခိုင်ခိုင်မာမာ ထုတ်ပြန်ပေးနိုင်ခြင်းမရှိတာ၊ငွေကြေးဖောင်းပွမှု မြင့်တက်နေတာနဲ့ မြန်မာ့ရင်းနှီးမြုပ်နှံမှု နည်းဥပဒေ မထွက်နိုင်သေးတာဟာ ရင်းနှီးမြုပ်နှံမှု ကျဆင်းနေရခြင်းရဲ့အဓိက အကြောင်း ရင်းတွေဖြစ်တယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ပါတယ်။
ခရိုနီစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပတ်သက်ရင်တော့ လွတ်လပ်စွာ ယှဉ်ပြိုင်နိုင်မှု( Fair competition) နဲ့ နိုင်ငံခြားကို ဒေါ်လာငွေ ခုန်ထွက်နေခြင်း (Capital Flight )ကိုသတိထားရမယ် လို့ စီးပွားရေးပညာရှင် ဦးမြင့်က ထောက်ပြဖူးပါတယ်။ ဒေါက်တာအောင်ကိုကို ( စီးပွားရေးပေါ်လစီ) ကတော့ Capital Flight ကို ကြောက်ပြီး ခရိုနီတွေကို အရမ်းကြီး ပင့်မထားစရာ မလိုတဲ့အကြောင်း ပြောပါတယ်။
“သူတို့ကို ထိန်းထားလည်း သူတို့က ထွက်ချင် ထွက်မှာပဲ။ ဝင်ပါဆိုလည်း ဝင်ချင်မှ ဝင်မယ်။ သူတို့ကို မရှိမဖြစ်ဆိုတဲ့ သဘောမျိုး ထားစရာ မလိုဘူး။ အဓိကတော့ လွတ်လပ်စွာ ယှဉ်ပြိုင်နိုင်မှု ရှိဖို့ပဲ။ ဥပမာ Fair Competiton ကို ဖျက်ပြီးတော့ သူတို့ကို Favor ပေးရင် တိုင်းပြည် တိုးတက်မှာလား။ မတိုးတက်ဘူး။ Capital Flight တော့ ဖြစ်ချင်မှ ဖြစ်တော့မယ်။ ဒါလည်း မသေချာဘူး။ အခုလည်း ပနားမားပေပါ ( Panama Paper) မှာ တွေ့နေရတာပဲ” လို့ ဒေါက်တာအောင်ကိုကိုက ပြောပြတာပါ။
လွတ်လပ်စွာ ယှဉ်ပြိုင်နိုင်မှုနဲ့အတူ လုပ်သာကိုင်သာသည့် အခင်းအကျင်းလည်း ပြင်ဆင်ပေးရန်လို အပ်ကြောင်း၊ ကြိုးနီစနစ်( Red Tape)နဲ့ အဂတိလိုက်စားမှု (Rent Seeking) တွေ လျော့နည်းပြီးတော့ လွယ်လွယ်ကူကူနဲ့ လုပ်လို့ရတဲ့ အခင်းအကျင်းကို ထူထောင်ပေးသင့်ကြောင်း၊ အလားတူ လက်ရှိအချိန်တွင် ၁၃ ရာနှုန်းလောက်ဖြစ်နေတဲ့ ငွေလဲနှုန်းကိုလည်း တည်ငြိမ်အောင်လုပ်ရမည်ဖြစ်ကြောင်း စီးပွားရေးပညာရှင် အများစုက သုံးသပ်ကြသည်။
“လုပ်စရာတွေကတော့ Bureaucracy Reform လည်းလုပ်ရမယ်။ Institutional Reform လည်းလုပ်ဖို့လိုတယ်။ ဝန်ကြီးဌာန တွေမှာ အထက်ပိုင်းတခုပဲ ပြောင်းနိုင်သေးတယ်။ အောက်ပိုင်းတွေမှာ Mindset ကအစ မပြောင်းနိုင်သေးဘူး။ တချို့ဌာနတွေဆို လာဘ်ပေးလာဘ်ယူတွေ ရှိနေပါသေးတယ်” လို့ ဒေါက်တာ အောင်ကိုကိုက ( စီးပွားရေးပေါ်လစီ) က ပြောပါတယ်။