တန်ကြေးသင့်ထဲကမှ တန်ကြေးနည်း ပြန်ပြီး ဆွဲထုတ်ရင် အင်ဂျင် စွမ်းဆောင်ရည် ကောင်းကောင်းနဲ့ Honda Dream 125 ကို ပြောရပါလိမ့်မယ်။
သိန်း ၂၀ ဝန်းကျင်လောက်ထိအောင် ဈေးပေါက်ခဲ့ပြီး နောက်ပိုင်း Wave နဲ့ Smash တွေ လူကြိုက် ပိုများလာလို့ မော်ဒယ်က နည်းနည်း အစီးနည်းချင်ပေမယ့် ပြည်တွင်းမှာ အစီးရေ အများအပြား ရှိနေဆဲပါ။
ဝန်တင်ဆောင်နိုင်မှု၊ ရေရှည်စိတ်ချရမှု၊ အပိုပစ္စည်း ပေါများမှုနဲ့ ရုပ်ထွက်ပိုင်း ဆွဲဆောင်မှု ကောင်းခြင်းတွေက မော်ဒယ်ကို လူကြိုက်များစေတာ တွေ့ရပါတယ်။ အထူးသဖြင့်တော့ ဖင်ထောင်လို့ ဒေသအခေါ် Wave တွေထက် ပိုပြီး တည်ငြိမ်တဲ့ ရုပ်ထွက်ကို တွေ့ရတာပဲ ဖြစ်ပါတယ်။
အင်ဂျင်က 4-Stroke ပဲ ဖြစ်ပြီး အင်ဂျင်သံ အထူးငြိမ်ပါတယ်။ ပြောရရင် ၂၀ဝ၀ ပြည့်နှစ် ဝန်းကျင်က လူကြိုက်များခဲ့တဲ့ Super Cup တွေလိုပဲ အင်ဂျင်သံက မထွက်သလောက်ပါဘဲ။ တရုတ်ဈေးကွက်ကနေ ပုံစံတူ ဝင်ပေမယ့် အင်ဂျင်သံမှာတင် ကွဲပြားတာ သိနိုင်ပါတယ်။
လျှပ်စစ်စနစ်နဲ့ အင်ဂျင်ကို စက်နှိုးနိုင်ပေမယ့် မော်ဒယ်နိမ့် တချို့မှာ Start ပျောက်နေတတ်ပါတယ်၊ ဒီနေရာမှာ သတိပြုစရာ တချက်က Start ပျောက် မော်ဒယ်တွေကို Start Motor ထိုင်ပြီး ပြုပြင်ထည့်ထားတာတွေ ရှိပါတယ်။ ဒီအတွက်ကတော့ Start ခလုတ်နဲ့ ဝါယာရင်းပိုင်းမှာ ပြန်ဆင်ထားတာလား ဆိုတာ စစ်ကြည့်ရင် သိနိုင်ပါတယ်။
မော်ဒယ်က ဂီယာချက် ၄ချက်ကို သုံးပြီး မောင်းနှင်နိုင်မှာပါ၊ ပြီးတော့ Honda အစစ်နဲ့ တရုတ်ဘီး ကွဲပြားချက်မှာ ဂီယာ ပိုင်းကလည်း အထူးတလည် စကားပြောပါတယ်။
သိသာတဲ့ အချက်ကတော့ ဂီယာချက် တချက်ကနေ တချက် ပြောင်းလဲမောင်းနှင်မှု အပိုင်းမှာ Honda အစစ်က အသံထွက် ညင်သာတယ်၊ ဂီယာချက် ပျော့တယ်၊ နောက်ဘက် ဂီယာနင်းတံကို မနင်းရဘဲ ရှေ့ဘက်ဂီယာကိုပဲ ခြေထောက်နဲ့ ကော်လိုက်ပြီး ပြောင်းလဲ မောင်းနှင်နိုင်ပါတယ်။
တရုတ်ဘီးတွေကတော့ ဂီယာချက် ပြောင်းလဲမှု အသံလည်း ပြင်းသလို အားယူ နင်းချရမှုလည်း ရှိပါတယ်။ ခရီးသည် ၂ ယောက်စီး ဖြစ်ပေမယ့် ခုံတန်း ရှည်လျားတာကြောင့် နယ်ဝေး စိတ်ကြိုက်မောင်းနှင်နိုင်ပါတယ်။
Dream အမျိုးအစား ဖြစ်လို့ ဝန်တင်ဆောင်နိုင်မှု၊ လမ်းကြမ်း ရုန်းကန်နိုင်မှု အားကောင်းပါတယ်၊ ဆိုင်ကယ်က ၉၅ ကီလို လေးပြီး ဝန်တင်ဆောင်နိုင်မှုလည်း ကီလို ၁၀ဝ ဝန်းကျင်ပဲ ဖြစ်ပါတယ်။
ဘက်ထရီက 12 V ထွက်ကို သုံးထားပြီး Wave တွေမှာ တွေ့ရတဲ့ ဘက်ထရီထက်ကိုပဲ သဘောကျမိသလို သက်တမ်း ရှည် အသုံးနိုင်ဆုံး ဘက်ထရီလို့ ဆိုရမှာပါ။ အထူးသဖြင့် နောက်ထွက် Wave Series တွေမှာတောင် ဘက်ထရီက ဒီလောက် သက်တမ်းရှည်အောင် သုံးနိုင်တာ မတွေ့ရပါဘူး။
စက်သုံးဆီအနေနဲ့ 95 နဲ့ 91 တွေကို သုံးတာ အကောင်းဆုံး ဖြစ်ပြီး သတိပြုစရာတချက်အနေနဲ့ အီသိုင်း ၁၀ ရာခိုင်နှုန်း ထက် ပိုမိုပါရှိတဲ့ စက်သုံးဆီကို ထည့်သွင်းမောင်းနှင်ခြင်း မပြုဖို့ပဲ ဖြစ်ပါတယ်။