စီးပွားရေး

ယာဉ်လမ်းကြောင်းသစ်တွင် ခရီးသည်များအတွက် စေတနာ့ ဝန်ထမ်းများ ကူညီမည်

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့တွင်း ယာဉ်လမ်းကြောင်း အသစ်များ စတင်ပြေးဆွဲချိန်တွင် ခရီးသည်များ၏ အခက်အခဲများကို ကူညီ ဆောင်ရွက်ပေးရန် စေတနာ့ဝန်ထမ်းများ တပတ်ခန့် ထားပေးမည်ဖြစ်ကြောင်း သိရသည်။

မကြာခင် စတင်တော့မည့် ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်သစ်နှင့် ပတ်သက်၍ ဇန်နဝါရီ ၁၁ ရက်က ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံခဲ့ရာ တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ချင်သည့် ပြည်သူများကို ကိုယ်စားလှယ်များက ချိတ်ဆက် ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံခဲ့သည်ဟု တောင်ဒဂုံမြို့နယ်၊ လွှတ်တော် ကိုယ်စားလှယ် ဦးညီညီက ပြောသည်။

ဦးညီညီက “သက်ဆိုင်ရာ ဒေသခံ ကိုယ်စားလှယ်တွေ အနေနဲ့ ကိုယ့်အနီးအနား ဝန်းကျင်မှာရှိတဲ့ စိတ်ပါဝင်စားပြီး Volunteer လုပ်ချင်တဲ့ ပြည်သူတွေနဲ့ ပူးပေါင်းပြီး ကိုယ့်မြို့နယ်မှာ ပြေးဆွဲမယ့်ကားတွေဟာ ဘယ်အချိန်၊ ဘယ်နေရာမှာ၊ ဘယ်ဘက်ကို ပြေးဆွဲမယ် ဆိုတဲ့ဟာတွေ လမ်းညွှန်ပြသပေးဖို့ ဆောင်ရွက်သွားကြဖို့ ဝန်ကြီးချုပ်က ပြောပါတယ်” ဟု ပြောသည်။

ဆက်လက်၍ ၎င်းက ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်သစ်သည် ပထမဦးဆုံးဖြစ်ပြီး ပြည်သူများနှင့်လည်း ထိတွေ့မှု မရှိသေးသောကြောင့် အခက်အခဲများ ရှိလာနိုင်မှုကို အကူအညီ ပေးနိုင်ရန် ပြည်သူ့ စေတနာ့ ဝန်ထမ်းများနှင့်အတူ ကိုယ်စားလှယ်များက ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရသည် ယာဉ်လိုင်းကြောင်း စနစ်သစ်နှင့် ပတ်သက်၍ ဇန်နဝါရီ ၆ ရက်က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ဇန်နဝါရီ ၁၆ ရက်တွင် စတင် အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ကြေညာထားသည်။

စနစ်သစ်နှင့် ပတ်သက်၍ အများပြည်သူသို့ အသိပေး ကြေညာသည့် အချိန်နှင့် စတင် အကောင်အထည် ဖော်ချိန်သည် နီးကပ်လွန်ပြီး ပြည်သူများကို လုံလောက်သည့် အသိပညာပေးမှု အားနည်ခဲ့သည်ဟု ခရီးသွားပြည်သူများ အကြား ဝေဖန် လျက်ရှိသကဲ့သို့ အဆင်မပြေဖြစ်မည်ကို စိုးရိမ်နေသူများလည်း ရှိသည်။

ထို့ကြောင့် ယင်းနေ့တွင် အခက်အခဲရှိနိုင်သည့် ခရီးသွားပြည်သူများကို ကူညီရန် ပရဟိတ ဆောင်ရွက်နေကြသည့် ကျောင်းသူ ကျောင်းသားများ၊ လူငယ်များက စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ပေးကြရန် လူမှုကွန်ရက် စာမျက်နှာမှတဆင့် တိုက်တွန်းနှိုးဆော်မှုများ ပြုလုပ်လျက်ရှိသည်။

ယာဉ်လိုင်းကြောင်းအသစ် စတင်ပြေးဆွဲမည့် ပထမ ရက်သတ္တပတ် အတွင်းတွင် စေတနာ့ဝန်ထမ်းအဖြစ် လက်တဖက် ကမ်းကြမယ် ပရဟိတ အဖွဲ့ဝင်များလည်း ပါဝင် ဆောင်ရွက်မည်ဖြစ်ကြောင်း ယင်း ပရဟိတ အဖွဲ့ဝင်တဦးဖြစ်သူ မစပယ်အောင်က ဧရာဝတီကို ပြောသည်။

“ခရီးသည်တွေ အချိန်သက်သာပြီး လိုရာခရီးကို လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ ရောက်အောင် ပထမ ရက်သတ္တပတ်မှာ ကူညီမှာပါ။ ကျမတို့က မှတ်တိုင်အစေ့တော့ ရှိမယ် မဟုတ်ဘူး။ အရမ်းရှုပ်ထွေးတဲ့ မှတ်တိုင်တွေမှာ ရှိပါမယ်။ အဲဒီနေ့မှာ ကျမတို့ Volunteers တွေ အနေနဲ့ စိတ်ရှည်ပေးပါ၊ နွေးထွေးပေးပါ၊ တိုင်းကျိုးပြည်ပြုဖို့ တထောင့် တနေရာက ဝင်ပါတာဟာလည်း ပရဟိတပါပဲ” ဟု ၎င်းက ပြောသည်။

ဆက်လက်၍ မစပယ်အောင်က အမှန်တကယ် ဘတ်စကား စီးနေသူများထံမှ အကြံပြုချက်များ တောင်းခံသွားမည်ဖြစ်ပြီး ၎င်းတို့ထံမှ စစ်တမ်း (Survey From) ကောက်ယူကာ တိုင်းအစိုးရထံသို့ အစီရင်ခံစာတစောင် ပေးပို့သွားမည် ဖြစ်ကြောင်း၊ ယင်း အစီရင်ခံစာ မှတဆင့် ပြည်သူလူထုအတွက် ပိုမိုကောင်းမွန်သည့် လမ်းကြောင်း၊ ကား အရေအတွက်၊ ဈေးနှုန်း၊ အချိန်၊ ဝန်ဆောင်မှု စသည်များကို တိုင်းအစိုးရအနေဖြင့် လုပ်ဆောင်ပေးနိုင်ရန် ရည်ရွယ်ထားကြောင်း ပြောသည်။

ယင်းနေ့တွင် စေတနာ့ဝန်ထမ်းများက ခရီးသည်များအတွက် လမ်းကြောင်းမြေပုံ ကြည့်တတ်ရန်၊ မိမိ စီးမည့် မှတ်တိုင်မှ သွားလိုသည့်နေရာကို အချိန်မီရောက်ရေးအတွက် အချိန်အတိုဆုံးဖြင့် မည်သို့စီးရမည်၊ ဘယ်နှဆင့် စီးရမည်များကို တွက်ချက်ရန်၊ ကျသင့်မည့် ယာဉ်စီးခများကို တွက်ချက်နိုင်ရန်နှင့် တခြားသော အခက်အခဲ အမျိုးမျိုးကို ကူညီပေးသွားမည် ဖြစ်ကြောင်း မစပယ်အောင်က ပြောသည်။

ခရီးသည်များကို ကူညီပေးမည့် စေတနာ့ ဝန်ထမ်းများသည် လာမည့် ဇန်နဝါရီ ၁၃ ရက်တွင် ပြည်သူ့ရင်ပြင်ရှေ့ ရန်ကုန်တိုင်း အစိုးရရုံး၊ ဂိတ်နံပါတ် (၄) အရှေ့၌ နေ့လယ် ၁၂ နာရီ စုဝေးကာ အသေးစိတ် အစီအစဉ်များ ဆွေးနွေး တိုင်ပင်ကြမည်ဖြစ်ပြီး ယင်းနေ့တွင် တိုင်းအစိုးရ အဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading