စီးပွားရေး

ငပလီ ရေလုပ်သားတွေရဲ့ မှေးမှိန်နေတဲ့ ကြီးပွားရေးအိပ်မက်

Want create site? Find Free WordPress Themes and plugins.

ငပလီကမ်းခြေ ဂျိတ္တောရပ်ကွက်ဟာ ပယ်လယ်ထွက် ငါးဖမ်းပြန်လာသူများ၊ ငါးအပြည့် ဖြည့်ထားတဲ့ ခြင်းတောင်းကြီးငယ်တွေ ထမ်းရွက် သွားလာနေသူများနဲ့ စည်ကားနေပါတယ်။ အသေးစားငါးတွေကို နေလှန်းကြတဲ့ ကျယ်ကျယ်ပြန့်ပြန့် သဲသောင်ပြင်ဝန်းကျင်ရဲ့လေထုထဲ ငါးညှီနံ့က အပြည့် ရှိနေပါတယ်။

အလုပ်သမားတွေကြားထဲက မထူးမြစမ်းဟာ ကျောက်တော်မြို့နယ် ကျေးလက်ဒေသတစ်ခုက ဖြစ်ပြီး ငပလီကို ပြောင်းရွှေ့လာတာ သုံးနှစ်ဝန်းကျင် ရှိပါပြီ။

“ဒီမှာက ငါးခြင်းတောင်းတွေကို ပုခုံးမှာ ထမ်းရတာဆိုတော့ ကျောကုန်းမှာ အဖုတွေ ထတာကလည်း အရမ်းပဲ။ ပင်ပန်းလွန်းလို့ ရွာကို ပြန်ပြေးချင်တယ်” လို့ ၂၃ နှစ်အရွယ် မထူးမြစမ်းက ပြောပါတယ်။

နေရပ်ရင်းမှာ အလုပ်အကိုင် ရှားပါးတာကြောင့် မထူးမြစမ်းက ငပလီမှာပဲ သောင်တင်နေရတာပါ။

လွန်ခဲ့တဲ့ နှစ်လက ပုဏ္ဏားကျွန်းမြို့နယ် ရွာဟောင်းရွာကနေ မိသားစုလိုက် ထွက်လာတဲ့ ဒေါ်လှမြင့်သိန်းကလည်း ငပလီမြို့ ရေလုပ်ငန်းမှာ အသားကျနေပါပြီ။

“ရွာမှာက အလုပ်အကိုင်ရှားပါးတော့ အလုပ်ကလည်း လုပ်ရ တလှည့်၊ မလုပ်ရ တလှည့်။ ဒီမှာကျတော့ နေ့တိုင်း အလုပ်ရှိတယ်” လို့ ငပလီလာဖို့ လမ်းစရိတ်အတွက် နားကပ်ဖြုတ်ရောင်းခဲ့ရတဲ့ ၄၅ နှစ်အရွယ် ဒေါ်လှမြင့်သိန်းက ပြောပါတယ်။

နေရပ်ရင်းမှာ ကောက်စိုက်၊ ဈေးရောင်းရတာတွေဟာ ဘယ်ဘက်မျက်လုံး မကောင်းတဲ့ သူ့အတွက် အဆင်မပြေဘူး၊ သံတွဲမြို့နယ်၊ ငပလီမှာ ငါးလှန်းတဲ့အလုပ် ဝင်လုပ်ရတာ ပိုအဆင်ပြေတယ်၊ တလဝင်ငွေ သုံးသောင်းပိုပိုလေး ရတယ်လို့ ဆိုပါတယ်။

သူတို့နှစ်ဦးလိုပဲ ရေလုပ်သား အများစုဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ အလုပ်အကိုင်ပေါတဲ့ သံတွဲဒေသကို ရွှေ့ပြောင်းလာသူတွေပါ၊ သို့သော်လည်း ဝင်ငွေ အကန့်အသတ်ရှိတာကြောင့် အကြွေးသံသရာထဲက မထွက်နိုင်ကြသူ များစွာ ရှိနေ တွေ့ရပါတယ်။

ငပလီရောက်ရင် စုဆောင်းမိမယ် ဆိုတဲ့သူ့တို့ရဲ့ ကြီးပွားရေး အိပ်မက်ဟာ လုပ်သက်ရင့်လာချိန်မှာတော့ မှေးမှိန်လာပါတယ်။

အကြွေးပိတဲ့ ဝင်ငွေနည်း ရေလုပ်သား

နိုင်ငံရဲ့ ဖွံ့ဖြိုးမှု အနည်းဆုံး နယ်မြေတစ်ခုဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ နေထိုင်သူ လေးပုံသုံးပုံဟာ ဝင်ငွေနည်းသူများဖြစ်တယ်လို့ ၂ဝ၁၄ ခုနှစ် ကမ္ဘာ့ဘဏ် အစီရင်ခံစာတစ်စောင်မှာ ဖော်ပြထားပါတယ်၊ တရက်ဝင်ငွေ ၁.၂၅ ဒေါ်လာအောက်သာ ရှိကြကြောင်း ဆင်းရဲမှုကို အဆုံးသတ်ခြင်း၊ အကူးအပြောင်းကာလတွင် ကြီးပွားမှုကို မျှဝေခြင်း ဆိုတဲ့ အစီရင်ခံစာက ဆိုပါတယ်။

သြဂုတ်လထုတ် လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်ရဲ့ စာတမ်းတစောင်မှာတော့ ရခိုင်ဒေသ ရေလုပ်သားတွေရဲ့ ပျမ်းမျှ ဝင်ငွေဟာ တနေ့ကို ၁,ဝဝဝ ကနေ ၁,၅ဝဝ ခန့်အထိပဲ ရှိတယ်လို့ ရေးထားပါတယ်။

“ရေလုပ်သားများအနေဖြင့် ကျန်းမာရေး၊ လူမှုရေး၊ ဘာသာရေးနှင့် ကလေးများပညာရေးအတွက် အရေးပေါ် ငွေချေးယူနိုင်ရန် ငွေတိုးချေးစားသူများထံ မှီခိုအားထားပြုကြရသည်” လို့ စာတမ်းရှင် စောအယ်ထူးက ‘ရခိုင်ပြည်နယ်မှ ရေလုပ်သားငယ်များ’ စာတမ်းမှာ ရေးသားထားပါတယ်။

နိုင်ငံတကာစီမံကိန်းတစ်ခုဖြစ်တဲ့ အသက်မွေး ဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာ ဖူလုံရေး ရန်ပုံငွေအဖွဲ့ (LIFT) ရဲ့ ၂ဝ၁၅ နှစ်ပတ်လည် အစီရင်ခံစာမှာလည်း ရခိုင်ဒေသ ရေလုပ်သားတွေ ဝင်ငွေနည်းပါးလာတယ်လို့ ဖော်ပြထားပါတယ်။

“ရခိုင်ဒေသမှ လယ်မဲ့မြေမဲ့ မိသားစုများအတွက် ငါးဖမ်းခြင်းသည် ပင်မဝင်ငွေရလမ်းပင်ဖြစ်သည်။ သို့သော် အလွန်အကျွံ ငါးဖမ်းမှုနှင့် ပတ်ဝန်းကျင်ပျက်စီးလာမှုကြောင့် ငါးလျော့နည်းလာသဖြင့် ရေလုပ်သားများမှာ မိသားစုများကို ဝလင်အောင် ကျွေးရန် ခက်လာသည်” လို့ ကုလသမဂ္ဂအဖွဲ့က ကြီးကြပ်တဲ့ LIFT အဖွဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရေလုပ်ငန်းဟာ ရခိုင်ပြည်နယ်မှာ ဝင်ငွေ ဒုတိယအများဆုံး ရှာပေးတဲ့ကဏ္ဍပါ။ ငါးလုပ်ငန်းဦးစီးဌာနရဲ့ စာရင်းအရ ဆိုရင် သံတွဲခရိုင်မှာ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလှေ ၂,ဝဝဝ ဝန်းကျင်၊ လှေလိုက် ရေလုပ်သား ၇,ဝဝဝ ကျော် ရှိနေတာပါ။

သံတွဲ ငါးလုပ်ငန်းရှင်အများအပြားက သူတို့လိုအပ်တဲ့ ဝန်ထမ်းရရှိဖို့အတွက် ပြည်နယ်မြောက်ပိုင်းဘက်က အလုပ်အကိုင် ရှာဖွေသူတွေကို လမ်းစရိတ် ထုတ်ချေးပြီး ခေါ်ယူကြပါတယ်။ ရောက်လာတဲ့ အလုပ်သမားတွေဟာ အလုပ်ရှင်တွေ စီစဉ်ပေးတဲ့ နေရာမှာပဲ နေထိုင်ကြ၊ ပေါပေါများများ ဖမ်းဆီးရမိတဲ့ ငါးကိုလည်း အလုပ်သမားတွေက ဟင်းချက်စရာအဖြစ် ရကြပါတယ်။

မကြာသေးခင်က ငပလီကမ်းခြေ ဂျိတ္တော တံငါရွာက ရေလုပ်သားတွေနဲ့ တွေ့ဆုံရာမှာ အမျိုးသားတွေရဲ့ လစဉ်ဝင်ငွေက တသိန်းနှစ်သောင်းဝန်းကျင်၊ အမျိုးသမီးတွေကတော့ တသိန်း မပြည့်ဘူးလို့ ပြောပြကြပါတယ်။ သူတို့ရဲ့ ဝင်ငွေက ကြိုတင်ခန့်မှန်းလို့ မရနိုင်ဘဲ ဖမ်းဆီးရမိတဲ့ ငါးပမာဏပေါ်မှာ အဓိက မူတည်နေပါတယ်။

ရေလုပ်သားတွေထဲမှာ အမျိုးသမီးနဲ့ အမျိုးသား ဝင်ငွေမညီမျှမှုဟာ လုပ်ငန်းခွင် အန္တရာယ်ရှိခြင်း မရှိခြင်းနဲ့ ဆက်စပ်နေဖွယ်ရှိတယ်လို့ သံတွဲခရိုင် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးမြင့်သိန်းက သုံးသပ်ပါတယ်။

“အမျိုးသမီးကျတော့ (မြေပြင်မှာ) ငါးလှန်း၊ အမျိုးသားကတော့ ပင်လယ်ထဲကိုထွက်ပြီး ငါးဖမ်းရတာ။ လုပ်ငန်းသဘာဝမတူ၊ လစာလည်း မတူညီဘူး။ ကျနော်ကတော့ အဲဒီလိုပဲ ထင်ပါတယ်” လို့ ဦးစီးမှူးက ပြောပါတယ်။

သံတွဲဒေသ ငါးလုပ်ငန်းရှင် လူငယ်တဦးဖြစ်တဲ့ ကိုထွန်းထွန်းဦးက အလုပ် လုပ်ချင်သူအတွက် ပင်လယ်က အလုပ်အကိုင် ပေးထားတယ်၊ လိုအပ်တာကတော့ ကြိုးစားဖို့ပါပဲလို့ ပြောပါတယ်။

“ဒီဒေသရောက်လာရင် ချွေတာမယ်၊ စုဆောင်းတတ်မယ်၊ အကွက်မြင်တတ်တယ် ဆိုရင် ဘယ်သူမဆို ကိုယ်ပိုင်လုပ်ငန်းတစ်ခု ထူထောင်နိုင်မယ်၊ ဒီနည်းနဲ့ ကြီးပွားတိုးတက်လာသူတွေ ရှိတယ်” လို့ ကိုထွန်းထွန်းဦးက ပြောပါတယ်။

ရေလုပ်သားတွေက ငွေရေးကြေးရေး အခက်အခဲ ပေါ်ပေါက်လာရင် ငွေတိုးချေးယူခြင်း၊ အခြားသော အလုပ်အကိုင်များ လုုပ်ကိုင်ခြင်း၊ အလုပ်ရှင်ထံ အကူအညီတောင်းခြင်း စတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းနေကြတာပါ။

နည်းပညာနဲ့ ငွေကြေး

အစိုးရက ရေလုပ်ငန်းသုံး ပစ္စည်းများကို ဈေးနှုန်းသက်သာစွာ ရောင်းချမယ်၊ သို့မဟုတ် အတိုးနှုန်းနည်းတဲ့ ချေးငွေ ပမာဏများများ ထုတ်ချေးမယ် ဆိုရင် ရေလုပ်သားများ အဆင်ပြေမယ်လို့ လွှတ်တော်ကိုယ်စားလှယ်တဦးက သုံးသပ်ပါတယ်။

“အရင်းအနှီး မရှိကြတော့ တချို့က အိမ်ပေါင်၊ ခြံပေါင်ပြီး ဝယ်တယ်။ ပေါင်စရာမရှိရင် နှစ်ဆယ်တိုးနဲ့ ချေးပြီးတော့ ဝယ်တယ်။ သူတို့လုပ်ငန်းမှာ တကယ်ရရှိမယ့် အကျိုး အမြတ်တွေက အတိုးထဲမှာပဲ နစ်ရင်းနဲ့ နောက်ဆုံးကျတော့ ရေလုပ်သားတွေက လှေဆိုးနဲ့ ပက်ခွက်လောက်ပဲ ကျန်တဲ့ ဘဝကိုရောက်တာ တွေ့ရတယ်” လို့ သံတွဲမြို့နယ် မဲဆန္ဒနယ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက ပြောပါတယ်။

ငါးလုပ်ငန်းဦးစီးဌာနက NGO အဖွဲ့တချို့နဲ့ ပေါင်းစပ်ပြီးတော့ ရေလုပ်သားတွေ ဘဝ တိုးတက်ရေးအတွက် ဘာတွေလုပ်ရမလဲ ဆိုတာကို ကျေးလက်ဒေသအထိ စစ်တမ်း လိုက်ကောက်နေပြီး လောလောဆယ်တော့ ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် ဖော်ဆောင်နေတဲ့ မြစိမ်းရောင် စီမံကိန်းအရ သံတွဲခရိုင်ထဲက ရပ်ကွက်သုံးခုကို အရင်းမပျောက် မတည်ငွေအဖြစ် သိန်း ၃ဝဝ စီ ထောက်ပံ့ထားတာပါ။

အိမ်၊ စက်လှေ၊ ငါးဖမ်းပိုက် ပိုင်ဆိုင်သူတို့သာ အကျုံးဝင်တဲ့ ဒီစီမံချက်မှာ မိသားစုတစု ချေးယူနိုင်တဲ့ ပမာဏက ကျပ် ၃ သိန်း ဖြစ်ပါတယ်။ ရေလုပ်ငန်းလုပ်ကိုင်သူ အများအပြားကတော့ ဒီစီမံကိန်းကို အားမရကြပါဘူး။

ဒေသခံတို့အတွက် သတင်းကောင်းတခုကတော့ LIFT အဖွဲ့ရဲ့ ချေးငွေအကြောင်း ဖြစ်ပါတယ်။ ၂ဝ၁၆ မှာ LIFT ရဲ့ အသေးစား ငွေရေးကြေးရေးရုံးခွဲများကို သံတွဲ အပါအဝင် ရခိုင်ပြည်နယ်မြို့တချို့မှာ ဖွင့်မယ်၊ ဒီစီမံချက်ကို ၂ဝ၁၇ အထိ တိုးချဲ့မယ်လို့ ပြီးခဲ့တဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ငပလီ၊ ဂျိတ္တောရပ်ကွက်က ဦးတင်မောင်လှိုင်က ငါးဖမ်းလုပ်သက်၂၈ နှစ်ရှိပါပြီ။ လုပ်ငန်းအတွက် လိုအပ်တာတွေ ဝယ်နိုင်တဲ့ အခြေအနေရှိမယ် ဆိုရင် တင်နေတဲ့အကြွေးဆပ်နိုင်မယ်လို့ သူက ရှင်းပြပါတယ်။

“အခု ဒီအလုပ်က လုပ်နေရင်းနဲ့ကို အကြွေးက နစ်နေတာ။ ရေလုပ်ငန်းသုံး ပစ္စည်းကိရိယာကလည်း မရှိတော့ နေ့တိုင်း ငါးဖမ်းပိုက် အလေးကြီးကို အတင်အချ လုပ်ရတာဆိုတော့ ခါးကလည်း ဒဏ်ဖြစ်ပြီး နာလှပြီ” လို့ ဦးတင်မောင်လှိုင်က ပြောပါတယ်။

ဂျိတ္တောက လုပ်ငန်းရှင် တစ်ယောက်ဖြစ်တဲ့ ဦးမောင်ကြီးက ရေလုပ်ငန်းသုံး ပစ္စည်းတွေကို ပုဂ္ဂလိကဆိုင်ကနေ ဝယ်ယူ အသုံးပြုနေသူပါ။ အစိုးရ ဌာနတွေကသာ ငါးဖမ်းပိုက် ၊ စက်လှေ ၊ မော်တာ တို့ကို ဈေးလျှော့ ရောင်းချမယ် ဆိုရင် သူတို့ ပိုမို အဆင်ပြေနိုင်မယ်၊ အလုပ်သမား ၂၆ ယောက်ရှိတဲ့ သူ့ရဲ့ ငါးဖမ်းလုပ်ငန်းအတွက် အရင်းအနှီး အများအပြား စိုက်ထုတ်ထားရတယ်လို့ ဦးမောင်ကြီးက ဆိုပါတယ်။

“လုပ်ငန်းကို အရင်းနည်းနည်းနဲ့ လည်ပတ်လို့ရရင် ရေလုပ်သားတွေကိုလည်း လစာများများ တိုးပေးနိုင်မှာပါ” လို့ ဦးမောင်ကြီးက ရှင်းပြပါတယ်။

မြန်မာပြည်အနံှ့ တင်ပို့ရောင်းချတဲ့ ငါးနီတူ (ပင်လယ်ငါး အသေးစား) ကို အခြောက်လှန်းကြတဲ့ နေရာအများအပြားကို ဦးမောင်ကြီးတို့ ဂျိတ္တောရပ်ကွက်မှာ တွေ့နေရပါတယ်။

ငါးလုပ်ငန်း ဦးစီးမှူးဦးမြင့်သိန်းကတော့ နည်းပညာ အားကောင်းရင် ရေလုပ်ငန်း ကဏ္ဍမှာ ပါဝင်နေသူအားလုံး အကျိုးရှိမယ်လို့ ဆိုပါတယ်။

“ငါးနီတူ (ပင်လယ်ငါး အသေးစား) ကို ပြုတ်ပြီးတော့ လှန်းမယ်ဆိုရင် ပိုပြီးတော့ ဈေးနှုန်း ပိုရလာမယ်။ ဈေးနှုန်းပိုရတော့ ရေလုပ်သားတွေ လုပ်ခလည်း များများ ပေးနိုင်လိမ့်မယ်” လို့ ဦးစီးမှူးက သူ့ရုံးခန်းထဲမှာ ရှင်းပြပါတယ်။

ရေလုပ်သားတွေဟာ ငွေကြေးအကူအညီကိုပဲ မျှော်လင့်ကြတာများတယ်၊ ငါးထုတ်လုပ်ရေး နည်းပညာကို သိပြီးသားလို့ ထင်နေတတ်ကြတယ်လို့ သူက ဆက်ပြောပါတယ်။

“ငွေကြေး ပေးတိုင်းလည်း အဆင်မပြေနိုင်ဘူး၊ နည်းပညာ တိုးတက်လာမှ သူတို့ အဆင်ပြေမယ်။ ဥပမာ ငါးအတိုင်း ထုတ်လုပ်ဖို့ထက် ငါးမုန့်(ခြောက်)လုပ်ပြီး ထုတ်လုပ်မလား။ ငါးမုန့်(ခြောက်)လုပ်တဲ့ နည်းပညာ သူတို့တတ်ရင် ငါးရောင်းတာထက် ပိုက်ဆံပိုရမယ်” လို့ ဦးစီးမှူးက ပြောလိုက်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading