စီးပွားရေး

ရွှေအိတ်ချိန်းဈေးကွက် ၂၀၁၇ အတွင်း ဖွင့်မည်

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းက ရန်ကုန်တွင် ရွှေအိတ်ချိန်း ဈေးကွက်တခုကို ယခုနှစ် ၂၀၁၇ အတွင်း ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိရသည်။

အဆိုပါ ရွှေအိတ်ချိန်းဈေးကွက် တရားဝင်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေသည်မှာ ၃ နှစ် ရှိပြီ ဖြစ်ပြီး ၎င်းကို ဖန်တီးရန် ဝန်ကြီးဌာန အများအပြားက ပါဝင်ကူညီလျှက်ရှိသည်ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်း၏ အထွေထွေ အတွင်းရေးမှူး ဦးကျော်ဝင်းက အသင်း၏ ၁၄ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားတွင် ပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့ အပြင် ဗဟိုဘဏ်ကလည်း ထိုရွှေအိတ်ချိန်း ဈေးကွက် ပေါ်ပေါက်ရေး ပူးပေါင်းလုပ်ဆောင် နေကြသည်။

“ရွှေအိတ်ချိန်းက မြန်မာ့ရွှေဈေးကွက်ကို ဖွံ့ဖြိုးစေလိမ့်မယ်” ဟု ဦးကျော်ဝင်းက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

ရွှေအိတ်ချိန် ဖွင့်လှစ်လုပ်ဆောင်ရး ဆောင်ရွက်မည့် မူဝါဒ (မူကြမ်း) ကို အစိုးရက အတည်ပြုပြီးသည်နှင့် ပြည်သူ လူထုထံသို့ ထပ်မံ သတင်းထုတ်ပြန်ပေးမည် ဟုလည်း ဦးကျော်ဝင်းက ပြောသည်။

“တရားဝင်ရွှေဈေးကွက် ပေါ်ပေါက်ဖို့ လိုအပ်တဲ့ အကူအညီတွေ ပေးဖို့ တိုင်းဝန်ကြီးချုပ်ကလည်း အသင့်ပါပဲ” ဟု ရန်ကုန်တိုင်း စီမံကိန်းနှင့် ဘာဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက မြန်မာရွှေလုပ်ငန်းရှင်များ အသင်း၏ အခမ်းအနားတွင် ပြောသည်။

လတ်တလော မြန်မာ့ရွှေဈေးကွက်သည် နိုင်ငံတကာရွှေဈေးအပေါ် မူတည်နေပြီး၊ ယင်းကြောင့်ပင် ထိန်းချုပ်ရန် ခက်ခဲစေသည် ဟုမန္တလေး အခြေစိုက် အောင်သမာဓိ ရွှေဆိုင်ကို ပူးတွဲပိုင်ဆိုင်သူ ဦးမော်က ပြောသည်။
“ဈေးတက်တုန်း ရွှေကို ရောင်းဖို့ ကြိုးစားရတယ်၊ တချို့က တရုတ်နဲ့ အန္ဒိယ နယ်စပ်တလျှောက် အနီးမှာ ကုန်သွယ်ကြတယ်” ဟု သူက ဆက်ပြောသည်။

မကြာသေးမီက ဒေါ်လာငွေ လဲလှယ်နှုန်း မြင့်တက်သောကြောင့် ပြည်တွင်း ရွှေဈေးမှာ မြင့်တက်သွားခဲ့သည်။ ၂၀၁၆ ခုနှစ်က ရွှေဈေးမှာ တကျပ်သားလျှင် ကျပ်ငွေ ၉၀၀၀၀၀ (အမေရိကန် ဒေါ်လာ ၆၅၀ ခန့်) အထိ ရောက်သွားခဲ့သည်။

“ရွှေအိတ်ချိန်းက ပြည်တွင်းဈေးကွက်ကို ဘယ်လို အထောက်အကူပြုမလဲ ဆိုတာ စောင့်ကြည့်ရမှာပဲ” ဟု ဦးမော်က ပြောသည်။
မြန်မာ ရွှေလုပ်ငန်းရှင်များ အသင်းသည် မကြာသေးမီက ရွှေထုတ်လုပ်မှု၊ သန့်စင်မှု၊ ရွှေအတုံးလိုက် ရောင်းခြင်း၊ ပန်းထိမ်လုပ်ငန်းနှင့် လက်ဝတ်ရတနာ ရောင်းချခြင်းတို့နှင့် ပတ်သက်သော စီးပွားရေး လုပ်ငန်းပုံစံများကို ဆောင်ရွက်နေသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading