ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးဆောင် အကောင်ထည်ဖော်ဆောင်ရွက်မည့် အများပြည်သူ သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းများစနစ်သစ်ကို ယခုလ ၁၆ ရက်မှ စတင်ကျင့်သုံးတော့မည် ဖြစ်သည်။
ထိုသို့ပြောင်းလဲရာတွင် ဆယ်စုနှစ်ပေါင်းများစွာ ရန်ကုန်မြို့၏ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ကြီးကြပ် လုပ်ဆောင်ခဲ့သည် မ.ထ.သ အဖွဲ့အစည်းကို ယခုဇန်နဝါရီလ ၁၅ ရက်တွင် ဖျက်သိမ်းမည်ဖြစ်ပြီး မထသ လက်အောက်ရှိ ယာဉ်လိုင်းများကို အများပိုင်စနစ်သို့ ပြောင်းလဲ၍ စနစ်သစ်ကို ဇန်နဝါရီ ၁၆ ရက်၌ စတင်ပြေးဆွဲတော့မည် ဖြစ်သည်။
ဇန်နဝါရီ ၁၆ ရက်တွင် ပြေးဆွဲတော့မည့် ယာဉ်လိုင်းကြောင်း စနစ်သစ်နှင့် ပတ်သက်ပြီး တာဝန်ယူဆောင်ရွက်ရာတွင် ပါဝင်သူတဦးဖြစ်သည့် ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေးကုမ္ပဏီ (YUPT) အတွင်းရေးမှူး ဦးမောင်မောင်လွင်ကို ဧရာဝတီသတင်းဌာနမှ သတင်းထောက် မေစိုးစံက တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။ မထသကနေ အများပိုင်စနစ်ကို ပြောင်းလဲခဲ့တဲ့ အခြေအနေကို ပြောပြပေးပါ။
ဖြေ။ ။ ၁၉၆၂ ခုနှစ်မှာ မထသ စတင်ပေါ်ပေါက်လာတယ်။ ၂၀၁၆ ခုနှစ် ဇွန်လ ၁၈ ရက်မှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ယာဉ်လိုင်းအဖွဲ့အစည်းအားလုံးက ယာဉ်ပိုင်ရှင်တွေ အားလုံးနဲ့တွေ့ဆုံခဲ့ပြီး အများပိုင်ကုမ္ပဏီ တည်ထောင်ဖို့ စတင်ဆောင်ရွက်ခဲ့တာပါ။
မေး။ ။ အခုပြေးဆွဲမယ့် ယာဉ်လိုင်းစနစ်သစ်နဲ့ ပတ်သက်ပြီး ပြည်သူတွေကိုရော ဘယ်လိုအသိပညာပေးမှုတွေ လုပ်သွားဖို့ ရှိပါလဲ။
ဖြေ။ ။ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ကနေ ဆက်လက်လုပ်ဆောင်သွားပါလိမ့်မယ်။ YANGON BUS ဝက်ဘ်ဆိုက်မှာလည်း ဝင်ကြည့်လို့ ရပါတယ်။ ပြည်သူတွေ အနေနဲ့ စိတ်မပူပါနဲ့။ လတ်တလော ပြောင်းလဲတဲ့ အခြေအနေမှာတော့ ခဏပဲ ဖြစ်ပါလိမ့်မယ်။ နောင်မှာ အားလုံးအဆင်ပြေစွာနဲ့ ဝန်ဆောင်မှုတခုကို ရလာပါလိမ့်မယ်။
မေး။ ။ ရှယ်ယာပေါင်း ဘယ်လောက်ရပြီလဲ။ ကားအစီးရေ ဘယ်လောက်ရှိပြီလဲ။ ဘယ်လိုပုံစံနဲ့ ပြေးဆွဲပေးမလဲ။
ဖြေ။ ။ ယာဉ်ပိုင်ရှင်တွေက လူစီးစလစ် အပ်လာကြတဲ့အခါမှာ အဲဒီစလစ်ကိုရောင်းပြီး ရှယ်ယာဝင်ဖို့ ဆောင်ရွက်ပေးနေတယ်။ ၁၂ သိန်းခွဲ ထည့်ပြီးတဲ့ ပိုင်ရှင်ပေါင်း ၆၈၀ ဦးရေရှိတယ်။ ကားတွေက မှာနေတုန်းပါ။ Yutong (ယူတုန်း) က ၂၁၀ စီး ၊ Hyundai (ဟွန်ဒိုင်း) ၂၀၀ စီး၊ စုစုပေါင်း ၄၂၀ စီး တင်သွင်းထားတယ်။
ရောက်ရှိနေတဲ့ကားက ဟွန်ဒိုင်း ၉၁ စီး၊ ယူတုန်း ၃၈ စီးပါ။ YUPT အနေနဲ့ ရန်ကုန်တိုင်း ဒေသကြီးက ညွှန်ကြားတဲ့ လမ်းကြောင်းပေါင်း ၆၀ မှာ လက်ရှိကားတွေနဲ့အတူ ပြေးဆွဲပေးမယ်။ ကျတော်တို့ ကုမ္ပဏီဖြစ်တဲ့ ( YUPT ) ကားအရောင်က ဝါ၊ စိမ်း၊ နီ ဖြစ်တယ်။
မေး။ ။ ယာဉ်အုပ်စု သတ်မှတ်ထားတဲ့ ပုံစံကိုလည်း ပြောပြပေးပါ။
ဖြေ။ ။ ပြေးဆွဲခွင့်ရတဲ့ ကားတွေကို တာဝန်ရှိသူတွေက ပြန်ချပေးတဲ့ပုံစံက ယာဉ်သစ်တွေ အားလုံးကို A အုပ်စု သတ်မှတ်တယ်။ CCTV၊, Air-con ၊ GPS ပါရမယ်။ ၂၀၀၇-၂၀၀၆ အထက်ကားတွေပါ။ လက်ရှိ ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ ၅၇၊ ၃၄၊ ၃၁ ယာဉ်ကြီးတွေမှာ အဲယားကွန်း ပြောင်းထားတာရှိတယ်။
စီးပွားကူးသန်းရေးဌာနရဲ့ မူအရ ရန်ကုန်မြို့မှာ ပြေးဆွဲမယ့်ယာဉ်တွေက ဘယ်မောင်း၊ ညာဘက်ပေါက်၊ အတက်အဆင်းပါသော ကားများသာ ဖြစ်ရမယ်။ B အုပ်စုက ၂၀၀၃ မှ၂၀၀၅ အထိရှိတဲ့ ဘယ်မောင်းယာဉ်တွေ ဖြစ်ပြီး CCTV၊, Air-con ၊ GPS ပါရမယ်။ အဲဒီကားအမျိုးအစားမှာပဲ ဟွန်းဒိုင်းဘယ်မောင်းပေမယ့် အဲယားကွန်း မတပ်နိုင်တဲ့ကားတွေလည်း ရှိတယ်။ သူတို့ကို C အုပ်စုလို့ သတ်မှတ်တယ်။
နောက်တစုက ၂၀၀၀ ခုနှစ်လောက်က ပေးသွင်းထားတဲ့ ဂျပန်ကားညာမောင်း လက်ရှိပြေးဆွဲနေတဲ့ အထူးယာဉ်များရယ်၊ စီးတီးဘတ်ယာဉ်များ အုပ်စုကို D အုပ်စုလို့ သတ်မှတ်တယ်။ နောက် D အုပ်စုက ၉၅ အောက် ကားများဖြစ်တဲ့အပြင် ၉၆၊ ၉၇ ၊ ၉၉ အထိ ပါဝင်တဲ့အတွက် တာဝန်ရှိသူတွေက ညွှန်ကြားချက်အရ ဘီအမ်ရယ်၊ မီနီဘတ်၊ စီးတီးဘတ် ၉၅ ခုနှစ်များကို လူစီးစလစ် အပ်နှံခွင့်ပေးထားပြီး ဖြစ်တယ်။
မေး။ ။ ဘီအမ်၊ မီနီဘတ်စ်၊ ဒိုင်နာ ကားအမျိုးအစားတွေကိုရော ဘယ်လိုဆက်လုပ်သွားမှာပါလဲ။
ဖြေ။ ။ ဇန်နဝါရီ ၆ ရက်နေ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာက ဘီအမ်၊ ဒိုင်နာ မီနီဘတ်စ်တွေကို လူစီးစလစ်ထုတ်ပေးပြီး ဖြစ်တယ်။ နောက် ယာဉ်ပိုင်ရှင် ယာဉ်လုပ်သားတွေအနေနဲ့ ကိုယ်ဝင်ရောက် ပြေးဆွဲမယ့် ယာဉ်လမ်းကြောင်းအတွက် လမ်းကြောင်းဆန္ဒပြုဖို့နဲ့ ယာဉ်မောင်း ယာဉ်အကူတွေလည်း ဖောင်ဖြည့်ပြီး တောင်ဥက္ကလာ၊ ဗြဟ္မစိုရ်လမ်းမှာ လာတင်ဖို့ ပြောထားတယ်။
မေး။ ။ စမ်းသပ်ကာလမရှိဘဲ ချက်ခြင်းပြေးဆွဲမယ်ဆိုတော့ ခရီးသည်တွေအတွက်ရော အခက်အခဲ ဖြစ်လာနိုင်လား။
ဖြေ။ ။ ပြောင်းလဲလိုက်တဲ့ ပုံစံက လိုင်းပေါင်း ၆၀ နဲ့ အဓိက လမ်းကြောင်းတွေမှာ ပြေးဆွဲပေးမှာပါ။ ယခုချထားတဲ့ ယာဉ်လမ်းကြောင်းတွေက ၃ လ အတွင်း စတင်ပြေးဆွဲချိန်မှာ ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေနဲ့ လိုအပ်တာတွေကို အကြံပြုချက်၊ တင်ပြချက်တွေအပေါ် မှုတည်ပြီး ဖြည့်ဆွဲပေးသွားဖို့ ရည်ရွယ်ထားတယ်။ ၃ လ တဖြတ် လုပ်သွားမယ်။
၂၀၁၈ မှာ ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေးမှာ ကားတက်တဲ့အပေါက်မှာပဲ IC ကတ်သုံးမယ်။ ကတ်မရှိရင် ပိုက်ဆံကို ပုံးထဲမှာထည့်တဲ့ စနစ်ပေါ့။ ယာဉ်လိုင်းတွေကို တိုးချဲ့ပြေးဆွဲဖို့ရှိသလို လိုအပ်တဲ့နေရာမှာလည်း ဖြည့်ဆည်းဖို့ ရန်ကုန်ဘတ်စ်ကား အများပိုင် ကုမ္ပဏီက ဝန်ဆောင်မှုပေးဖို့ ရှိပါတယ်။
မြန်မာနိုင်ငံမှာက လူတန်းစားနှစ်မျိုး ရှိတယ်။ ကုမ္ပဏီဝန်ထမ်းများနဲ့ ဝန်ထမ်းတွေက ကတ်စနစ်ကို အသုံးပြုနိုင်ပေမယ့်၊ ဈေးအရောင်းအဝယ်ပြုသူ၊ အလုပ်သမားနဲ့ ပျံကျအလုပ်သမားတွေက ကတ်စနစ်ကို မသုံးနိုင်ဘူး။ ဒါကြောင့် ပိုက်ဆံပုံး လိုတယ်။ ပိုက်ဆံပုံးကိုလည်း တရုတ်ကနေ မှာထားပြီးပြီ။ ဒီလ ၁၅ ရက်နောက်ပိုင်း ရောက်ရှိပါမယ်။
လောလောဆယ် စမ်းသပ်ကာလ ၃ လကို တဖြတ်ပုံစံနဲ့ သွားမှာပါ။ အဲဒီ ၃ လမှာ တဖြည်းဖြည်း ပြောင်းသွားမှာပါ။ စမ်းသပ်ကာလ ၃ လမှာ နည်းနည်းတော့ အခက်အခဲ ရှိမှာပေါ့။ ဒါပေမယ့် အခက်အခဲရှိတဲ့ နေရာတွေကိုလည်း ဖြည့်ဆည်းဖို့အတွက် အာဏာပိုင်အဖွဲ့က စီစဉ်ထားတယ်။
မေး။ ။ လက်ရှိပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေက စပယ်ယာတွေလည်း အလုပ်အကိုင်ပျောက်ဆုံးမှာ စိုးရိမ်နေကြတာ ရှိတယ်။ သူတို့အတွက် ဘယ်လိုဆောင်ရွက်ပေးထားလဲ။
ဖြေ။ ။ မထသမှာ စပယ်ယာပေါင်း ၂,၀၀၀ ကျော်လောက် ရှိတယ်။ သူတို့လည်း လက်ရှိပြေးဆွဲမယ့်စနစ်သစ်မှာ ပြန်ပါလာမှာပါ။ ယာဉ်ပိုင်ရှင်တဦး စပယ်ယာတဦး။ စမတ်ကတ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပေးမယ်။ စနစ်သစ်မှာ ဥပမာ – မြောက်ဥက္ကလာမြို့နယ် အတွင်းကနေ ပြေးဆွဲနေတဲ့ ယာဉ်လိုင်းမှာ မောင်းနေတဲ့သူဆိုရင် တခြားမြို့နယ်က ယာဉ်လိုင်းတွေမှာ သွားမောင်းလို့ မရဘူး။ သူယာဉ်မောင်းကတ် ထုတ်ထားတဲ့လိုင်းမှာပဲ မောင်းရမယ်။ ကတ်ပြားတွေကို အာဏာပိုင်က ယာဉ်မောင်းကိုရော စပယ်ယာကိုပါ ထုတ်ပေးထားမှာပါ။ စည်းကမ်း လိုက်နာရပါမယ်။ မလိုက်နာရင် နောင်အခက်အခဲ ရှိသွားလိမ့်မယ်။
မေး။ ။ ယာဉ်မောင်းစပယ်ယာတွေကို ဘယ်လိုစည်းကမ်းနဲ့ ရွေးချယ်မှာလဲ။ လုပ်ခလစာနှုန်းထားကိုရော ဘယ်လို သတ်မှတ်ထားပါလဲ။
ဖြေ။ ။ လောလောဆယ် ကုမ္ပဏီ ၈ ခု ရှိတယ်။ သတ်မှတ်လစာနှုန်းက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်ကနေပြီး သတ်မှတ်တဲ့နှုန်းနဲ့ သွားမှာပါ။ တိုင်းဒေသကြီး အာဏာပိုင်အဖွဲ့ကနေ ကြေညာချက်တွေ ပေးပို့သွားမှာပါ။ လစာစံနှုန်း မသတ်မှတ်ရသေးပါဘူး။
မေး။ ။ ယာဉ်လိုင်းသစ်တွေ ရပ်မယ့်မှတ်တိုင်နေရာတွေရော သတ်မှတ်ပြီးပြီလား။ ယာဉ်စီးခကို ဘယ်လောက်နှုန်း သတ်မှတ်ထားပါလဲ။
ဖြေ။ ။ ယာဉ်စီးခနှုန်းကို ဝန်ကြီးချုပ် လမ်းညွှန်ထားတာက အနည်းဆုံး ၁၀၀ ကျပ် အများဆုံး ၃၀၀ ကျပ်ထက် မပိုသော ယာဉ်စီးခနှုန်းထား ဖြစ်ပါမယ်။ အတိအကျကိုတော့ တာဝန်ရှိသူက ကြေညာပေးမှာပါ။ မှတ်တိုင်တွေလည်း အာဏာပိုင်ကပဲ ကြေညာပါလိမ့်မယ်။ ပထမစဖွင့်ချိန်မှာ အပြောင်းအလဲတခု ဖြစ်ပေမယ့် နောက်ပိုင်းမှာ ယာဉ်မောင်း၊ စပယ်ယာတွေ လခ ရလာမယ်။ ယာဉ်ပိုင်ရှင်တွေလည်း အကျိူးအမြတ် ရလာမယ်။ ကိုယ်ရကိုယ်ယူစနစ် မဟုတ်တဲ့အတွက်ကြောင့် ပြိုင်ဆိုင်မှုကင်းပြီး ခရီးသည်ဝန်ဆောင်မှုက အဓိက ကျလာမယ်။
မေး။ ။ ယာဉ်လိုင်းတွေကို ဘယ်အချိန်ကနေ ဘယ်အချိန်အထိ ပြေးဆွဲပေးမှာလဲ။ အရင်လို စည်းက မလိုက်နာတာတို့ ရန်ဖြစ်တာတို့ရှိခဲ့ရင် ဘယ်လို အရေးယူသွားမလဲ။
ဖြေ။ ။ အဝေးယာဉ်လိုင်းတွေဆိုရင် မနက် ၄ နာရီ ဖွင့်မယ်။ ရန်ကုန်မြို့တွင်းဆို ၅ နာရီလောက် ဖွင့်ပြီး ၁၀ နာရီ နီးပါးအထိ ပြေးဆွဲဖို့ အစီအစဉ်ရှိတယ်။ အရေးယူမှုအပိုင်းမှာလည်း ကြေညာချက် ထပ်ပြီးထွက်လာမှာပါ။ ပြင်းပြင်းထန်ထန် အရေးယူသွားမှာပါ။