စီးပွားရေး

ရခိုင်ကမ်းလွန် သဘာဝ ဓာတ်ငွေ့သိုက် တွေ့ရှိမှု စိစစ် အတည်ပြုမည်

Want create site? Find Free WordPress Themes and plugins.

လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် MPRL E&P Pte Ltd တို့ ရခိုင်ကမ်းလွန်ရှိ ကမ်းလွန်လုပ်ကွက် အမှတ် A-6 တွင် တွေ့ရှိခဲ့သည့် သဘာဝ ဓာတ်ငွေ့သိုက်ကို ထပ်မံ အတည်ပြုရန် ယခုလကုန်တွင် စမ်းသပ်တွင်းများ တူးဖော်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

A – 6 နှင့် AD 7 လုပ်ကွက်များတွင် သဘာဝ ဓာတ်ငွေ့သိုက်များ တွေ့ရှိမှုကို ပိုမိုခိုင်မာစေရန် သက်ဆိုင်ရာ ကုမ္ပဏီနှင့် MOGE တို့ စမ်းသပ်တွင်းများကို ဆက်လက် တူးဖော်သွားမည် ဖြစ်ကြောင်း သိရသည်။

ယမန်နေ့က နေပြည်တော် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေး အဖွဲ့၏ သတင်းထုတ်ပြန်ချက် အခမ်းအနားအပြီးတွင် MOGE (ကမ်းလွန်) မှ ညွှန်ကြားရေးမှူး ဦးအောင်စိုးမင်းက “ပိုသေချာအောင်လို့ ကျနော်တို့က အပေါက်လေးတွေ လိ်ုက်ဖောက်မယ်။ ရာသီဥတု အခြေအနေကြောင့်လည်း နည်းနည်းပါးပါး ရွေ့သွားနိုင်တာမျိုးလည်း ရှိတယ်။ ဒီတခေါက်တူးလို့ သေချာသွားရင်တော့ တိုင်းပြည်အတွက် အလွန်အကျိုး ရှိမယ့် ကိစ္စပါ” ဟု ပြောသည်။

မြန်မာများ ဦးဆောင်သည့် ရေနံကုမ္ပဏီ တခုက ငွေကြေးနှင့် နည်းပညာ အခက်အခဲများ ကြားမှ ရခိုင်ကမ်းလွန် တောင်ဘက်ပိုင်းတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ တည်ရှိနိုင်မှုကို ရှာဖွေတွေ့ရှိခဲ့ခြင်းသည် နိုင်ငံတကာ ကုမ္ပဏီကြီးများ၏ စိတ်ဝင်စားမှုကို ရရှိခဲ့သည့် အပြင် ယခု တွေ့ရှိမှုသည် ကမ္ဘာ့အဆင့် ကြီးမားသည့် ဓာတ်ငွေ့သိုက် တွေ့ရှိမှု ဖြစ်လာနိုင်ကြောင်း MPRL E&P Pte Ltd က ၂၀၁၆ ခုနှစ် ဇန်နဝါရီလက ထုတ်ပြန်ခဲ့သည်။

ယခုတွေ့ရှိမှုကြောင့် ပါဝင် ပတ်သက်နေသည့် အဖွဲ့အစည်းများအပြင် မြေအောက် သယံဇာတများ၏ အဓိက ပိုင်ရှင်ဖြစ်သည့် မြန်မာနိုင်ငံ၊ မြန်မာ ပြည်သူပြည်သားများကို အကျိုးဖြစ်ထွန်းစေမည့် အောင်မြင်မှုဟု ယုံကြည်ကြောင်း MPRL E&P ၏ အမှုဆောင် အရာရှိချုပ် ဦးမိုးမြင့်က ပြောဆိုခဲ့သည်ဟု ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ရှာဖွေခြင်း လုပ်ငန်းများအတွက် ကုန်းတွင်းနှင့် ကမ်းနီး၊ ကမ်းဝေး လုပ်ကွက်ပေါင်း ၁၀၄ ခု ရှိရာ ကုန်းတွင်းပိုင်းတွင် နိုင်ငံတကာ ရေနံ ကုမ္ပဏီ ၁၇ ခုမှ လုပ်ကွက် ၂၆ ခုတွင် လည်းကောင်း၊ ကမ်းလွန်ပိုင်းတွင် နိုင်ငံတကာ ရေနံကုမ္ပဏီ ၁၉ ခုမှ ကမ်းလွန်လုပ်ကွက် ၃၇ ခုတွင် လည်းကောင်း MOGE နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

“ကုမ္ပဏီတွေရဲ့ ရှာဖွေရေးတွင်းတွေ တူးဖော်မှုအနေနဲ့ ၂၀၁၅ မှာ ၁၅ တွင်း၊ ၂၀၁၆ မှာ ၃၆ တွင်းနဲ့ ဒီနှစ်မှာတော့ ၃၇ တွင်းလောက် တူးဖို့ မှန်းထားပါတယ်။ ဒီနှစ် တူးမယ့် အထဲမှာ စောစောက ပြောခဲ့တဲ့ ဓာတ်ငွေ့သိုက်ကို ထပ်ရှာမယ့် တွင်းတွေလည်း ပါပါတယ်” ဟု ရေနံနှင့် သဘာဝ ဓာတ်ငွေဌာန (ကမ်းလွန်) ညွှန်မှူး ဦးအောင်စိုးမင်းက ပြောသည်။

ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ရှာဖွေရာတွင် လုပ်ကွက်အတွင်း Regional Geological Map နှင့် ဘူမိဗေဒဆိုင်ရာ လေ့လာမှု ပြုလုပ်ထားသော အချက်များကို အခြေခံ၍ ရေနံနှင့် သဘာဝဓာတ်ငွေ့ ခိုအောင်းနိုင်သော ဘူမိဗေဒ အနေအထားများကို ခန့်မှန်း ဖော်ထုတ်ခြင်း၊ ယင်း ခန့်မှန်းချက်များကို သေချာစေရန် Seismic တိုင်းတာခြင်း၊ တိုင်းတာ ရရှိသည့် Seismic Data များကို သေချာစွာ ပုံဖော်၍ ရှာဖွေရေးတွင်း၊ အကဲဖြတ်တွင်းများ တူးဖော်ရကြောင်း သိရသည်။

“အဲဒီလို တွင်းတူး အချက်အလက်တွေကို အခြေခံပြီးတော့ စီးပွားဖြစ် လေ့လာ ထုတ်လုပ်နိုင်မှု ရှိ၊မရှိ လေ့လာ ဆန်းစစ်ရပါတယ်။ ပြီးမှ ဖွံ့ဖြိုးရေးတွင်းတွေ တူး၊ တည်ဆောက်ရေး လုပ်ငန်းတွေ လုပ်ပြီးတော့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်ရတာပါ” ဟု MOGE မှ အဆင်မြင့် အရာရှိတဦးက ပြောသည်။

ရေနံတူးဖော်သည့် ကုမ္ပဏီများ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် ဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၂ ခုနှစ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေနှင့် အညီ လိုက်နာဆောင်ရွက်စေရန် MOGE နှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်နေသော နိုင်ငံတကာ ကုမ္ပဏီများ အားလုံးသို့ ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်းလည်း သိရသည်။

“ကျနော်တို့ဘက်ကလည်း EIA ၊ IEE တွေ စစ်ဖို့ ပြည်ပ နော်ဝေနိုင်ငံက ပညာရှင် အဖွဲ့တခုကို ငှားထားပါတယ်။ ပြည်တွင်းကလည်း ပုဂ္ဂလိက ပညာရှင်တဖွဲ့ကို ငှားထားပါတယ်။ ကုမ္ပဏီတွေဘက်ကလည်း သီးသန့်အဖွဲ့တွေ ငှားစစ်ပြီး ကျနော်တို့ဆီကို ပုံမှန် Report တင်ပြရပါတယ်။ ကျနော်တို့ဆီမှာ ရေနံစတူးတဲ့ ၁၉၇၂ ခုနှစ်ကစလို့ ဒီနေ့အချိန်အထိ ပင်လယ်ပြင်မှာ သဘာဝ ပတ်ဝန်းကျင်ကို ဆိုးဆိုးဝါးဝါး ထိခိုက်အောင် ဆောင်ရွက်ခဲ့တာ တခုမှ မရှိသေးပါဘူး” ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတဦးက ပြောဆိုခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading