မြန်မာနိုင်ငံက စတုတ္ထမြောက်နှင့် နောက်ဆုံးတယ်လီဖုန်း လုပ်ငန်းလိုင်စင်ကို ဗီယက်နမ်စစ်တပ်ပိုင် ဗီယက်တဲလ်(Viettel) နှင့် ပြည်တွင်းနည်းပညာကုမ္ပဏီများ ဖက်စပ်တည်ထောင်ထားသည့် အုပ်စုတခုသို့ ချထားပေးခဲ့သည်။
ဖက်စပ်ကုမ္ပဏီ၏ အမည်မှာ Myanmar National Tele & Communications ဖြစ်ပြီး၊ အဆိုပါ ကုမ္ပဏီအုပ်စုသို့ ၁၅ နှစ် သက်တမ်းရှိ လိုင်စင်ချထားပေးလိုက်ခြင်းက အလျင်အမြန်ဖွံ့ဖြိုးလာနေ သည့် ဈေးကွက်တွင် ယှဉ်ပြိုင်မှုများ ပိုမိုမြင့်တက် လာရန် သေချာသည့် ဆောင်ရွက်မှုဖြစ်ကြောင်း ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။
အဆိုပါ ကုမ္ပဏီအုပ်စုသည် တနိုင်ငံလုံးအတိုင်းအတာဖြင့် ဝန်ဆောင်မှုပေးရန် လက်ရှိ တယ်လီဖုန်း ကုမ္ပဏီများ ဖြစ်သည့် Telenor Myanmar၊ Ooredoo Myanmar နှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT)နှင့် ဂျပန်မှ KDDI တို့ ပူးပေါင်း ထား သည့် ဖက်စပ်ကုမ္ပဏီ တို့နှင့် ရင်ဆိုင် ယှဉ်ပြိုင်ရတော့မည် ဖြစ်သည်။
Viettel ကုမ္ပဏီကို ဆက်သွယ်ရေးကုမ္ပဏီ အုပ်စု အသစ်၏ နိုင်ငံခြား စီးပွားဖက် အဖြစ် ပြီးခဲ့သည့်နှစ် မတ်လတွင် ရွေးချယ်ခဲ့ခြင်း ဖြစ်သော်လည်း လိုင်စင်ကို ယခု ကျမှသာ ချထားပေးခြင်း ဖြစ်သည်။
ကုမ္ပဏီအုပ်စု၏ သဘောတူညီချက်များ အရ Viettel က အစုရှယ်ယာ ၄၉ ရာခိုင်နှုန်း၊ ပြည်တွင်းကုမ္ပဏီများ ဖြစ်သည့် Myanmar National Telecom Holding Public နှင့် Star High Public Company တို့က အစုရှယ် ယာ ၂၃ ရာခိုင်နှုန်း နှင့် ၂၈ ရာခိုင်နှုန်းစီ အသီးသီး ပိုင်ဆိုင်ကြမည် ဖြစ်သည်။ Viettel ကုမ္ပဏီက မြန်မာနိုင်ငံ၏ တယ်လီဖုန်း ဆက်သွယ်ရေး ကဏ္ဍတွင် အမေရိကန် ဒေါ်လာ ၁.၅ ဘီလီယံ ခန့် ရင်းနှီးမြှုပ်နှံမည် ဟု ကတိပြုထားသည်။
အဆိုပါ ဆက်သွယ်ရေး အော်ပရေတာကုမ္ပဏီသစ်က “မြို့နယ်များ၊ ကျေးလက်တောင်ပေါ်မြို့များတွင် တယ်လီဖုန်း ဆက်သွယ်မှု များ အဆင့်မြင့်လာစေရန် ကူညီမည် ဖြစ်ကြောင်း နှင့် ကျေးလက်ဒေသမှ ပြည်သူများ အတွက် လိုအပ်သည့် သယ်ယူပို့ ဆောင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးကဏ္ဍများတိုးတက်လာရေး တွင် ပါဝင်ဆောင်ရွက်မည် ဖြစ်ကြောင်း” မြန်မာနိုင်ငံမှ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး ဦးသန့်စင်မောင် က ပြောကြားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။